Thursday, 24 July 2014

ဦးဆန်းဆင့် အတော်ပိန်ကျသွားတယ် … စိတ်မကောင်းဘူး ….


ဦးဆန်းဆင့် အတော်ပိန်ကျသွားတယ် …
စိတ်မကောင်းဘူး ….

တစ်လက်စတည်း …
ကိုယ့်တပ်မှူးကို လဲ သွား သတိရမိတယ် ….
တပ်မှူး နေ မှ ကောင်းရဲ့ လား ….

တပ်မှူးက စိတ်တော့ မာပါတယ် …
နေကောင်းမှာပါ ….
အင်မတန် တော်တဲ့ သူကြီး ….
ဆယ်နှစ်တောင် ရှိနေခဲ့ပြီ ....

OTS ၅၁ ဆင်း ….
၈၈ တုန်းက ကကလှမ်း G3 …
ပြီးတော့ ၁၉ တပ်မှူး …
နောက် ၁၂ တပ်မှူး ….
ပြီးတော့ ကကလှမ်း G1 …
အဲဒါပြီးမှ အခု နေရာကို ရောက်သည်ပေါ့ …

တပ်မှူး က ဟိတ်ဟန်မရှိ …
အဆောင်အယောင်တွေ မကြိုက် …
ကိုယ်တွေ တပ်ကို စသတင်းပို့ တဲ့ နေ့ ကို …
မှတ်မိနေသေးသည် …

တပ်ရေးဗိုလ်ကြီးက …
ခဏထိုင်စောင့်ဆိုလို့  ထိုင်စောင့်ရင်း …
သူ့ ရုံးခန်းရှေ့ ကို မျက်စိရောက်သွားသည် …
ရာဘာဖိနပ် ခပ်စုတ်စုတ်တစ်ရံ …
တော်တော်စုတ်သည် …
နောက်မြီးကအတော်ပါးနေပြီ….
ကိုယ်တွေ ရေချိုးစီးဖိနပ်ကမှ ….
သူ့ ထက် သားနားသေးတယ် လို့ ဆိုရမည် …

စိတ်ထဲ တပ်မှူးအခန်းထဲ ….
မီးပြင်တဲ့ အလုပ်သမားများ ရောက်နေသလား …????
မဟုတ်ပါ ….
ခဏနေမှ ကိုယ့်ဆရာက ထွက်လာသည် …
TOYO ဘက်ထ္ထရီ က ဘက်ထ္ထရီဝယ်ရင်ပေးတဲ့  …
တီရှပ် အဖြူ ခပ်ရိရိ …
ချည်ကြမ်း အကွက်ကြဲ ပုဆိုးကို ပြီးစလွယ် ၀တ် …
ပါဝါ မျက်မှန်ကြီးနဲ့ ….
ပြီးတော့ …ခုနက ရာဘာဖိနပ်အစုတ်ကို စွပ်ပြီး …
သူ့ ရုံးရှေ့ က မြက်ခင်းနား သွားရပ်ပြီး …
ဟိုကြည့် ဒီကြည့် လုပ်နေသည်…
ဒါက ကိုယ်နဲ့ တပ်မှူးနဲ့  ပထမဆုံး စတွေ့ ရတဲ့ နေ့  …
စဥ့်ကိုင်သား …
အညာသားစစ်စစ်ကြီး ကိုယ့်ဆရာပေါ့ ….

တကယ်တန်းပြောရရင် …
ကိုယ်က ခြေလျင်တပ် တောင် …
ခပ်စုတ်စုတ် အစွန်အဖျားတပ်က လာတာဖြစ်သည် …
ရောက်လာတော့ ရန်ကုန်မြို့ က ….
ထောက်လှမ်းရေး တပ်ကြီး…

အရာအားလုံး မျက်စိသူငယ် နားသူငယ် …
ပထမ တစ်လလောက်မှာ …
မသိတာတွေများလွန်းလို့  ….
စကားတောင် အရမ်းမပြောရဲ …

တပ်ကို ရောက်ရောက်ချင်း …
Special Equiment ဌာနမှာ ….
ဌာနစုမှူး စတာဝန်ကျသည်…
ထောက်လှမ်းရေးသုံး သိပ္ပံပစ္စည်းတွေ ကိုင်တွယ်တဲ့ ဌာန …

ဌာနမှာ က တပ်ဖွဲ့ ဝင် ၇၀ လောက်ရှိသည် …
ဌာနအရာခံဗိုလ်က ….
အရာခံဗိုလ် ဆရာကြီး လွင်ကြည် …
နောက်ပိုင်း ကော်မရှင်ရသွားပြီး ….
အဲဌာနမှာပဲ ဗိုလ်ကြီး လွင်ကြည် ပြန် ဖြစ်သည်…

အရမ်းတော်သည် …
အင်္ဂလန်ကနေ အင်လက်ထရစ်ကယ် အင်ဂျင်နီယာဘွဲ့ ရထားသည် …
အခု လက်ရှိတပ်မတော်မှာ သုံးနေတဲ့  …
Bomb Jammer တွေ ရဲ့ ဖခင်ကြီး လို့ များ ခေါ်လို့ ရမလား….????

ပထမဆုံး Bomb Jammer စက်ကို …
ကျွန်တော်တို့ တပ်အတွက် …
တပ်မတော်က အင်္ဂလန်ကနေ လှမ်း မှာပေးသည် …
ငွေက ကာကွယ်ရေး ဘက်ဂျက်က ချပေးခြင်း …
ပေါင် ၅၀၀၀၀ လောက် ကျမည် ထင်သည် …
ဟိုက ပို့ လိုက်တာ ဒီရောက်လို့ ဖွင့်ကြည့်တော့ …
စက်က သေချာ အလုပ်မလုပ် ….
နည်းနည်း ကြောင်နေသည် …

အဲဒါနဲ့  ကုမ္ပဏီကို ကွန်ပလိန်း လှမ်း လုပ်သည်…
ကိုယ်တွေထင်တာ ….
ပြင်ဖို့ အင်ဂျင်နီယာလွှတ်လိုက်မယ်ပေါ့ ….

လုံးဝ မဟုတ်ပါ ….
ကိုယ့်ဆရာများက အသစ်တစ်လုံး ထပ် ပို့ လိုက်သည် …
အပျက်ကိုလဲ ပြန်မယူ ….
စိတ်ထဲတော့ ထူးဆန်းမိသည် …
ဘာလို့  အပျက် ပြန်မယူလဲပေါ့ ….
ဒါပေမယ့် အဲဒါက …
ဆရာကြီး လွင်ကြည်တို့ အကြိုက် …

ဆရာကြီး လွင်ကြည်က …
အဲဒီ စက်အပျက်ကို ဖွင့်ကြည့်သည် …
လားလား ….
အထဲမှာက ဆားကစ်အားလုံးကို …
ချိပ်အရည် လောင်းထားသည် …
ဘာမှ မမြင်ရ …
ချိပ်ပြင်ကြီးပဲ မည်းနက်လို့ နေသည် ….
ခွာဖို့ လဲ အတော်ခက်သည် …
ချိပ်အပြင် ကော်တစ်မျိုးပါ ရောထားသည်ဟု ထင်ရသည် ….
မလွယ် ….
ဒါကြောင့် ကိုယ်တော်တွေက ….
စက်အပျက်ကို ပြန်မယူတာကိုး …..

အဲဒါနဲ့  ကျွန်တော်တို့  စိတ်ရှည်လက်ရှည် ….
အဲဒီ ချိပ်ပြင်ကြီးကို ခွာကြသည် ….
ချိပ်ခွာတာတင် နှစ်လလောက်ကြာမည် ထင်သည် …
ကိုယ်တွေ ထင်သည် …
ရှေးဟောင်း သုတေသနသမားတွေတောင် …
ကိုယ်တွေလောက် စိတ်ရှည်နိုင်ပါ့မလား …

အဲ …ချိပ်တွေကွာသွားတော့ …
ဆားကစ်တွေ ထွက်လာသည် …
ဆရာကြီး လွင်ကြည်က …
စက်ကို ပြန်ပြင်ကြည့်သည် …
စက်က ကောင်းသွားသည် ….
ဘယ် ဒါနဲ့ ကျေနပ်လိမ့်မလဲ …
ကိုယ့်ဆရာက စက်ကိုကြည့်ပြီး …
ဆားကစ် ဒိုင်ယာဂရမ် ပြန်ဆွဲကြည့်တော့သည် …

ဒိုင်ယာဂရမ်လဲ ရရော …
ဆရာကြီး လွင်ကြည်က …
ဆက်သွယ်ရေး အလုပ်ရုံတပ်နဲ့ ပေါင်းပြီး …
စက်အသစ်တစ်ခု …
ကိုယ့်ဖာသာ စမ်းသပ် တည်ဆောက်ကြည့်သည် …

ပထမ မအောင်မြင် …
ထပ်လုပ်တယ် ….မရ …
နောက်ထပ် ထပ်လုပ် … ထပ် မရ ….
နောက်ဆုံး ၆လလောက်ကြာတော့ ရသွားသည် …
ဒါပေမယ့် ပုံမကျသေး …
Range နည်းနေသေးသည် …
သို့ ဖြင့် ထပ်စမ်းသပ်ကြ ပြန်ပါလေရော ….…
နောက်ဆုံးတော့ …
ဆရာကြီးလွင်ကြည် လုံးဝ အောင်မြင်သွားပါပြီ ..…

အဲစက်ကို လက်တွေ့ စမ်းတော့ ….
ကိုယ်တွေလဲပါသည် …
ထောက်ကြံ့ ဘက်မှာ စမ်းသည် …
ပွိုင့်ကားသုံးစီးကို အလယ်ကားမှာ စက်ဖွင့်ပြီး …
ကီလို ၁၀၀ လောက်နဲ့  မောင်းလာခိုင်းသည် …
ကိုယ်တွေက ရီမုတ်ကွန်ထရိုးကား အသေးလေးနဲ့  ….
အဲ ယာဉ်တန်းကို ၀င်တိုက်ရမည့် တာဝန် ….

ယာဉ်တန်းက အရှိန်မြှင့် မောင်းလာသည် …
တဖြည်းဖြည်း နီးလာပြီ …
အားလုံးလဲ ရင်တထိတ်ထိတ် ….
အသက်တောင် ရဲရဲ မရူရဲ ….
ကျောက်ရုပ်လို တောင့်တောင့်ကြီး …
မျက်တောင်မခတ်တန်း ကြည့်နေမိကြသည် …

မရပါ ခင်ဗျား…
ကိုက်၁၀၀ လောက် အကွာမှာတင် …
ယာဉ်တန်းပေါ်က စက်က ….
ရေဒီယိုလှိုင်းအားလုံးကို လှမ်း Jamming လုပ်ထားလို့  …
ကိုယ့် ရီမုတ်ကားက ဘာအလုပ်မှ မလုပ်တော့ …

ကျွန်တော်တို့ အားလုံး ဟေးကနဲ ထအော်ကြသည် …
အပျော်ဆုံးက ဆရာကြီးလွင်ကြည် ….
သူ့ မျက်နှာဟာ ၀င်းပရွန်းလဲ့ နေသည် …
မှိုရတဲ့  မျက်နှာဆိုတာ ဒါမျိုးများလား ….?????
ထီပေါက်ရင်တောင် သူ ဒီထက်ပျော်နိုင်ပါ့မလား…. ????

အဲဒီကစလို့  နောက်ပိုင်း …
တပ်မတော်မှာ …
ပြည်တွင်းဖြစ် Bomb Jammer စက်တွေ …
အများကြီး ထုတ်နိုင်သွားသည် …
ယခု တိုင်းမှူးယာဉ်တန်းလောက်မှာတောင် ပါနေသော…
Bomb Jammer စက်များသည် …
တစ်ချိန် က တပ်မတော် တစ်ခုလုံးတွင်….
တစ်လုံးသာ ရှိခဲ့ဘူးသည် …..

အဲဒီလိုနဲ့  …
ဌာနမှာ တစ်လလောက်ကြာတဲ့ အချိန် …
ဌာနမှူးက တစ်ရက်ခေါ်သည် …
ရဲမိုး …. မင်း ဒီပွဲ သွားတက်တဲ့  …
ဖိတ်စာကြည့်တော့ …
Sharp ကုမ္ပဏီ က လုပ်သည့် …
သူ့ ပစ္စည်းတွေ ကြော်ငြာတဲ့ ပွဲ …
ကိုယ်တွေက ….
အီလက်ထရစ် ပစ္စည်းတွေနဲ့ ဆိုင်တဲ့ ဌာနဆိုတော့ …
ကိုယ့်ဆီ ရောက်လာတာ ဖြစ်သည် ….
နေရာက Traders ဟိုတယ် …
အင်းပေါ့လေ ..စစ်သားပဲ ….
သွားဆိုတော့လဲ သွားပေါ့ ….

ပြသနာက …
ဟိုတယ်ထဲ ၀င်တာနဲ့  စသည် …
ကိုယ့်မှာ အကျီ င်္ကောင်းကောင်းလဲ သိပ်မရှိ …
ရှိတဲ့ လည်ကတုံး အဖြူ …
တိုက်ပုံ ဈေးချုပ် အပြာရောင် အနွမ်းလေးနဲ့ သာ …

ထောက်လှမ်းရေးရောက်တာ တစ်လပဲ ရှိသေးသမို့ …
ကိုယ့်ပုံက ခြေလျင် စစ်သားပုံ တစ်စက်မှ မပျောက် …
မည်းမည်း ပိန်ပိန် ရှည်ရှည် …
အသားအရည် မွဲခြောက်ခြောက်နဲ့  …
ဆံပင်ကလဲ တော်တော်တိုသည် ….

အခမ်းအနားလာကြတဲ့  လူတွေအားလုံးထဲမှာ …
ကိုယ့်ပုံ က ထင်းထင်းကြီး ….
ကြည့်လိုက်တာနဲ့  ….
ကျွန်တော် စစ်သားပါ …
ကျွန်တော် စစ်သားပါလို့  ….
အော်ပြောနေသလိုတောင် ထင်ရသည် …

ပထမဆုံး စခံစားမိသော Feeling က …
ခွီး … ငါ ခြေလျင်ပြန်ချင်လိုက်တာ …
ငါ့ ရဲဘော်တွေနဲ့  ပေတေတေ နေရတာမှ ဟုတ်တုတ်တုတ် …
ဆိုတဲ့  ခံစားမှု ဖြစ်သည် …
နောက်ပိုင်းတော့လဲ …
ပွဲတွေများလာတော့ ဒီလိုပဲ အသားကျသွားပါသည် …
ရန်ကုန်ပုံလဲ တဖြည်းဖြည်းပေါက်သွားတာကိုး

အဲဒီ ဌာနမှာ နေရတာသည် ….
အမြင်တော့ အတော်ကျယ်သည် …
ကိုယ်မသိတာတွေ အများကြီး သိရသည် …
တစ်ချို့ စက်ခန်းတွေက …
ကိုယ့် တစ်တပ်ထဲချင်း ကို ….
တစ်ခြားဌာနက လူကိုတောင် ပေးမ၀င် …

အသံလွှင့် / ဖမ်းစက်တွေက ၂၄ နာရီလုံး ….
အဆိုင်းလိုက် အလုပ်လုပ်နေကြသည် …
အမေရိကန် NSA လိုတော့ မချမ်းသာ…
ပစ္စည်းတွေ မစုံ …..
ဂြိုလ်တုတွေလဲ မရှိ ….
သို့ ပေသည့် ကျွန်တော်တို့ အားလုံး …
ကိုယ့် ရှိတာလေးများနှင့် …
ဖြစ်အောင်ရအောင် ကြံဖန်ပြီး …
အစွမ်းကုန် ကြိုးစားအလုပ်လုပ်ခဲ့ကြ ဖူးသည် ..…

စကားမစပ် ပြောရရင် …
ဒီဌာနလေး က ပဲ ….
တာဝန်ကျ တပ်ကြပ်ကြီးတစ်ယောက် …
၁.၁၀.၉၉ ရက်နေ့  နေ့ လည် ၁၁နာရီလောက်မှာ …
ဌာနမှူးကို ပြေးသတင်းပို့ ခဲ့ဖူးသည်…

ဗိုလ်မှူး …ဗိုလ်မှူး …
လာနားထောင်ပါအုန်း …
တစ်ခုခု ဖြစ်နေပြီ ….
သူတို့ သံရုံးထဲ ၀င်ဖို့ လုပ်နေပြီ …
သူ တို့ စက်ပြောနေတာတွေ ….
ကျွန်တော့်  အင်တာစက်မှာ လာမိနေတယ် …

ဘယ်သတင်းဌာနကမှ မကြေငြာသေး …
မြန်မာပြည်က ဘယ်သူမှလဲ မသိကြသေးတဲ့ အချိန်ပါ ….
ကကလှမ်းကို ချက်ချင်း သတင်းပို့  …
ကကလှမ်းက နိုင်ငံခြားရေးကို လှမ်းမေး …
နိုင်ငံခြားရေးက လုံးဝ မသိ ….
ချက်ချင်း Confirm လုပ်ပါ ….
မြန်မာသံရုံးကို ချက်ချင်း သတိပေးပါ …..

ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြသည် ….
မိနစ် ၂၀ လောက်ကြာတော့မှ Confirm လုပ်နိုင်သည် …
နောက်ကျသွားပါပြီ ….
ဟုတ်ပါသည် ….
ဘန်ကောက်မှာရှိတဲ့  …
မြန်မာသံရုံး အပိုင်စီးခံလိုက်ရပါပြီ ….

ဘယ်လိုပဲ ဖြစ်ဖြစ် ….
ကျွန်တော်တို့ ရှိတာလေးနဲ့ တော့ …
တိုင်းပြည်ကို ကာကွယ်ဖို့  …
အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ကြဖူးသည် ….

( ရဲမိုး )
From: Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...