Thursday, 17 July 2014

(ကြည်း၊ ရေ၊ လေ)အင်အားမချို့ပါတဲ့ ငါတို့ရဲ့မြန်မာပြည်


မြန်မာနိုင်ငံတော်ကနေ ပညာသင်အဖြစ် ဆိုဗီယက်မှာ ငါးနှစ်တာသွားပြီးနေရစဉ်က အကြောင်းကလေးတွေကို ပြန်လည်တင်ပြလိုပါတယ်။
မြန်မာစကားမှာ နီးတကျက်ကျက် ဝေးတသက်သက်ဆိုတဲ့ စကားရှိပါတယ်။ နီးနီးစပ်စပ်နေကြ ရတဲ့ကာလမှာ ချစ်ခင်ခြင်းကို ကောင်းစွာ သတိမထားမိပေမယ့် အနေမနီးတော့တဲ့ကာလမှာမှ တသက်သက် ဆွေးတတ်လွမ်းတတ်ကြတဲ့ လူ့သဘာဝကို ဖော်ကျူးတဲ့စကားဖြစ်ပါတယ်။
ဆိုဗီယက်မှာ နေကြရတဲ့ကာလတုန်းက အလုပ်များတာကြောင့် အိမ်ကိုလွမ်းပေမယ့် ဆွေးဖို့အ ချိန်မရခဲ့ပါဘူး။ အများနဲ့အတူနေတဲ့အခါမှာ ရုရှားစကားသွက်လက်ချက်ချာစွာ ပြောတတ်အောင် အချင်းချင်းစကားပြောကြဖို့ ဆရာမတွေ ဆရာတွေက တိုက်တွန်းပါတယ်။ ပြောချင်တဲ့ဘာသာရပ်ကို စိတ်ကြိုက်ရွေးချယ်ပြီး ပြောခိုင်းပါတယ်။

စိတ်ကြိုက်ရွေးချယ်လိုက်ကြတာကတော့ “ ဒို့နိုင်ငံ ” ဆိုတဲ့အမည်ဖြစ်ပါတယ်။ ကျွန်မတို့အုပ်စု ထဲမှာ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့သူများလည်းပါပါတယ်။ ကျောင်းသားကျောင်းသူတိုင်း မိမိနိုင်ငံ အကြောင်းကို ကြိုက်တဲ့ရှုထောင့်ကနေပြီး ချဉ်းကပ်ပြောဆိုနိုင်ကြသလို တစ်ဦးနဲ့တစ်ဦး အပြန် အလှန်မေးခွန်းများလည်း မေးနိုင်ကြပါတယ်။ အဲသည်အချိန်က ကျောင်းသားအချင်းချင်း ပြောဆိုတဲ့စကားက ရုရှားစကားဖြစ်ပါတယ်။ စကားဝငိးမှာတော့ လူမျိုးစုံပါဝင်ပါတယ်။
ကျွန်မက စကားများများပြောတတ်တော့ သူများတွေကို စကားပြောဖို့ အခွင့်အရေးကို အရင်ပေးလိုက်ပါတယ်။
ပထမဦးဆုံးစကားပြောတဲ့သူကတော့ ဘူရွန်ဒီနိုင်ငံက အသားမည်းပေမယ့် အလွန်ပျော့ပျောင်း ချိုသာတဲ့ဘွဲ့ကြိုကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
သူက ကျွန်တော်ဖြင့်ဗျာ ပြောသာပြောရမယ်၊ အားကသိပ်မရှိဘူး။ အပြောကျယ်တဲ့ ကျွန်တော် တို့ရဲ့အာဖရိကတိုက်ကြီး အလယ်ပိုင်းလောက်မှာနေပြီး အာဖရိကတိုက်ကြီးကို သရောလှောင်ပြောင် နေသလိုဖြစ်နေတာက ဘူရွန်ဒီဆိုတဲ့ ကျွန်တော့်မွေးရပ်မြေဖြစ်ပါတယ်ခင်ဗျာ။ အာဖရိကတိုက်ကြီးနဲ့ ယှဉ်လိုက်ရင် ဘူရွန်ဒီဟာ အစက်ကလေးတစ်စက်လောက်သာရှိပါတယ်။ ဘူရွန်ဒီကို အုပ်ချုပ်သူက မင်းသားတစ်ပါးဖြစ်ပါတယ်ခင်ဗျာ။ အဲသည်မင်းသားက ကျွန်တော်မဟုတ်ဘူးဆိုတာကိုတော့ ထည့် ပြောစရာမလိုပေမယ့် ရုရှားစကားနှုတ်ရည်သွေးတဲ့အနေနဲ့ ပြောဖြစ်အောင် ပြောလိုက်ပါရစေလို့ ပြောရင်း နိဂုံးချုပ်ပါတယ်။ အဲသည်ကျောင်းသားလေး စကားအဆုံးသတ်တဲ့နေရာမှာ အားလုံးကလက် ခုပ်တီးပြီး သြဘာပေးကြပါတယ်။

တစ်ယောက်ချင်းပြောသွားပြီးတဲ့အခါမှာ ကျွန်မအလှည့်ကိုရောက်ပါတယ်။ ကျွန်မက မြန်မာ ပြည်ကထွက်ကတည်းက မြန်မာမြေပုံနဲ့ ပုဂံကမြတ်စွာဘုရားများရဲ့ပုံကို အသင့်ယူသွားပြီးသား ဆိုတော့ ပုံတွေလည်းပြပါတယ်။ အဲသည်လို ပုဂံက မြတ်စွာဘုရားများရဲ့ပုံကို ပြသတဲ့အခါ ခေါင်းတွေအငြိမ်မနေနိုင်အောင် ဟိုဘက်ကစောင်းကြည့် သည်ဘက်ကစောင်းကြည့်နဲ့ နေခဲ့ကြတဲ့ သူငယ်ချင်းတွေထဲက ငုယင်တုယက်မင်းဆိုတဲ့ ဗီယက်နမ်မကလေးက နင်တို့ဆီမှာတော့ ရှေးဟောင်း အမွေအနှစ်တွေ ကျန်သေးတာပေါ့။ ငါတို့မှာတော့ စစ်ဘေးစစ်ဒဏ်ကြောင့် မကျန်သလောက် ဖြစ်နေပါပြီဟယ်လို့ ပြောရှာပါတယ်။ ကျွန်မတို့အားလုံး စိတ်ထဲမကောင်းပါဘူး။ အဲသည်အချိန် အသက်(၂၀)ကျော်ကျော်ဆိုတော့ ကလေးစိတ်တွေကလည်း မပျောက်တတ်သေးပါဘူး။ ပတ်ဝန်းကျင်က စာသင်နေတဲ့ပတ်ဝန်းကျင်ဆိုတော့ စိတ်တွေကလည်းစာထဲမှာ ကျက်စားနေကြ တာကိုး။ အဲသည်တော့ တစ်ယောက်ကစစ်ကြီးပြီး ငုယင်တုယက်မင်းတို့နိုင်ငံမှာ ရှေးဟောင်း အဆောက်အဦများ ပြန်လည်တည်ဆောက်ပေးရင် ဒို့လည်းပါမယ်လို့ ကြွေးကြော်လိုက်ပါ တယ်။ စာရေးသူကလည်း အေး ဒို့လည်းပါမယ်လို့ဝင်ပြီးကြွေးကြော်ခဲ့ပါတယ်။

ကျွန်မက မြန်မာနိုင်ငံဟာ သဘာဝလောကကြီးရဲ့ မျက်နှာသာပေးမှုကို ခံယူရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တစ်ဖက်တစ်ချက်မှာ ကျောက်သား တောင်တန်းကြီးများက ကာရံပေးထားပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို အလျားလိုက်ဖြတ်ပြီးစီးတဲ့ မြစ်ကြီးတစ်စင်းလည်းရှိပါတယ်။ အဲသည်မြစ်ကြီးကို ဧရာဝတီမြစ်လို့ ခေါ်ပါတယ်။ ဧရာဝတီမြစ်ထဲစီး ၀င်တဲ့ မြစ်လက်တက်များက ဘယ်မှာဖြစ်ဖျားခံသလဲသိလား။ ငါတို့ဆွေမျိုးတွေဖြစ်တဲ့ ကချင်လူမျိုးများ နေထိုင်တဲ့ ကချင်ပြည်နယ်မှာပေါ့လို့ ကျွန်မကပြောပါတယ်။

အဲသည်နောက်တော့ ရေ မြေသဘာဝကောင်းမွန်တဲ့အတွက် စားရေးအတွက်ရော၊ ၀တ်ရေးအ တွက်ပါ လိုအပ်တဲ့ကုန်ကြမ်းများလည်းရရှိပါတယ်။ ငါတို့ပြည်ဟာ ကိုယ်တိုင်ထုတ်လုပ် ကိုယ်တိုင် ရက်လုပ်ပြီး စားသောက် ၀တ်ဆင်နေထိုင်နိုင်ပါတယ် စသည်ဖြင့်ပဏာမမိတ်ဆက်စကားကို ပြောပါတယ်။ တိုင်းတစ်ပါးမှာ စာသင်တဲ့နည်းတွေထဲက ကြိုက်နှစ်သက်တာကတော့ လွတ်လွတ်လပ် လပ်ပြောဆိုဆွေးနွေးခွင့်ရှိတာဖြစ်ပါတယ်။
ကျွန်မပြောတာကို နားထောင်ပြီးတာနဲ့ ဆွေးနွေးပွဲက ပြီးသွားတာမဟုတ်ပါဘူး။ ဆရာမ ကလည်း ကြီးကြပ်ပြီးထိုင်နေတာ မဟုတ်ပါဘူး။ အဲသည့်ကြားထဲကပဲ ဆွေးနွေးပွဲဟာ တက်တက် ကြွကြွဆက်ပြီးသွားနေတာပါပဲ။ ကျွန်မက မြန်မာပြည်မှာကတည်းက တိုင်းရင်းဖြစ်ကို ၀တ်ဆင်လေ့ ရှိပါတယ်။ အထူးသဖြင့်တိုင်းတစ်ပါးမှာ ကိုယ့်ဝတ်စုံကို ကိုယ်ဝတ်တာဟာ ဂုဏ်ပိုပြီးတက် တယ်ဆိုတာ ကိုယ်တွေ့ဖြစ်ခဲ့ပါတယ်။

တစ်ခုတော့ရှိတာပေါ့လေ။ နိုင်ငံရပ်ခြားကိုသွားတဲ့နည်းနဲ့ တိုင်း တစ်ပါးမှာ လုပ်ကိုင်တဲ့အလုပ်ကလည်း ဂုဏ်ရှိစေနိုင်တဲ့ အလုပ်ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ကျောင်းသား ကျောင်းသူအုပ်စုထဲက အများစုက ကျွန်မမြန်မာဝတ်ထဘီများကို လုံလုံခြုံခြုံဝတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သဘောကျကြောင်း၊ လှပကြောင်းကို အများက ပြောကြပါတယ်။
ပြန်ပြောလို့ဖြင့်မဆုံးနိုင်တယ်ဆိုတဲ့ ဇာတ်ကြောင်းကြီးကို ကြုံတဲ့အခါမှ ဆက်ပါဦးမယ်။ ကျွန်မ တို့တစ်ယောက်နဲ့တစ်ယောက် မေးကြတဲ့မေးခွန်းထဲမှာရေပြင်နယ်နိမိတ်ဆိုတာ ပါလာပါတယ်။ ကျွန်မ ကတော့ ငါတို့ရေပြင်နယ်နိမိတ်က သာမန်လောက်သာရှိတာမဟုတ်ဘူး။ အရှည်ကြီးရှိတယ်ဆိုပြီး မြေပုံမှာ ထောက်ပြပြန်ပါတယ်။ အဲသည်တော့ ဘူရွန်ဒီကျောင်းသားကို ဂျာမန်ကျောင်းသား တစ်ယောက်က သတိရသွားပါတယ်။ ဟေ့သူငယ်ချင်း၊ မင်းတို့နိုင်ငံက သိပ်သေးတော့ ရေပြင်နယ်နိမိတ်ရှိမှာ မဟုတ်ဘူးနော်လို့ မေးမေးပြောပြောလုပ်လိုက်ပါတယ်။
အဲသည်အချိန်မှာ ဘူရွန်ဒီနိုင်ငံသားဒက်ဒ၀ပ်က စကားပြန်ပြောချင်ဇောနဲ့ တံတွေးသီးမတတ် ဖြစ်ပြီး ရှိတယ်၊ရှိတယ်။ ငါတို့ရဲ့ကပ်လျက်မှာ ဗစ်တိုးရီးယား ရေကန်ကြီးရှိတယ်လေ၊ အဲသည်တော့ ငါတို့မှာ ရေပြင်နယ်နိမိတ်ရှိတာပေါ့လို့ ပြောပါတယ်။ ကျွန်မတို့အားလုံး လက်ခုပ်တီးပြီး ကောင်းလိုက် တာလို့ ၀မ်းမြောက်ဝမ်းသာ ပြောကြပါတယ်။ အဲသည်မှာတင် ဝေးတသက်သက်ဆိုတာကို ကောင်း ကောင်းမြင်သာပါတယ်။ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာဟာ လူပီသတဲ့အရည်အချင်းပဲလေ။
အဲသည်လို စကားဝိုင်းများကလည်း အသိပညာတိုးတက်စေပါတယ်။ စကားကိုလည်း သွက်လက်ချက်ချာစွာ ပြောနိုင်စေခဲ့ပါတယ်။
အဲသည်စကားဝိုင်းမျိုးဟာ စာသင်နှစ်တစ်နှစ်မှာ တစ်ခါလောက်ပဲကျင်းပပြီး ပြီးသွားတာမဟုတ် ပါဘူး။ အကြာခဏဆိုသလို ကျင်းပလေ့ရှိပါတယ်။ ဗဟုသုတဖလှယ်နိုင်တယ်။ မိမိရဲ့စကားပြောဆိုမှု ကို ပိုမိုသွက်လက်ချက်ချာစေပါတယ်။

အဲသည်တော့ ကျောင်းထဲမှာရော ကျောင်းအပြင်မှာ သာတောင့်သာယာရှိတဲ့ တောစခန်းမှာ အုပ်စုအလိုက်သွားရောက်ပြီး ဆွေးနွေးတဲ့အလေ့အကျင့်တွေ လည်းရှိပါတယ်။
ကျောင်းပြင်ပအထိသွားပြီဆိုတော့ ဆရာတွေလည်း လိုက်ပါလာတာပေါ့။ ကျွန်မတို့ အရှေ့တောင်အာရှမှာ ကျွန်းဆွယ်နိုင်ငံ၊ ကျွန်းနိုင်ငံများလည်းရှိပါတယ်။ ရေပတ်လည်ဝိုင်းလုမတတ် ဖြစ်နေတဲ့ ဒေသတွေအကြောင်းကိုလည်း သက်ဆိုင်ရာကျောင်းသားများက တင်ပြဟောပြောပါတယ်။
ကျွန်မကို အထူးတလည်မေးမြန်းကြတာကတော့မြန်မာနိုင်ငံဟာ ကုန်းတွင်းမှာ ကျယ်ပြန့်သလို ရေပြင်နယ်နိမိတ်လည်း ပြောပလောက်အောင်ရှိတယ်၊ ဘာဖြစ်လို့ ရေတပ်အင်အားမကြီးမားတာလဲလို့ မေးတဲ့သူရှိပါတယ်။ ကျွန်မကံကောင်းတာက အလယ်တန်းလောက်ကတည်းက အင်မတန်ထက်မြက် တဲ့ ဆရာများရဲ့အသွန်အသင်နဲ့ အချက်တစ်ချက်တွေ့ရင် မေးခွန်းဆယ်ခုထက်မနည်း သိအောင်မေး မြန်းခြင်း၊ မသိသေးရင်စာအုပ်များကို ဖတ်ရှုကာ အရှာဖွေခိုင်းခြင်း၊ ဆရာများကိုယ်တိုင်မေးတဲ့မေးခွန်း များကို ဖြေဆိုရခြင်းဆိုတဲ့ လေ့ကျင့်ခန်းတွေကြောင့် သူများနိုင်ငံမှာ မေးခွန်းမေးတော့ဖြေဆိုနိုင်ခဲ့ပါ တယ်။
ကျွန်မက ကျွန်မတို့အရှေ့တောင်အာရှနိုင်ငံချင်း၊ ကုန်ကူးသန်းရောင်းဝယ်ခြင်း၊ ယဉ်ကျေးမှု ချင်း ပိုမိုနီးစပ်တဲ့ နိုင်ငံအချင်းချင်းလည်း ယဉ်ကျေးမှုကိုအကြောင်းပြုပြီး ဆက်ဆံခြင်းများရှိခဲ့ပါတယ်။

ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးပြုတဲ့ လှေသင်္ဘောများမှာ လက်နက်အထူးသဖြင့် မီးဖောက်လက်နက်များကို တင်ဆောင်ထားလေ့မရှိပါဘူး။ ကုန်ကိုပဲအထူးပြုပြီး သယ်ဆောင်တတ်ပါ တယ်။ နောက်ပိုင်းမှာ လက်နက်တင်တယ် ဆိုရင်တောင်မှ မိမိတို့ကိုယ်မိမိတို့ ကာကွယ်ဖို့သာ တင်တတ်ကြပါတယ်။
တကယ်တမ်း ကုန်သည်သင်္ဘောတွေပေါ်မှာ လက်နက်ကိုစတင် တင်ဆောင်သူများက ပေါ်တူဂီများဖြစ်ပါတယ်။ သူတို့က ကုန်သည်လိုလိုနဲ့ ပင်လယ်ဓားပြအလုပ်ပါ လုပ်ကိုင်ခဲ့ကြလို့ ဖြစ်ပါတယ်လို့ အစပျိုးပါတယ်။
နောက်တော့ ရေပြင်နယ်နိမိတ်ကျယ်သလို ကုန်းတွင်းမှာလည်း သယံဇာတကြွယ်ဝပြီး လူနေ စိပ်တဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ရေတပ်အင်အားက ပေါ်တူဂီများရောက်လာတဲ့ကာလလောက် အထိ ပင်လယ်ပြင်ကို စောင့်ရှောက်ဖို့ထက် အရေးကြီးနေတာက မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်ပါ တယ်။ မြန်မာနိုင်ငံသမိုင်းကို ဖတ်ရှုရင်းဘာဖြစ်လို့တောင်ပိုင်းဒေသက ရေပြင်နယ်နိမိတ်ကြီးကို ပစ်ထားခဲ့တာလဲ။ မြန်မာဘုရင်များက အောက်ပိုင်းမှာ တစ်စတစ်စ၀င်လာတဲ့ အနောက်နိုင်ငံသားများ ကို တွန်းလှန်ဖို့ သတိမထားလာလား၊ သူတို့ရဲ့ ကုန်းတွင်းနိုင်ငံကိုပဲ တွယ်တာလွန်းနေလို့လားလို့ မေးပါတယ်။
အနောက်နိုင်ငံမှာ ဘွဲ့လွန်တက်ရတာ သေသေချာချာစာဖတ်မထားရင် မေးတဲ့မေးခွန်းများကို ဖြေဖို့ခက်သွားနိုင်ပါတယ်။
ကျွန်မဖြေတာကတော့ အချိန်ကာလကို သတိထားပြီး လေ့လာရင်အနောက်နိုင်ငံသားများဝင် လာကာစက မြန်မာနိုင်ငံအောက်ပိုင်းကိုသာမက အိန္ဒိယကလွဲရင် အခြားအရှေ့တောင်အာရှနိုင်ငံများ ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်မယ့်အခြေအနေကို သိသာအောင် မပြကြသေးပါဘူး။

မြန်မာနိုင်ငံအနေနဲ့လည်း တောင်ပိုင်းထက် မြောက်ပိုင်းက ၀င်ရောက်ကျူးကျော်မဲ့သူများကို သတိထားခဲ့ရတယ်ဆိုတာ ပြင်ပကလေ့လာသူများလည်း သတိထားမိကြမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဘိုးဘေးများက ပိုပြီးသတိထားမိခဲ့ကြပါတယ်။ သတိထားမိလောက်အောင်လည်း ဖြစ်စဉ်များကပြနေ ပါတယ်။ အောက်ဘက်ကို အခြားသော ယဉ်ကျေးမှုဆိုင်ရာ၊ သာသနာရေးဆိုင်ရာကိစ္စနဲ့ပဲ ဆင်းနေသည်ဖြစ်စေ၊ အထက်ဘက်မှ အစောင့်အနေ အားမနည်းအောင် သတိထားကြရပါတယ်။ နို့မဟုတ်ရင် ဘုရင်မင်းမြတ်များဟာ နိုင်ငံတော်မြောက်ပိုင်းကို ကာကွယ်နိုင်ရေးအတွက် တပ်များကို ဦးဆောင်ကာ ပြန်လည်ကြွချီကြရပါတယ်လို့ ကျွန်မက ပြောပြပါတယ်။
အခုရောဘယ်လိုလဲလို့ မေးတဲ့မေးခွန်းကရပ်ပြီး အမောဖြေခွင့်မရအောင်ပေါ်ထွက်လာပါသေး တယ်။ ကျွန်မက ယခုတော့ ကာလလည်းပြောင်းသွားပြီလေ။ နေမ၀င်အင်ပါယာကို စိုးမိုးခဲ့ပါတယ်ဆို တဲ့ သူတွေတောင် ကျွန်မတို့ အရှေ့တောင်နဲ့ အရှေ့အာရှနိုင်ငံများကို စွန့်လွှတ်သွားခဲ့ရပါပြီ။
အဲသည်တော့ (ကြည်း၊ ရေ၊ လေ)အင်အားများကို ပိုင်ဆိုင်ထားတဲ့ ငါတို့နိုင်ငံသားများက ကိုယ် ပိုင်သမျှကို အစွမ်းအစ အားကုန်သုံးပြီး ကာကွယ်ကြမှာဖြစ်ပါတယ်။ ပင်လယ်ရေမခန်းသရွေ့ ငါတို့ပိုင် ထားသမျှကို လက်မလွှတ်စေရဘူးလို့ ကျွန်မက ပြောပါတယ်။
ကျွန်မသူငယ်ချင်းများက လက်ခုပ်တီးရင်း နားထောင်ရတာ မောလိုက်တာဟာ နင်တော်တော့် ကို လေရှည်တယ်လို့စကြ နောက်ကြပါတယ်။ ကျွန်မက လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မြှောက်ပြပြီး ဒါတောင်မှ ပါးစပ်နဲ့ပဲပြောသေးတာနော်လို့ ရယ်ရယ်မောမောနဲ့ ဖြေလိုက်ရပါတယ်။
၁၉၆၉ ခုနှစ်က မြန်မာပညာသင်တစ်ယောက်အနေနဲ့ ဆိုဗီယက်မှာဆုံခဲ့တဲ့ နိုင်ငံတကာက သူ ငယ်ချင်းများကို ပြောခဲ့တဲ့စကားဖြစ်ပါတယ်။

အဲသည်စကားဟာ ယခုတိုင်ပျက်ပြယ်မသွားပါဘူး။ စကားအဖြစ်လောက်သာ ပြောခဲ့တာမဟုတ်ပါဘူး။ ကိုယ့်မြေကိုယ့်ရေအဖြစ် သတ်မှတ်ထားတဲ့ အ၀န်းအ၀ိုင်းကိုပိုင်ဆိုင်တဲ့ သူတိုင်းဟာ မိမိပိုင်မြေကို လက်ဆုပ်မဖြေစတမ်း ဆုပ်ကိုင်ထားနိုင်ရပါမယ်။ မြန်မာစကားကို ကောင်း စွာနားလည်ထားသူတိုင်း စာရေးသူ ဘာကိုဆိုလိုတယ်ဆိုတာ သိကြမှာဖြစ်ပါတယ်။ သည်မြေ သည်ရေ ဒီဒေသကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ အသက်ပေါင်းများစွာစတေးပြီး အမိမြေရဲ့ တည်နေဟန်မပျက်ယွင်းရအောင် ကြိုးစားသွားတဲ့အသက်သွေးကို စတေးသွားကြတဲ့သူများ၊ နိုင်ငံပုံ ရိပ်များကို ထိန်းသွားတဲ့သူများဟာ ကျွန်မတို့ ဘိုးဘေးတွေဖြစ်တယ်။ ကျွန်မတို့ ရပ်နေသည်ဖြစ်စေ၊လဲ လျောင်းနေသည်ဖြစ်စေ ကျွန်မတို့ တည်နေရာအောက်မှာ ဘိုးဘွားများရဲ့ အသွေးအသားအရိုးများကို စတေးထားတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့သူတို့ ရိုးမြေကျခဲ့ရတာလဲ၊ လွတ်လပ်တဲ့ဒေသ တစ်ခုကိုအမွှေပေးခဲ့ဖို့ပါပဲ။
ဘိုးဘွားများရဲ့ ကျေးဇူးကိုသိတတ်ဖို့ ရဲစိတ်ရဲမာန် ရှင်သန်အောင်မွေးကြပါစို့။


( ပညာရေးတက္ကသိုလ် )
From: ဒေါက်တာမတင်ဝင်း

www.mmdailystar.com

2 comments:

  1. ဒေါက်တာမတင်ဝင်းက မျိုးချစ်မေမေ အမှန်ဖြစ်သည်။

    ReplyDelete
  2. ဒေါက်တာမတင်ဝင်းက မျိုးချစ်မေမေ အမှန်ဖြစ်သည်။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...