Sunday, 27 July 2014

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းများကို လိုင်စင်ရာသက်ပန် ပိတ်သိမ်းမည်


ယခုနှစ်အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှုကြောင့် ပျက်စီးခဲ့သည့်ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ယာဉ်မောင်းများအနေဖြင့် ထွက်ပြေးတိမ်းရှောင်မှု အများအပြားရှိလာသဖြင့် အဆိုပါယာဉ်မောင်းများအား ထိရောက်သော အရေးယူမှုအဖြစ် ယာဉ်မောင်းလိုင်စင်ကို ရာသက်ပန်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၃ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းများအနေဖြင့် ထွက်ပြေးနေသည့် ဖြစ်စဉ်အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

ယင်းကဲ့သို့ အရေးယူမှုနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသောင်းလွင်က “စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို အရင်တုန်းက ဒဏ်ငွေကျပ် ၁၅ဝဝ နဲ့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအာဏာပိုင်တွေရဲ့ အစီအမံတွေနဲ့ စီမံချက်ဒဏ်ငွေဆိုပြီးတော့ ထပ်ပြီးအရေးယူတယ်။ ဒီစီမံချက်ဒဏ်ငွေက မရှိသင့်တော့တဲ့အတွက် အခုခေတ်နဲ့အညီ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ထားတယ်။ ဒီလိုထိရောက်တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရတာကလည်း စည်းကမ်းလိုက်နာမှု မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။ ပြန်လည်ပြင်ဆင်ခဲ့တဲ့ ဥပဒေတွေထဲမှာ စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေနဲ့ တိုက်ပြေးသွားတဲ့ ယာဉ်မောင်းတွေ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီးတော့ အရေးယူဖို့ ပြဌာန်းထားပြီးဖြစ်ပါတယ်”ဟု ဇူလိုင် ၂၃ ရက်က ပြောကြားသည်။

“ယာဉ်တိုက်မှုဖြစ်ပြီး ပြေးသွားတဲ့ယာဉ်မောင်းတွေ အရမ်းများလာတယ်။ ဒါတွေကို ထိရောက်စွာအရေးယူဖို့အတွက် အဲဒီယာဉ်မောင်းတွေကို လိုင်စင်ရာသက်ပန်ပိတ်သွားဖို့ ရှိတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးက “စည်းကမ်းမဲ့မောင်းနှင်မှုတွေကို မရှိအောင်လို့ ဒီလိုထိရောက်စွာ အရေးယူရခြင်းဖြစ်တယ်။ စစ်ဆေးအရေးယူရေးအဖွဲ့ကလည်း အဂတိလိုက်စားမှု မရှိဖို့လိုတယ်။ အကယ်၍ရှိခဲ့ရင် သူတို့တာဝန်ပါပဲ” ဟု ပြောကြားသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရန်ကုန်မြို့အတွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၉၅၂ မှုဖြစ်ပွားခဲ့ပြီး ကျား ၁၄၃ ဦး၊ မ ၂၅ ဦး သေဆုံးကာ ၁၃၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အဆိုပါ ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ၃၅၈ မှုမှ ကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယင်းဖြစ်စဉ်များမှ ၂၆၆ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် ၉၂ မှုဖြစ်စဉ်မှ ကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
 
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...