Monday, 14 July 2014

ရေပန်းစားလူ့အခွင့်အရေးကို ဦးစားပေးရင် အနာဂတ်မှာ အမျိုးဘာသာ၊ သာသနာ ကွယ်ပျောက်သော နိုင်ငံဖြစ်သွားပါလိမ့်မယ်






ယနေ့ နိုင်ငံတိုင်းသည် ထိုနိုင်ငံ၊ ထိုနိုင်ငံရှိလူမျိုး၏ အကျိုးစီးပွားအပေါ်သာ အခြေခံ၍ ဆောင်ရွက်နေကြသည်။ နိုင်ငံရေး စနစ်အမျိုးမျိုး ကွဲပြားရခြင်း၊ စီးပွားရေးစနစ် ရွေးချယ်မှု ကွဲပြားကြခြင်း၊ စနစ်တစ်ခုမှ တစ်ခု ပြောင်းလဲ ကျင့်သုံးကြခြင်းသည် ပိုမိုကောင်းမွန်သော အကျိုးစီးပွား ရရှိရေးအတွက် ကြိုးပမ်းကြခြင်းသာ ဖြစ်သည်။ တစ်ချိန်က ကိုလိုနီချဲ့ရခြင်း၏ အကြောင်းရင်းမှာ ကိုလိုနီနိုင်ငံ၏ သယံဇာတ၊ လုပ်အားများဖြင့် မိမိနိုင်ငံ အကျိုးစီးပွား တစ်စုံတစ်ရာ ဖြစ်စေရန် အတွက်သာဖြစ်သည်။ မျက်မှောက်ခေတ်တွင်မူ တစ်နိုင်ငံကို တစ်နိုင်ငံ ကျူးကျော် သိမ်းပိုက်၍ ကိုလိုနီပြုခြင်းထက် ထိုနိုင်ငံများကို နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး သြဇာလွှမ်းမိုးလျက် သွယ်ဝိုက် ကိုလိုနီပြုသည့် နည်းအား ပိုမိုကျင့်သုံးလာသည်ကို တွေ့ရသည်။ နည်းပညာ၊ အသိပညာ သာလွန်သော နိုင်ငံများအနေဖြင့် တတိယနိုင်ငံများသို့ ဒီမိုကရေစီနှင့် အရင်းရှင်စနစ် တင်ပို့ရန် ကြိုးစားခြင်းမှာလည်း ၎င်းတို့ သာလွန်ထားပြီးသော နည်းပညာ၊ အသိပညာတို့ဖြင့် အသာစီးရယူပြီး သူတို့နိုင်ငံများ အကျိုးစီးပွား ဖြစ်ထွန်းစေရန် အတွက်သာဖြစ်သည်။

လူ့အခွင့်အရေး နှင့် အကျိုးစီးပွား

ဒီမိုကရေစီကို ကျင့်သုံးစနိုင်ငံများတွင် လူ့အခွင့်အရေးကို ရှေ့တန်းတင်တတ်လေ့ ရှိကြ၏။ အာဏာရှင်စနစ်မှ ပြောင်းလဲ လာခဲ့ကြသည်ဖြစ်ရာ “လူ့အခွင့်အရေး”သည် သည်းခြေ ကြိုက်ဖြစ်ရတော့သည်။ တစ်ဦးချင်း စီတို့၏ အခွင့်အရေး နောက်တွင် “လူ့ အဖွဲ့အစည်း တစ်ရပ်၏ အခွင့်အရေး”“နိုင်ငံနှင့် လူမျိုးတို့၏ အခွင့်အရေး”ကို ရုတ်တရက် မမြင်နိုင်ကြ၊ မိသားစု တစ်ခုလေးမှာပင် မိဘတို့က ကန်စွန်းရွက် ကိုက်၍ သားသမီးအပေါ် ကျောင်းထားပေးကြရခြင်း မှာ တစ်ဦးချင်းစီ၏ အခွင့်အရေးကို စွန့်လွှတ်၍ “မိသားစု ၏ အခွင့်အရေး”၊“အနာဂတ် အကျိုးစီးပွား”အတွက် စွန့်လွှတ်ကြခြင်း ဖြစ်သည်ကို ပြန်ပြောင်း သတိရနိုင်ကြ လျှင် “အခွင့်အရေး”၏ သဘောကို ကောင်းစွာ နားလည် သဘောပေါက် နိုင်ကြပါသည်။ သို့သော်လည်း “ကိုယ်ကျိုးစီးပွား အခြေခံ”လိုသူတို့က သာမန်ပြည်သူ အားလုံးကို ထိုသို့သော အမြင်ဖွင့်ပေးခြင်း မရှိကြချေ။ “သာမန်သိ”မျှသာရှိသော “သာမန်ပြည်သူ”တို့ကို လူ့အခွင့်အရေး ဟူသော သည်းခြေကြိုက်ဖြင့် စည်းရုံး၍ သူတို့အကျိုးစီးပွား အတွက်သာ အသုံးချသွား တတ်ကြသည်ကို ဒီမိုကရေစီ ဖြစ်ထွန်း စနိုင်ငံများတွင် အန္တရာယ် နှင့် လွယ်၍ ဖြတ်ကျော် ကြရသည်ကို တွေ့ရသည်။ ဥပမာအချို့ကို ချပြရလျှင်...

အီရတ်ကို ဘာကြောင့်

စစ်တိုက်ခဲ့သနည်း

အာဖဂန်နစ္စတန်ကို စစ်တိုက်ခဲ့ပြီးသော အမေရိကန်တို့သည် အီရတ်ကို စစ်တိုက်ခဲ့သည်။ မှတ်မှတ်ရရ ပြင်သစ်၊ ဂျာမနီတို့က အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း စစ်တိုက် ဖြစ်ခဲ့ပါသည်၊ အကြောင်းပြချက်က WMD – Weapon of Mass Destruction ဟူသည့် အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များ ပိုင်ဆိုင် ထားသောကြောင့်ဟူ၏။ အီရတ်သည် အမေရိကန်ကို “ခဲ”တစ်လုံးမျှပင် မပစ်ပေါက် ရပါသေးလျက် တစ်နိုင်ငံလုံး ကျဆုံးသွားခဲ့ရသည်။ အကြောင်းပြချက်က ..

- ထိုအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်တို့ဖြင့် အမေရိကန်တို့ အတိုက် ခံနိုင်ရသောကြောင့်

- မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက်ဆိုလျှင် “လက်ဦးမှုရယူ” တိုက်နိုင်ခွင့် ရှိသည်။

အမှန်တကယ် ရှာဖွေသောအခါ အီရတ်တွင် WMD မတွေ့ခဲ့ရပါ။ သို့သော်လည်း အီရတ်သည် စစ်အတိုက် ခံလိုက်ရပြီး ယခုထိ ဆယ်စုနှစ်တစ်ခု တိုင်သည့်တိုင် တည်ငြိမ်မှုပင် ပြန်မရတတ်သေးပါ။ မေးရန် ဖြစ်လာသော မေးခွန်းမှာ ...

- လူ့အခွင့်အရေးကို မည်သည့် ရှုထောင့်မှ လက်ခံထား ကြပါသနည်း။

- အမေရိကန် ဘက်မှကြည့်လျှင် WMD ဖြင့် အတိုက် ခံရနိုင်သည်၊

- အီရတ်ဘက်မှ ကြည့်လျှင် အီရတ်နိုင်ငံနှင့် လူမျိုးတို့၏ အခွင့်အရေး ဆုံးရှုံးရာ မကျပါသလော၊

စစ်တပ်မှ အာဏာသိမ်းခြင်း အပေါ်

ကွဲပြားသောရှုမြင်မှု

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် “တစ်သမတ် သဘောမရှိ” သည်ကိုတွေ့ရ၏။ မိမိတို့၏ အကျိုးစီးပွား အပေါ် အခြေခံ၍ တစ်ကျောင်း၊ တစ်ရွာ၊ တစ်ဂါထာ ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်တော် များများတွင် စစ်အာဏာသိမ်းခြင်း သည် ဒီမိုကရေစီ စံနှုန်းအရ ဆန့်ကျင်ဘက် ဖြစ်သည်။ ကြီးမားသော ဝေဖန်မှု ရှုတ်ချမှုတို့နှင့်သာ ကြုံတွေ့ရစမြဲ၊ သို့သော်လည်း အီဂျစ်တွင်မူ တစ်ဘာသာ ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ အီဂျစ်သည် နတ်ဆာခေတ် နှင့် မူဘာရတ်ခေတ် တစ်လျှောက်လုံး အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည်၊ မူဘာရတ် ခေတ်လွန်တွင် ဒီမိုကရေစီ ၏ အခြေခံဖြစ်သော ရွေးကောက်ပွဲများကို ကျင့်သုံးခဲ့၏။ သမ္မတမော်စီသည် Muslim Brotherhood အဖွဲ့အစည်းကြီးမှ ရွေးကောက်ခံသမ္မတ ဖြစ်လာသူဖြစ်၏။ (၂) နှစ်မျှသာ ခံမည်ဟု သုံးသပ်ထားခဲ့ရာ (၁) နှစ်မျှနှင့် ပြုတ်ကျ သွားတော့သည်၊ ဗိုလ်ချုပ်ကြီးစီစီက အာဏာ သိမ်းလိုက်သည်။ ဤတစ်ခါ အာဏာ သိမ်းမှုကိုမူ အမေရိကန်က “စစ်ဘက်မှ ဒီမိုကရေစီကို ထိန်းသိမ်းလိုက်သည်” ဟူ၍ မှတ်ချက်ပြုခဲ့ရာ အားလုံးက အံ့အားသင့် သွားကြရသည်။

ဗိုလ်ချုပ်ကြီးမော်စီ၏ အာဏာသိမ်းမှုသည် “ဒီမိုကရေစီ၏ ကင်းလွတ်ခွင့်” ဖြစ်နေပါသလား၊

အမေရိကန်၏ မဟာဗျူဟာကို

လေ့လာလျှင်

အမေရိကန်သည် တီထွင်ကြံဆ အားကောင်းသော၊ လူ့အဖွဲ့အစည်း Civil Society အားကောင်းသော၊ ဒီမိုကရေစီ ကျင့်သုံးမှု၌ ရှေ့ဆောင်စံ နမူနာပြ ဖြစ်သောနိုင်ငံကြီး ဖြစ်သည်။ သို့သော်လည်း နောက်ကွယ်၌ အမေရိကန်တို့၏ အကျိုးစီးပွားကိုသာ အခြေခံတတ် ကြသည်ကို တွေ့ရပါလိမ့်မည်။ တစ်ချိန်က ကမ္ဘာတွင် အာဏာရှင်များ အားကောင်းခဲ့ရာ အမေရိကန်သည် သူ့နိုင်ငံ၊ သူ့လူမျိုး အကျိုးစီးပွားအတွက် သမ္မတ အိုက်စင်ဟောင်ဝါ လက်ထက်တွင် “အိုက်စင်ဟောင်ဝါ”(Eisenhower’s Doctrine) “ Association with friendly with dictators” ဟူသော မူဝါဒတစ်ခု ပါဝင်ခဲ့သည်။ အာဏာရှင်များဖြင့် မိတ်ဖွဲ့ရန်ဟူသော မူဝါဒမှာ ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံအတွက် များစွာ ထူးဆန်း အံ့အားသင့်စရာ ဖြစ်ရပါလိမ့်မည်။ အာဏာရှင်ကြီးများ ဖြစ်သော နတ်ဆာ၊ ကဒါဖီ၊ နိုရီရေးဂါး၊ အာဆတ်၊ ရှားဘုရင်၊ မားကို့စ်၊ ဆူဟာတိုတို့ နှင့် အမေရိကန် ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း တွေ့ရပါလိမ့်မည်။

သမ္မတ နစ်ဆင် လက်ထက်တွင် “ ကြားခံစစ်နယ်မြေများ”(Proxy) ကိုဖန်တီးခဲ့၏။ အီရန်၊ အစ္စရေး၊ ဇိုင်ယာ နိုင်ငံများကို ဥပမာ ပေးနိုင်သည်။ ကြားခံ စစ်တလင်းကြောင့် လက်နက်ရောင်း အမေရိကန်တို့ အကျိုးစီးပွား ကြီးမားစွာ ဖြစ်ထွန်းခဲ့သည်၊ သို့သော်လည်း ထိုနိုင်ငံများ Failed State ဖြစ်ခဲ့ကြရ၏။ ယနေ့ ယူကရိန်း၊ အီဂျစ်၊ အီရတ်၊ ဆီးရီးယား စသည်တို့သည် (၂၁) ရာစု၏ ကြားခံစစ် တလင်းများ ဖြစ်လာခဲ့ကြပြီး၊ တစ်ချိန်က Strong State ဖြစ်ခဲ့သော နိုင်ငံများ မကြာမီ Failed State ဖြစ်သွား ကြသည်ကို တွေ့ရပါလိမ့်မည်။

စစ်အေးလွန် ကာလတွင် ပြိုင်ဘက် ဆိုဗီယက် ယူနီယံကြီး အစိတ်စိတ် အမြွှာမြွှာ ကွဲပျက်သွားခဲ့သည်၊ ကမ္ဘာကြီးသည်လည်း Unipolar World ဟူသော “၀င်ရိုး တစ်ချောင်းတည်း၏ အမောင်းခံ” အဖြစ် ရောက်ခဲ့သည်။ အမေရိကန်တွင် စီအိုင်အေ အကြီးအကဲဟောင်း Bush (Sr) တက်လာ၏။ Bush’s Doctrine တွင် “A Strategy of hegemony and global community” ဟူသော မဟာဗျူဟာ တစ်ရပ်ပါလာသည်။ ကမ္ဘာ့မိသားစုအပေါ် ဗိုလ်ကျ စိုးမိုးရေးဖြစ်သည်။ ပြိုင်ဘက် ကင်း တစ်စီးတည်း ပြေးနေသောမြင်း ဖြစ်သဖြင့် လုပ်သမျှ တင့်တယ်သော အချိန်ဖြစ်သည်။ ထို့ကြောင့်လည်း Bush ကိုယ်တိုင်က အောက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“Everybody wants to be my baby now” ဟူ၍ဖြစ်၏။ အားလုံး အခုတော့ ငါ့မျက်နှာ ကြည့်နေရပြီ ဟူ၍ ဖြစ်၏။ မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုတော့သည် ဖြစ်၍ “Breaking away from friendly dictators” ဟူသော မဟာဗျူဟာကို ပြန်လည် ကျင့်သုံးလာခဲ့၏။ ရင်းနှီးသော အာဏာရှင်များနှင့် လမ်းခွဲခြင်း ဖြစ်သည်။

အမေရိကန်သည် အားကျဖွယ်ရာ၊ အတုယူဖွယ်ရာ နိုင်ငံဖြစ်ပါ၏။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွားကိုသာ လုံးလုံး လျားလျား အခြေခံ ထားနိုင်ခြင်းသည် ဒီမိုကရေစီ ဖြစ်ထွန်းစ မြန်မာနိုင်ငံအတွက် နမူနာယူဖွယ်ရာ နိုင်ငံဟုလည်း ဆိုနိုင်ပါလိမ့် မည်။ အခြားနိုင်ငံများ အတွက် မည်သို့ပင် “ဒီမိုကရေစီ”တန်ဖိုးများ၊ “လူ့ အခွင့်အရေး”စံနှုန်းများကို ဆိုစေကာမူ နောက်ဆုံး၌ သူ့အကျိုးစီးပွားကိုသာ အခြေခံသွားသည်ကို တွေ့ရသည်။

အကျိုးစီးပွား (၂) ပါး

မြန်မာ့ ဒီမိုကရေစီ ခေတ်ဦးသည် စိန်ခေါ်မှုများစွာကို ဖြတ်သန်း နေရဆဲဖြစ်သည်၊ အမြင်အသိတို့ ရေချိန်မညှိ နိုင်သေးသမျှ၊ အကျိုးစီးပွားအဆင့် စဉ်းစားပုံ မတူနိုင်သေးသမျှ နိုင်ငံရေး အလှုပ်အရမ်းကြီးစွာ ရှိနေပါလိမ့်ဦးမည်။ ယဉ်ကျေးမှု အဟောင်းကို စွန့်ခွာ၍ ယဉ်ကျေးမှုအသစ် ကျင့်သုံးခြင်း အထာမကျသေးသမျှ အန္တရာယ် ရှိနေဆဲဟု မျှော်လင့်နိုင်သည်၊ ဤသို့ရေးခြင်း အတွက် “ခြိမ်းခြောက်”သည်ဟု ကင်ပွန်းတပ်ခြင်းထက် “ပညာရှိများ သတိလက်လွတ် မဖြစ်စေရန်”သတိပေးသည် ဟူသော ရှုထောင့်မှ မြင်တတ်ရန် လိုသည်။ အယူအဆမတူ၊ ရှုထောင့်မတူ၍ ဒီမိုကရေစီဟု နှုတ်မှ အော်နေသော်လည်း အခြားတစ်ဖက်ကို မျက် လုံးမှိတ်၍ တံဆိပ်တပ်ရန် ကြိုးစားနေခြင်းက ဒီမိုကရေစီ စိတ်ဓာတ် အမှန်ရှိနေပါပြီလားဟု ကိုယ့်ကိုယ်ကိုယ် ဦးစွာ ဆန်းစစ်ရန် လိုသည်။ မြန်မာ့ နိုင်ငံရေးများစွာ မကျယ်ပြန့် သေးသည်ဖြစ်၍ မည်သူတို့မျှလောက် အရည်အချင်းရှိ ကြသည်ကို ပရိသတ်များကသိပြီး၊ ကိုယ်တိုင်လည်း သိပြီးကြသည်ဖြစ်ရာ တံဆိပ်ကပ်တိုင်း တံဆိပ်ထင်မည်လည်း မဟုတ်ချေ။

မြန်မာတို့ အကျိုးစီးပွား(၂)ပါး အပေါ် အခြေခံသင့်ကြပြီ၊

- လက်ငင်းအကျိုးစီးပွား

- အနာဂတ်အကျိုးစီးပွား ဟူ၍ဖြစ်သည်။

အချို့သော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတို့သည် လက်ငင်း အကျိုးစီးပွားအတွက် ဖြစ်ကောင်းဖြစ်တန် သော်လည်း၊ အနာဂတ် အကျိုးစီးပွားကိုများစွာ ထိခိုက်နစ် နာစေနိုင်ကြောင်း သတိပြုရန်လိုသည်၊ ဥပမာအားဖြင့် ဒီမိုကရေစီ ဆရာကြီး နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဒီမိုကရေစီ ယဉ်ကျေးမှုကို သူ့ထက်ငါ အပြိုင် ကျင့်သုံးလာခဲ့ကြရာ Multiculturalism ဟူသော ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲ နေထိုင်နိုင်ကြသည် ဟူသော ကြွေးကြော်သံဖြင့် ကျင့်သုံးကြရာ ယခုအခါ ဒုက္ခရောက်ပြီး ဆုတ်မရ၊ တက်မရ နိုင်ငံများကို တွေ့ရပါလိမ့်မည်။

အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး

နိုင်ငံတိုင်းနီးပါးမျှ အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ရေးများ ရှိနေပါသည်။ လူ့အခွင့်အရေးမှာ ယေဘုယျ သဘောသာ ဖြစ်၍ နိုင်ငံအဆင့်၊ အမျိုးဘာသာ၊ သာသနာ အဆင့်နှင့် ယှဉ်လျှင် စွန့်လွှတ် ကြရပါလိမ့်မည်။ လက်ငင်း အကျိုးစီးပွား ဖြစ်သော ရေပန်းစားလူ့အခွင့်အရေးကို ဦးစားပေးခဲ့ကြလျှင် အနာဂတ်၌ အမျိုးဘာသာ၊ သာသနာ ကွယ်ပျောက်သော နိုင်ငံဖြစ်သွား ပါလိမ့်မည်။ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် “ကျား-မ”အခွင့်အရေးကို ဘာသာရေးအရ ကြီးကြီးမားမား ခွဲခြားထားပါသည်။ အဘယ့်ကြောင့် လူ့အခွင့်အရေး စံနှုန်းက မတိုးပေါက် ရပါသနည်း၊ အိန်္ဒိယတွင် နှစ်ထောင်ချီက စွဲမြဲခဲ့သော “ဇာတ်နိမ့်-ဇာတ်မြင့်” ကိစ္စကို ထိုနိုင်ငံတွင် လူ့အခွင့်အရေးဖြင့် ချေဖျက်နိုင် ခဲ့ပါသလား၊ မြန်မာတို့ စဉ်းစားရန် ကောင်းသည့် အချက် အနည်းငယ်ကို ထောက် ပြခြင်းသာ ဖြစ်သည်။

ခိုးဝင်လာသူဘက်မှ အခွင့်အရေးဖြင့် ပြောကြလျှင် နှစ်ပေါင်း ထောင်ချီ၍ နေခဲ့သော (၁၃၅) မျိုးဖြင့် ဖွဲ့စည်း ထားသည့် ရှိဆဲ တိုင်းရင်းသား တို့ဘက်က အဘယ့်ကြောင့် မကြည့်နိုင် ကြပါသနည်း၊ (၂) ချက် ဖြစ်နိုင်ပါသည်။

- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို သာလိကာမျှသာ ရွတ်တတ်သောကြောင့် ဖြစ်နိုင်သလို၊

- မိမိတို့၏ အကျိုးစီးပွားကိုသာ လူ့အခွင့်အရေး ဗန်းပြ၍ အခြေပြု လိုသောကြောင့်သာ ဖြစ်နိုင်သည်ဟု မြင်တွေးမိပါသည်။

မျှမျှတတ တွေးခေါ်နိုင်ကြရန်သာ လိုသည်။ တစ်ဖက်စွန်းကျသော မျိုးချစ်စိတ်သည် အန္တရာယ် ရှိသကဲ့သို့ မျိုးချစ်စိတ် လုံးဝမရှိခြင်းသည်လည်း အနာဂတ်အတွက် အန္တရာယ်ကို လက်ကမ်းခြင်း ဖြစ်သည်။ ယေဘုယျ သဘောဖြင့် ဆိုရလျှင် အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားဘာသာကို စော်ကား ကျူးကျော်ခြင်းမရှိဘဲ မိမိဘာသာ၊ မိမိလူမျိုး၊ မိမိသာသနာ အတွက် ရေရှည် အမြော်အမြင်ဖြင့် ကောင်းစွာကာကွယ် စောင့်ရှောက်နိုင်ရန် လိုသည်ဟုတော့ မြင်သည်။

နိုင်ငံတိုင်း၊ နိုင်ငံခေါင်းဆောင် နှင့် နိုင်ငံခေါင်းဆောင် ဖြစ်ရန် မျှော်မှန်း ကြိုးစားကြသည့် သူတိုင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့် တိုင်းရင်းသားတို့၏ အကျိုးစီးပွားကိုသာ အသေအချာ အခြေခံကြ ရပါလိမ့်မည်။ ကိုယ့်လူမျိုး အကျိုးစီးပွားကို အခြေမခံ နိုင်ကြလျှင်လည်း အောင်မြင်သော ခေါင်းဆောင်ကောင်း၊ ပြည်သူကောင်းများ ဖြစ်လာကြမည် မဟုတ်ဘဲ အမှန်သိသော ပြည်သူတို့၏ ဆန့်ကျင်မှုကိုသာ ရင်ဆိုင်ကြ ရလိမ့်မည်ဟု တွေးမိရပါသည်။
 
 
From:  ဒေါက်တာ ဘမောင်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...