Friday, 8 August 2014

၈၈ ကိုယ်တွေ့ တစ်ဦး၏ ပြောပြချက်.. ( ၂ )




အဲဒီကာလ တပ်မ စစ်ဆင်ရေးတပ်ထုံးစံအတိုင်း ပုံမှန်ရှေ့ တန်း၅လ၆လထွက် ၁လ ၁လခွဲနား ပြီး ရှေ့ တန်းပြန်ထွက် သံသရာ လည်နေချိန်ဖြစ်လို့ စစ်ဆင်ရေးကိစ္စ ကိုအသားကျနေပြီးသား တပ်ဖြစ် ပေမယ့် ရန်ကုန်စစ်ဆင်ရေးကတော့ ခါတိုင်း စစ် ဆင်ရေး နဲ့ မတူလို့ တော်တော်ဦးနှောက်စားရပါတယ်။ အပြင်မှာ က ဆန္ဒပြသူ ပြ ခေါင်းဖြတ်သူဖြတ် အစိုးရ ကဘာမှ အစိုးမရတော့တဲ့ ကာလဖြစ်ပါ တယ်။ နေ့ စဉ်ပုံမှန် အထက်ဌာနသွား ၊တပ်ခွဲတွေ ရိက္ခာ လိုက်ပို့ ရတဲ့ ဒုက္ခက တော်တော်ကြီးပါတယ်။ ရဲဘော် အများစု ကရန်ကုန်မရောက်ဖူးကြသူတွေ ဖြစ်ပြီး ကိုယ့်ကို ရန်ပြုလာရင်တော့ သည်းခံအောင်ထိန်းဖို့  ခက်ပါတယ်။ (တကယ်အလေ့အကျင့် ရပြီးသားကတော့ ရန်သူကို ကိုယ်က လက်ဦးမှု ယူ ပြီး တိုက်နေကျ တပ်ဖြစ်ပါတယ်) ညဖက်ဆို တပ်ရင်းမှုးကိုယ်တိုင် ရဲဘော်တွေ ကို ဆွေးနွေးပါတယ်။ အခုကိစ္စဟာ ခါတိုင်းစစ်ဆင်ရေးတွေနဲ့ မတူကြောင်း အထက်က အမိန့် မရရင် မိမိကို ရန်လာပြုရင်လည်း သည်းခံဖို့ လိုကြောင်း ၊ကားပေါ်မှာသေ နတ်တွေ ကိုင်ထားစဉ်မှာ လည်း အပြင်ကို ချိန်တာ၊ သေနတ်ပြောင်းလှည့်ထားတာ မလုပ်ဖို့ က အစ အသေးစိတ်မှာပါတယ်။အဓိက ကတော့ အပြင် ထွက်သွားလာနေတဲ့ တပ်စုနဲ့ု လူထု ပြသနာဖြစ်ပြီး ပစ်ခတ်မှုဖြစ်မှာ အစိုးရိမ်ဆုံးဖြစ်ပါတယ်။ တကယ် အပြင်မှာ ဦးဆာင်ရသူ အရာရှိ အတွက်တော့ ပြသနာ ဖြစ်လို့ ပစ်ရင်လည်း ခုံရုံး မပစ်ရင်လည်း အရင်ဆုံး အသေခံရမယ့် အဖြစ်မျိုးပါဘဲ။

စစ်တပ်ထုံးစံအတိုင်း “ ဘာမေးစရာရှိလဲ “ ဆိုတဲ့ မေးခွန်းနဲ့ အမိန့် နိဂုံး ချုပ်ရမှာဖြစ်ပေမယ့် ပြည်လမ်း မြန်မာ့ အသံမှာရှိတဲ့ ကွပ်ကဲမှု တပ်မဌာနချုပ် စစ်ဆင်ရေး ဦးစီးအရာရှိတွေကတော့ “‘ဘာမေးစရာရှိလဲ” ဆိုတဲ့ စကားကိုဘယ်တော့မှ မပြော ပါဘူး။ ဂျင်ဂလိနဲ့  ပစ်ရင် ဘာလုပ်ရမလဲ၊ ဒါးနဲ့ ဝင်ခုတ်ရင် ဘာပြန် လုပ်ရမလဲ ၊တပ်စု တစ်စုလုံးကို ၀ိုင်းဖမ်းရင် ကော ပြန်ပစ်လို့ ရသလား၊အဖမ်းခံရမှာလား၊ ဆို တဲ့ မေး ခွန်းတွေ ကို ဖြေရမှာ ခက်နေကြပုံရပါတယ်။ နေ့  စဉ် ပုံသေ ညွှန်ကြားချက်ကတော့ လမ်းမှာ ဘာပြသနာမှ မတက်ပါစေနဲ့ ။ သူတို့ အမိန့် မရဘဲ လုံးဝ မပစ်ရ ဆိုတာပါဘဲ။ ဦးစီးတာဝန် နဲ့  မကိုက်ညီတဲ့ “ လုံလောက်သော အစောင့် အရှောက်ဖြင့် တို့  လိမ်မာပါးနပ်စွာဖြင့် တို့ ” ဆိုတဲ့စကားတွေ နဲ့  ပြသနာမဖြစ်အောင်ကြည့်လုပ်ဖို့ ပဲ ညွှန်ကြားနေပါတော့တယ်။

လမ်းမှာကြုံတွေ့ နေကျကတော့ ကားပေါ်က ရဲဘော်တွေ မြင်တာနဲ့ ဝိုင်းအော် ဟစ် ကောင်းချီးပေးတဲ့အဖွဲ့ ၊ ဆဲဆိုတဲ့ အဖွဲ့ ၊နဲ့ မျိုးစုံပါဘဲ။ဒီအထိဘာမှမဖြစ်ပေမယ့် ခဲတွေ ပစ္စည်းအတိုအစ တွေ နဲ့ ကိုယ်ထိလက်ရောက် ပစ်ခတ်လာတဲ့ အခါမျိုးမှာ ရဲဘော်တွေကိုတော်တော် ထိန်းရခက်ပါတယ်။ တချို့ လမ်းတွေမှာ သေနတ်တွေ ကားပေါ်ထားခဲ့ပြီးမှ လူပဲဝင်ခွင့်ပြုမယ်ဆိုပြီး လက်နက်မပါကြောင်း အစစ်ဆေးခံပြီးမှ ၀င်ရတာမျိုးလည်း ကြုံရပါတယ်။တစ်ရပ်ကွက်ကို အစိုးရတစ်ခုမဟုတ် ဘဲလမ်း တစ် လမ်းကိုအစိုးရတစ်ခုလုပ်နေကြချိန်ဖြစ်ပါတယ်။ အမှန်အတိုင်းပြော ရရင် တော့ ရန်ကုန်နဲ့ နီးစပ်တဲ့ တပ်တွေ က နေသားကျ ကောင်းကျနိင်ပေမယ့် တကယ်စစ် တိုက်နေတဲ့  တပ်တွေအတွက်တော့ တော်တော်ထိန်းရခက်ပါတယ်။ အရင်က ဒါးသမားကို သေနတ်သမားက ကြောက်နေရတယ် ဆိုတဲ့ စကား ကြားခဲ့ဖူးပေမယ့် အခုလက်တွေ့ အခြေအနေကတော့ အလွန်ကြမ်းတမ်းရိုင်းစိုင်းတဲ့ ဗကပ တပ်သားတွေ တောင်ကြောက်ရတဲ့  တပ်မစစ်သားတွေဟာ ရန်ကုန်မှာ မြင်သမျှ အားလုံးကြောက်နေရတဲ့ ဘ၀ ကို ရောက်နေရပါတယ်။

တစ်နေ့  ပြည်လမ်း မြန်မာ့ အသံ တပ်မ ကွပ်ကဲမှု ဌာနချုပ်ကိုသတင်းပို့ ပြီး တပ်စုရှိရာ အောက်ကိုပြန်ဆင်းအလာမှာကျောင်းဝတ်စုံအဖြူအစိမ်းနဲ့ဆရာမတွေကဦးဆောင်ပြီး ကျောင်းသူ လေး တွေ ပြည်လမ်း ပေါ်မှာတန်းစီရပ်လို့  ရဲဘော်တွေရှိရာ ဘက် ကို မျက်နှာမူပြီး ဆန္ဒပြ အော်ဟစ် နေရာကနေ “ ပစ်ရဲရင် ပစ်လေ ၊ ပစ်ရဲရင်ပစ်လေ” လို့ သံပြိုင် အော်နေပြီး (ကန်တော့ပါရဲ့ ) သူတို့ ရဲ့ ခါးအောက် ပိုင်း တွေကို လက်နဲ့ ပုတ်ပြီး ပြနေပါတယ်။ ကျောင်းတုံးက သင်ပေးခဲ့တဲ့ သင်ခန်း စာတွေမှာ ဒါတွေမသင်ခဲ့ရတော့ ရုတ်ချည်းတိုက်စစ် လေ့ကျင့်ခန်းမှာ တပ်စုမှုး ဘာလုပ်မလဲ ဆိုပြီး ခေါင်းကို တုတ်နဲ့  တဒေါက်ဒေါက် ခေါက်တတ်တဲ့ ဗိုလ်သင် တန်းကျောင်းနည်းပြ အရာရှိကို သတိရမိပြီး ဘယ်လိုမှ မထင်ထားတဲ့ မြင်ကွင်း ကို ကြောင်ကြည့်နေမိပါတယ်။ ။
(၈. ၈. ၂၀၁၄)

(ဆက်လက်ဖော်ပြပါမည်)
From: U Thaung Aye

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...