Sunday, 17 August 2014

ဝန်ကြီးချုပ်တစ်ယောက် ရေထဲဆင်းလမ်းလျှောက်၍ ကျောင်းများကို လိုက်စစ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေသည် အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာနှင့် ငွေနံ့သာကျေးရွာများရှိ ရေလွှမ်းမိုးခံရသည့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဘားလားကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး လှည်းကူးမြို့နယ် ဒုတိယပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် တာဝန်ရှိသူများက စာသင်ကျောင်းအတွင်းသို့ ရေများဝင်ရောက်နေမှု အခြေနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဘားလားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မူလတန်း(၂၅၉)ဦး၊ အလယ်တန်း(၁၃၅)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၃၉၄)ဦးအား ဆရာ၊ ဆရာမပေါင်း(၁၃)ဦးတို့ဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။

ထို့နောက် လှည်းကူးမြို့နယ် ငွေနံ့သာစံပြအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်ခင်နှင့် တာဝန်ရှိသူများက စာသင်ကျောင်း၏ လက်ရှိအခြေအနေ များအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ငွေနံ့သာစံပြအခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း(၂၆၃)ဦး၊အလယ်တန်း(၂၅၄)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ(၅၁၇)ဦးအား ဆရာ ဆရာမပေါင်း(၁၈)ဦးတို့ဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးရေချိန်(၉၃)လက်မကျော်ရှိခဲ့ပြီး မှော်ဘီမြို့နယ်အတွင်းရှိ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်နှင့် လှည်းကူးမြို့နယ်ဘားလားကျေးရွာနှင့် ငွေနံ့သာကျေးရွာအနီးတဝိုက်တွင် ရေလွှမ်းမိုးမှုများရှိခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် မှော်ဘီမြို့နယ် အမှတ်(၃) ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ ကွက်သစ်အခြေခံပညာမူလတန်းကျောင်းများနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ဘားလားကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း ငွေနံ့သာစံပြအခြေခံပညာအလယ်တန်းကျောင်းတို့ ခေတ္တပိတ်ထားခဲ့ရပြီး ယခုအခါ (၃)ရက်ခန့် မိုးရွာသွန်းမှုမရှိတော့သဖြင့် မှော်ဘီမြို့နယ်အတွင်းရှိ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီးဖြစ်သည်။

လှည်းကူးမြို့နယ် ဘားလားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ငွေနံ့သာစံပြအခြေခံပညာ အလယ်တန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘားလားကျေးရွာ ရေထွက်ချောင်းဖြစ်သည့် ဦးတိုက်ရိုးချောင်းအား Amphibious Excavator မြေတူးစက်(၂)စီးဖြင့် ပေ(၁၄ဝဝဝ) တူးဖော်လျက်ရှိရာ ယနေ့အချိန်အထိပေ(၇ဝဝဝ)တူးဖော်ပြီးစီးခဲ့ပြီး ဆက်လက်တူးဖော်ဆောင်ရွက်သွားမည်ဖြစ်၍ မကြာမီ ရေများပြန်လည်ကျဆင်းသွားမည်ဖြစ်ပြီး ရေကျသွားသည်နှင့် ကျောင်းများအမြန်ဆုံးဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ပျက်စီးမှုများအား စစ်ဆေးပြုပြင်ဆောင်ရွက်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်က စီစဉ်ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

From: မြန်မာ့အလင်း

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...