Friday, 8 August 2014

၈၈ ကိုယ်တွေ့ တစ်ဦး၏ ပြောပြချက်..




၈၈မတ်လ အရေးအခင်း စဖြစ်ချိန်မှာ အခု ၀ ဒေသ ဆိုတဲ့ မော်ဖ မှာ ဗကပ တွေရဲ့ ပန်ယန်းပန်ဆန်းရင်ဆိုင်ကုန်းတွေ မှာရှေ့ တန်းစစ်ဆင်ရေး တာဝန် ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက ရှားရှားပါးပါး တပ်စုတစ်စု လုံးမှာ ရှိတဲ့ ရေဒီယိုလေး တစ်လုံးနဲ့  သတင်း နားထောင်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုရှယ်လစ်အစိုးရကို အားလုံးစိတ်ပျက်နေချိန် ဖြစ်လို့ အစိုးရပြုတ်ကျမယ့် အရေး ကို ရဲဘော် အများစုကလည်း သိပ်စိတ်မ၀င်စားကြပါဘူး။ ဘယ်အစိုးရ တက်တက် စစ် သားတွေ ကတော့ ရှိနေရမှာဘဲ လို့  သဘောထားကြပါတယ်။ဒါပေမယ့် တိုင်းပြည် အတွက် ကောင်းရာကောင်းကြောင်း တွေ ဖြစ်လာဖို့ တော့ မျှော်လင့်နေကြပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အကြပ်အတည်း တွေကို ပိုကောင်းအောင် လုပ်ပေးနိင်မယ့် အစိုးရ တစ်ရပ်ကိုတော့ ပေါ်ထွက်လာစေချင်နေကြပါတယ်။

တကယ်တော့ ဆိုရှယ်လစ် အစိုးရ ရဲ့ စီးပွားပျက်ဒဏ်ကို အခံရဆုံးက စစ် သားတွေ ဖြစ်ပါတယ်။မိသားစု စားဝတ်နေရေး က အစ ရှေ့ တန်း အစားအသောက် လက်နက်ခဲယမ်းကနေ ၀န်ထမ်းငှားရမ်းခ ဆိုတဲ့ အထမ်းသမားခ အထိ အကုန် ချိုြး ခံ ချွေ တာ နေရလို့ ပါတီကောင်စီနဲ့  အစိုးရ ကို စစ်သားတွေ ကိုယ်တိုင် လည်းတော်တော် စိတ်ပျက်နေကြချိန်ဖြစ်ပါတယ်။ အရပ်သား အစိုးရဖြစ်လာရင် စစ်တပ်က လိုအပ်ချက်တွေ တောင်း၊ မရရင် US ARMY လို လိုတဲ့ ထောက်ပံ့မှု မပေးရင်စစ်မတိုက်ဘူး လို့ ပြောပြီးထိုင်နေရုံပဲ လို့  ပြောဆို နေကြတဲ့အထိ စစ်တပ်ရဲ့ အုပ်ချုပ် ထောက်ပံ့မှု တွေ ညံ့ဖျင်းနေတာကို စိတ်ပျက်နေ ကြချိန် ဖြစ်ပါ တယ်။ဒါကြောင့်လည်း စစ်သည်အရာရှိ အများစု ဟာ အစိုးရအပြောင်းအလဲ ကို လိုလားခဲ့ကြပါတယ်။

မော်ဖဒေသ ဟာရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှပြီး အစား အသောက်ဆင်းရဲ လွန်းလို့  ပုံမှန်အားဖြင့် ရှေ့ တန်းတပ်တွေကို ၅လ၆လ ထက်ပို မထားကြပါဘူး။ အခု ၈၈ အရေးမှာတော့ နောက်တန်းက အစားထိုးလဲလှယ်မယ့် တပ်တွေတက်မလာလို့  (၈)လကျော်ခဲ့ရပြီး သြဂုတ်လ မှ နောက်တန်းကို ပြန်ဆင်းလာ နိင်ပါတော့တယ်။နောက်တန်း အပြန်လမ်းဖြစ်တဲ့ မိုင်းရှုး လဲချား က တောင်ကြီးမြို့ ကို ညဘက်ဖြတ်ချိန်မှာတော့ သြဂုတ်လ ၈ရက်ကျော် ကာစ ရက်တွေဖြစ်လို့  သမ္မတ ဦးစိန်လွင် ပြုတ်ကျရေး ပိုစတာတွေကား လမ်းဘေးဝဲယာ အနှံ့  ပလူ ပျံအောင် တွေ့ ခဲ့ရပါတယ်။ တပ်ရင်းဌာနချုပ် ကိုပြန်ရောက် ချိန် မှာတော့ ဒေါက်တာမောင်မောင် သမ္မတ ဖြစ်နေပါပြီ။

မိသားစု နဲ့ (၈)လကျော်ကွဲကွာခဲ့တဲ့ စစ်သည်တွေ ဟာ တပ်ရင်းမှာ (၃)ရက်သာ နေခဲ့ရပြီး ရန်ကုန် ကို ချီတက်ရပါတော့တယ်။ထောက်ကြံ့ မှာ ၂ရက်လောက်နေပြီး စစ်ကြောင်း တစ်ကြောင်းလုံး ကျိုက်က္ကဆံကွင်း ကိုရွှေ့ ခဲ့ကြပါတယ်။ရှေ့ တန်းစစ်မြေပြင်ဆိုတာ တောထဲ တောင်ထဲ မှာသာ ကြုံဖူးတဲ့ သူတွေ ဖြစ်လို့ မြင်တွေ့ ရသမျှအားလုံး အထူးအဆန်းတွေ ဖြစ်နေပါတယ်။ပါတီညီလာခံ လုပ်ခဲ့တဲ့ ခုံတွေ မှာအိပ်လိုက် တွေ့ သမျှ ဖုံးတွေ လျှောက်ဆက်လိုက် နဲ့ ကျိုက်က္ကဆံ ကွင်း ထဲကနေ ဘယ်မှ မသွားရပါဘူး။ဒေါက်တာမောင်မောင် အုပ်ချုပ်နေချိန်ဖြစ်ပြီး အားလုံး အုပ်ချုပ်မှု ယန္တယားတွေ ရပ်တန့် နေချိန်ဖြစ်ပါတယ်။နေ့ စဉ် နဲ့ အမျှဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲနေပြီး ကိုယ့်ရပ်ကွက် ကိုယ်အစိုးရ လုပ်နေ ရချိန်ဖြစ်ပါတယ်။အစိုးရဌာနတွေ ဘာမှ မလုပ်တော့တဲ့ အချိန်ဖြစ်လို့  စစ်စကားနဲ့ ပြောရရင်တော့ လုံခြုံရေးကျိုးပေါက်နေချိန်ဖြစ်ပါတယ်။ ရန်ကုန်မြို့ ထဲမှာ လက်နက်ခဲယမ်းတွေ ဘယ်လောက် ရောက်နေပြီလဲ လို့  မပြောနိင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မြို့ တွင်းတိုက်ပွဲ တွေ အကြီးအကျယ် ဖြစ်ချင်လည်း ဖြစ်သွားနိင်တယ်လို့ ခန့် မှန်းရပါတယ်။ အမြဲတန်း ရှေ့ တန်းစစ်ဆင်ရေး ထွက်နေကြ အတိုင်း လက်နက်ကြီး လက်နက်ငယ် ဖွဲ့ စည်းပုံ အပြည့် နဲ့ ရန်ကုန်မြို့ ထဲ ၀င်ခဲ့ကြတာဖြစ်ပါတယ်။

ကျိုက်က္ကဆံ ကွင်းထဲမှာ နေရတာ ဘာမှပြသနာ မရှိပေမယ့် အုပ်ချုပ်မှု ကိစ္စ အပြင်ထွက်ရ တာ စစ်ရုံး နဲ့ သက်ဆိုင်ရာ ကွပ်ကဲမှု တွေ ဆီ သွားလာရာ မှာတော့ တော်တော် အခက်အခဲရှိပါတယ်။ အဓိက ကတော့ စစ်မြေပြင်မှာ လုပ်နေကြအတိုင်းမဟုတ်ဘဲ အမိန့် တိတိကျကျ မရှိတာပါဘဲ။ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ အမြဲ လေ့ကျင့် ခဲ့တဲ့ဘ၀ကနေ ဘာလုပ်ရမယ်ဆိုတာ အမိန့် တိတိကျကျ ကို ကွပ်ကဲမှု ဌာနက မပေးနိင်ပါဘူး။ မြန်မာ့ အသံ အသံလွှင့်ရုံမှာ ရှိနေတဲ့ ကွပ်ကဲမှု ဌာနက ပေးတဲ့ အမိန့် ကတော့ တစ်ခုတည်းပါဘဲ။ဘာတွေ ဘယ်လိုဖြစ်နေနေ သူတို့ ဆီက အမိန့် မရဘဲ လုံးဝ မပစ်ရ ဆိုတာပါဘဲ။တကယ်တော့ အပြင်ထွက်ရတဲ့ အုပ်ချုပ်မှု ကိစ္စတွေ ကို ရှေ့ တန်း ရေးထောက် (AQ) က လုပ်ရမှာ ဖြစ်ပေမယ့် အရာ၇ှိစီစစ်ရေးကဒ်မပါဘူးဆိုတော့ ရန်ကုန်မှာ အ၇ာရှိစီစစ်ရေး ကဒ် လိုကောင်းလိုနိင်မယ်လို့  ကြိုတင်မျှော်တွေး မှုကောင်းကောင်းနဲ့ ယူလာခဲ့မိသူ ကံဆိုးသူမောင်ရင်ဖြစ်ပြီး ပြသနာ ပေါင်းစုံ ကြုံရတဲ့ အပြင် ကို နေ့ စဉ် ထွက်နေရပါတော့တယ်။ ။
(၇.၈.၂၀၁၄)

( ဆက်လက်ဖော်ပြပါမည်)

From:U Thaung Aye

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...