Monday, 11 August 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင်နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး၊ နည်းပညာ အကူအညီပေးရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး၊ လျှပ်စစ်၊ လယ်ယာနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်အခြေအနေ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး မြှင့်တင်မှု အခြေအနေ၊ စာနယ်ဇင်းသမားများ ဥပဒေအရ အရေးယူ ခံရမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံတိုင်းတွင် တွေ့ကြုံ ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့ အနေဖြင့် ဒီမိုကရေစီကို အပြည့်အဝ ဖော်ဆောင်နိုင်ရေးကို ရည်မှန်းချက်ထား လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေး အပါအဝင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ကိစ္စတစ်ခုချင်းအတွက် လမ်းပြမြေပုံနှင့် လုပ်ငန်းစီမံချက်များ ချမှတ်ထားပြီး ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့သည့် နိုင်ငံများ၏ အခြေအနေနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်သည့် အောင်မြင်မှုကို တွေ့ရမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့် အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး ထိုအောင်မြင်မှုများ အခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း၊ သုံးနှစ်တာ ကာလ အတွင်း ဒီမိုကရေစီ စံနှုန်းများ အပြည့်အဝ ပေါ်ပေါက်အောင် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များ ရှိသည်ကို နားလည်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိကြောင်း၊ ရှေ့သို့ ချီတက်ရန်သာ ရှိပြီး မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မဆုတ်မနစ် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ထိုသို့ ရှေ့ကို ဆက်လက် ချီတက်နိုင်ရန် အတွက် နိုင်ငံတကာက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် အခက်အခဲအချို့ ရှိသော်လည်း သမိုင်းတွင်မည့် ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင်ရနေသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင် ရန်အတွက် မိတ်ဆွေ တစ်ဦး အနေဖြင့် ကူညီရန် အသင့်ရှိကြောင်း၊ အမေရိကန် လွှတ်တော်နှင့် ပြည်သူများအတွင်း မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်မားနေကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ အောင်မြင်မှုများကိုလည်း အသိအမှတ်ပြုကြ ပါကြောင်း၊ အောင်မြင်မှုများ ရရှိသည်နှင့်အမျှ နိုင်ငံတကာ၏ မျှော်လင့်ချက်များသည်လည်း ပိုမိုမြင့်မားလာကြောင်း၊ ထိုအချိန်တွင် မမျှော်လင့်သော ဖြစ်ရပ် အနည်းငယ်ကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ ပုံရိပ်ကို ထိခိုက်စေကြောင်း၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် အသင့် ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် လည်း တက်ရောက်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပထမအကြိမ် အဖြစ်တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။


From:သမ္မတရုံး

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...