Friday, 22 August 2014

စစ်သားတွေအားလုံး မုဒိမ်းကျင့်နေရင်တော့ ရှင်းပါတယ် တစ်တိုင်းပြည်လုံး စစ်မျိုးဖြစ်ကုန်မပေါ့

မြန်မာပြည်မှ ဆရာဝန်သည် မိုးရေထိုးသည် ၊ ကုလျှင်မပျောက် ၊ ပျောက်လျှင်လဲ ဆေးဘိုးဝါးခ မတန်မတစ်ဆတောင်းသည်။ အဲလိုစကားတွေကြားတော့ ကျတော်ပြန်ပြောချင်တယ် ။

ဟိုတစ်လောက ကျတော် တောင်ငူက ဆရာဝန်လေးတစ်ယောက်ရဲ့ အကြောင်း ရေးခဲ့ဖူးတယ်
ပိုက်ဆံမရှိလို့ ဆေးမထိုးနိုင်တဲ့ ရွာက အမေအိုတစ်ယောက်ကို သူ့ အိတ်ထဲရှိတဲ့ နောက်ဆုံးလက်ကျန် ပိုက်ဆံတစ်သောင်းခွဲလုံး စိုက်ပြီး ဆေးဝယ်ထိုးပေးခဲ့တဲ့ဆရာဝန်လေးတစ်ယောက်အကြောင်းပါ ။

ဒီလိုပါပဲ သူပြောင်းသွားလို့ တစ်မြို့ လုံးငိုကြတဲ့ ပင်းတယ မြို့ က မြို့ နယ်ဆရာဝန်ကြီးအကြောင်းတွေ

ချင်းတောင်တန်းပေါ်မှာ ကိုယ့်စားရိတ်နဲ့ ကိုယ်ဆေးဝယ် နှင်းတောထဲ ကားလမ်းမပေါက်လို့ ခြေကျင်လျှောက်ပြီးဆေးကုတဲ့ဆရာဝန်တွေ

နှစ်ပါတ်အတွင်းမှာ သွေးတစ်ခါလှူခဲ့ပြီးပေမယ့် လူနာအရေးအရမ်းကြီးလို့  သူ့ သွေးကိုထပ်မံဖောက်ထုတ်ပြီးလှူကာ လူနာကိုရောဂါကုသခဲ့တဲ့
သာယာဝတီမြို့ နယ် ရွာလေးတစ်ရွာက
ကျန်းမာရေးမှုး ဆရာအေး လို ဆရာမျိုးတွေ

နာရီပေါင်းများစွာခွဲခန်းထဲမှာ ထမင်းမစားဟင်းမစားနဲ့ 
အသက်တစ်ချောင်းကိုလုနေကြတဲ့ ပါမောက္ခဒေါက်တာကြီးတွေ

ဒါတွေကြတော့ သူတို့  နားတွေမျက်လုံးတွေ အလုပ်မလုပ်ကြတာလား ?????

မြန်မာပြည်မှ ကျောင်းဆရာမတွေ ကျောင်းဆရာတွေ ကျူရှင်သင်တယ်
စေတနာမပါဘူး မျက်နှာလိုက်တယ် ငွေမျက်နှာကြည့်သည်ဟုပြောကြသည်။ အဲလိုစကားတွေပြောတော့ ကျတော်ပြန်ပြောချင်သည်။

ကျတော် ဗထူးမှာသင်တန်းတက်တော့ ရှမ်းပြည်က
ရွာပေါင်းများစွာကိုရောက်ဘူးခဲ့တယ်။ ရွာတစ်ရွာဆို ကားလမ်းတောင်မရှိ ၊ လှည်းလမ်းမှသွားရတယ် ။
အဲရွာမှာ ကျတော်တို့ စာသင်ကျောင်းမှာအိပ်တော့ ဆရာမလေးကို ကျတော်မေးဘူးတယ် ဆရာမလေးက ဒီရွာသူလား ဆိုတော့
မဟုတ်ပါဘူး ကျမ ရန်ကုန်ကပါတဲ့။ အော် တာဝန်ကျနေတာပေါ့
မပြန်ချင်ဘူးလား ဒီလောက်ခေါင်တာ လို့ ကျတော်ဆက်မေးတယ်
အစက တော့ ငိုတောင်ငိုမိကြောင်း အခုတော့ ဒီလိုဒေသက
တပည့်လေးတွေ ပညာတတ်တွေဖြစ်ချင်တဲ့စိတ်နဲ့ ကျမပျော်နေပြီဖြစ်ကြောင်း၊ သူတို့ ကိုပညာတတ်စေချင်လွန်းလို့ ကျောင်းဆင်းရင် သူနေတဲ့ကျောင်းဘေးက အိမ်လေးမှာ ကလေးတွေကို အချိန်ပိုထပ်သင်ပေးကြောင်း ၊တစ်ချို့ ကမလာလို့ အိမ်လိုက်ခေါ်ရကြောင်း၊ လာသင်တဲ့ကလေးတွေကိုလဲ သူ့ လခထဲကပဲ ထမင်းကျွေးကြောင်း ပြောပြခဲ့ဘူးတယ် ။
လူသူအရောက်နည်းတဲ့ ရွာလေးတွေမှာ ရှားရှားပါးပါး တစ်ယောက်တည်းနဲ့ တစ်ကျောင်းလုံးကိုစေတနာအပြည့်နဲ့ 
စာသင်နေကြတဲ့ဆရာတွေဆရာမတွေ ဘယ်လောက်များရှိမလဲ ။ကျူရှင်ဘိုးမပြောနဲ့ ကိုယ့်ထမင်းကိုယ်တောင် မနည်းစားနေကြတဲ့နေရာမှာ ကျောင်းတွင်သာမက အိမ်မှာပါ စေတနာနဲ့ ရွာသူရွာသားတွေကို
စာသင်ပေးတဲ့ဆရာဆရာမတွေအများကြီးပါ။
သူတို့ အတွက် ကျူရှင်တစ်ဝိုင်း ၅၀၀၀၀ ကျပ်ဆိုတာ
ရယ်စရာ ဟာသတစ်ပုဒ်ပါပဲ ။
တပည့်တစ်ယောက် ပညာတတ်ဖြစ်ပြီး သွားကန်တော့ရင်
ဝမ်းသာလွန်းလို့ ငိုနေတတ်တဲ့
ဆရာမအိုကြီးတွေရဲ့ မျက်နှာကိုကျတော်ပြန်မြင်မိတယ်။
ဒီလိုဆရာ ဆရာမတွေအတွက် သူတို့  နှုတ်တွေဆွံ့ အနေသလား။

မြန်မာပြည်ကမီးသတ်တွေ မီးငြိမ်းမှလာတယ် ပိုက်ဆံမပေးရင်မီးမသတ်ဘူး
သူတို့ ငြှိမ်းမှ ပိုလောင်တယ် ဘာညာပြောကြတယ်။

ရတနာပုံဈေးမီးလောင်တော့ အသက်စွန့်ပြီးငြှိမ်းခဲ့တဲ့ မီးသတ်ဝန်ထမ်း၆ ယောက်၊

ကျောက်တံတားက တိုက်ခန်းမယ် ပိတ်မိနေတဲ့ခလေးကို ၀င်ကယ်ပြီး အသက်စွန့် ခဲ့တဲ့မီးသတ်ရဲဘော်လို လူမျိုးတွေ ၊
သူတို့ တွေအတွက်စကားလုံးတွေ သူတို့ ရှာမရခဲ့သလား

မြန်မာပြည်က ယာဉ်ထိန်းရဲတွေ ပိုက်ဆံတောင်းသည် ငွေညှစ်သည်
လမ်းမရှင်း လိုင်စင်သိမ်းသည် အစုံဝိုင်းပြောကြသည်။ အဲလိုစကားတွေပြောတော့ကျတော်ပြန်ပြောချင်သည်။

မိုးထဲရေထဲမှာ တစ်နေကုန် လမ်းရှင်းနေတဲ့ မြေနီကုန်းမီးပွိုင့်က
ယာဉ်ထိန်းတပ်ကြပ်လို လူမျိုးတွေ ၊
မန္တလေးမှာ မီးပွိုင့်ထိပ်ကားပျက်နေလို့ 
တွန်းပေးဘို့ လာခဲ့တာကို ဖမ်းမည်မှတ်ပြီး ၀ိုင်းရိုက်လိုက်လို့ 
ဆေးရုံရောက်ခဲ့ရတဲ့ ယာဉ်ထိန်းရဲ အကြောင်းတွေ ၊ ဟံသာဝတီ မီးပွိုင့်မှာ ကားတွေအားလုံးသတိပြုမိတဲ့အထိ သူ့ တာဝန်သူ
ရိုးသားစွာထမ်းဆောင်နေသော ယာဉ်ထိန်းရဲတွေ

သူတို့ အတွက် စကားသံတွေ နားတိုင်းမှာ ပျောက်ဆုံးနေခဲ့တယ်။

မြန်မာပြည်ကစစ်သားတွေက အာဏာရှင်ဆန်တယ် ရိုင်းတယ် မိုက်တယ်
စစ်ခွေးတွေဟု ပြောကြသည်

အထွေအထူးမပြောလိုဘူးဗျာ ခြေလျင်တပ်က ဘားတိုက်ထဲ ခြောက်ရက်လောက်ပဲနေကြည့်ပါ
အာဏာရှင်နဲ့ စစ်သားခင်ဗျား ခွဲခြားပြီး သိပါလိမ့်မယ်

နေရာတိုင်းတော့ အဆိုးချည်းမရှိ၊အကောင်းချည်းမရှိပါဘူး၊
အားလုံးကဒွန်တွဲနေတာပါ။ ဆရာဝန်လောကမှာ
မကောင်းတဲ့ဆရာဝန်တွေရှိသလို သမားစစ်စစ် ဆရာဝန်တွေရိုက်သတ်လို့ မကုန်ဘူး။
နေရာတိုင်းမှာပေးဆပ်နေကြတဲ့ဆရာဝန်တွေထုနဲ့ ဒေး။

ဆရာတွေဆရာမတွေအားလုံးကောင်းတယ်မပြောလိုဘူး အာစရိယ စစ်စစ် တွေမြန်မာပြည်မှာ လက်ညှိုးထိုးမလွဲပါဘူးဗျာ။

စစ်သားတွေအားလုံးဆိုးရင်တော့ ရှင်းပါတယ်၊ အားလုံးသေကုန်မပေါ့။ စစ်သားတွေအားလုံးမုဒိမ်းကျင့်နေရင်တော့ ရှင်းပါတယ် တစ်တိုင်းပြည်လုံး စစ်မျိုးဖြစ်ကုန်မပေါ့။
သူ့ နေရာနဲ့ သူမှာ ဆိုးသူကောင်းသူဆိုတာရှိနေတာပါပဲ ။

ပြောချင်တာကတော့ အစိုးရတစ်ခုကိုမကျေနပ်တာနဲ့  အစိုးရ၀န်ထမ်းမှန်သမျှ
သမ္မတ ကနေ ဒလ၀မ် အဆုံး အမျိုးယုတ်ချည်းတော့မထင်ကြပါနဲ့ ဗျာ။

လာဘ်စားတဲ့တရားသူကြီးရှိမယ်၊ပိုက်ဆံတောင်းတဲ့ရဲလဲရှိမယ်၊ ပိုက်ဆံရမှမီးသတ်မယ်ဆိုတဲ့မီးသတ်လဲရှိမယ်၊စေတနာမပါပဲ မျက်နှာလိုက်တဲ့ဆရာဆရာမလဲရှိမယ်၊လူသတ် မုဒိမ်းကျင့်တဲ့စစ်သားလဲရှိမယ်၊
ကုရင်မပျောက်ပဲ အဖိုးခပိုတောင်းတဲ့ ဆရာဝန်လဲရှိမယ်၊
ဒါတွေက နေရာတိုင်းက ကြွတ်ချေးတွေ။

ဒီလူတွေကိုကြည့်ပြီး အစိုးရ၀န်ထမ်းဆိုတာနဲ့ လူယုတ်မာတွေလို ရေးသားဖော်ပြနေတာတွေ့ တော့ တကယ်ခံစားပြီး တကယ်စေတနာထားပြီး တကယ် ပေးဆပ်ပြီး လုပ်နေတဲ့ နိုင်ငံတစ်ဝှမ်းက ၀န်ထမ်းတွေကတော့
စိတ်မကောင်းဖြစ်သလို စိတ်လဲနာကြမှာပဲ ။

ခင်ဗျားတို့ ပြောတဲ့ပြည်သူ့ ဆန် ဘယ်သူမှ အလကားစားနေတာမရှိပါဘူးဗျာ
သူကျရာတာဝန်မှာ တန်အောင်တော့ပြန်ပေးနေကြပါတယ်။
ဆိုးတဲ့လူတွေအတွက် ပလူပျံအောင်ရေးနေတဲ့အချိန်
ကောင်းတဲ့လူတွေအတွက်ကျတော့ သူတို့ တုံ့ ပြန်မှုတွေက အေးစက်လွန်းတယ်။

ပြည်သူ့ ဆန်စားတာပဲ လုပ်ပေါ့၊ အားလုံးအကောင်းချည်း ဖြစ်ရမှာပေါ့ဆိုရင်တော့ တစ်ခုပဲ တောင်းဆိုပါမယ် ကျတော် သွားခိုင်းတဲ့ မြို့ ကိုသွားပြီး နိုင်ငံဝန်ထမ်း သုံးလလောက်လုပ်ကြည့်လိုက်ပါ ။

ထူးဝေ

From: Htoo Wai

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...