Sunday, 10 August 2014

နှစ်ယောက်အတူလက်ထပ်ပြီး ကလေးတစ်ယောက်ရတော့မှ မောင်နှမအရင်းဖြစ်နေမှန်းသိလိုက်ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်

 ဆွေမျိုးသားချင်းတွေ ပြန်လည် ပေါင်းသင်းယူခဲ့ရင် ဉာဏ်ရည် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးဖွားတတ်တယ်လို့ ဆေးပညာလောကမှာ သတ်မှတ်ထားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်နိုင်ငံက မောင်နှမနှစ်ဦးဟာ ဆွေမျိုးတော်စပ်မှန်း သိခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်းသင်းခဲ့ကြပါတယ်။ လက်ထပ်ပြီး ကလေးရပြီးတဲ့အခါမှ မောင်နှမတွေဆိုတာ သိလိုက်ရလို့ စိတ်ပျက် ၀မ်းနည်းသွားခဲ့ကြပါတယ်။ အသက် (၃၇) နှစ်အရွယ်ရှိ လီယိုနာဒိုနဲ့ အသက် (၃၉)နှစ်အရွယ်ရှိ အက်ဒရီယာနာတို့ဟာ ပေါင်းသင်းလက်ထပ်ခဲ့တာ ခုနစ်နှစ်ရှိခဲ့ပြီး အသက်ခြောက်နှစ်အရွယ် သမီးတစ်ယောက်တောင် ရရှိ ထားပြီးဖြစ်ပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းက ပျောက်ဆုံးသွားတဲ့ မိခင်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ထူးခြားတိုက်ဆိုင်တာက သူတို့ ရှာဖွေနေတဲ့ မိခင်ရဲ့ အမည်ကလည်း တူညီနေခြင်းဖြစ်ပါတယ်။ သူတို့ဟာ မာရီယာဆိုတဲ့ အမည်နဲ့ မိခင်ဖြစ်သူကို လိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။

အက်ဒရီယာနာဟာ အလှကုန်ပစ္စည်းတွေကို ရောင်းချပြီး အသက်တစ်နှစ်အရွယ်က စတင်ပြီး မိခင်ဖြစ်သူကို မြင်တွေ့ဖူးတော့ ခြင်းမရှိပါဘူး။ လီယိုနာဒိုကလည်း အသက်ရှစ်နှစ်အရွယ်မှာ မိခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ ရပြီး မိထွေးဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လီယိုနာဒိုနဲ့ အက်ဒရီယာနာတို့ ဟာ ဆော်ပေါ်လိုမြို့မှာ မွေးဖွားခဲ့တာခြင်း တူညီခဲ့ပါတယ်။ အက်ဒရီယာနာဟာ နေအိမ်က ထွက်ခွာပြီး နောက်အခြားတစ်နေရာမှာ အိမ်ဖော် လုပ်ကိုင်ရင်း အသက် (၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျပြီး ကလေးသုံးယောက် ရခဲ့ပါတယ်။ ဒီနောက် အက်ဒရီယာနာဟာ သူ့ မွေးဖွား ခဲ့တဲ့မြို့ကို ပြန်ရင်း လီယိုနာဒိုနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ထပ် ပေါင်းသင်းပြီးနောက် ပြီးခဲ့တဲ့လမှာ အက်ဒရီယာနာက ဒေသခံရေဒီယို အသံလွှင့်ဌာနကို အကူအညီတောင်းပြီး မိခင်ဖြစ်သူကို ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူ မာရီယာက သူ့မှာ လီယိုနာဒိုတဲ့ သားတစ်ဦးရှိခဲ့ဖူးကြောင်း ပြောကြားခဲ့တာမို့ အက်ဒရီယာနာဟာ မောင်နှမတွေဖြစ်မှန်း သိရှိသွားပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ဟာ မိခင်ဖြစ်သူနဲ့ ပြန်လည်နေထိုင်ပြီး ဖြစ်ပျက်ခဲ့သမျှကို မိခင်ဖြစ်သူအား အပြစ်တင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

From: Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...