Friday, 15 August 2014

ဓမ္မစေတီခေါင်းလောင်း ရှာနေသူများ သံသင်္ဘော စတင်တွေ့ရှိ

 
ခေါင်းလောင်း ရှာဖွေဖော်ယူရေး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် သောင်တူးသင်္ဘောကို ယခုလ ၁၂ ရက်နေ့က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဓမ္မစေတီမင်းခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်းနှင့် ပတ်သက်ပြီး မတူကွဲပြားသည့် အမြင်များ
ထွက်ပေါ်နေသော်လည်း ခေါင်းလောင်းနစ်မြုပ်ရာနေရာဟု ယူဆရသည့် အပေါ်ဘက်တွင်
ပေ ၁၁၀ အရှည်ရှိ သည့် သံသင်္ဘောကို စီမံကိန်းစတင်ပြီး တတိယမြောက်ရက်တွင်
တွေ့ရှိထားကာ ထိုသင်္ဘောကို ဆယ်ယူနိုင်ရန် နုန်းမြေများကို ဖယ်ရှားရှင်းလင်းလျက်ရှိနေကြောင်း
ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ကော်မတီဝင် (မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ
ဒုတိယ ဥက္ကဋ္ဌ) ဦးနိုင်မင်းအောင် ကပြောသည်။

"လောလောဆယ်မှာတော့ သံသင်္ဘော တွေ့ထားပြီ။ ဒါပေမဲ့ နုန်းတွေဖယ်နေတာ
ဘယ်လောက်ကြာမလဲ မသိရသေးဘူး" ဟု ၎င်းကပြောသည်။

ယခုဆယ်ယူရေးအဖွဲ့ကို ဦးဆောင်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းမှာ အဆိုပါခေါင်းလောင်းကြီး
ကို ဆယ်ယူရန် ငါးကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတစ်ဖန် ဆယ်ယူရေး
စီမံကိန်းကို ဩဂုတ်လ ၉ ရက်နေ့က ပြန်လည်စတင်နေခြင်း ဖြစ်သည်။

"နောက်ဆုံးဆယ်ယူခဲ့တဲ့ အချိန်တုန်းက ခေါင်းလောင်းကြီးကိုတွေ့ပေမယ့် ဆယ်ယူဖို့
အချိန်မတန်သေးဘူးလို့ ပုဂ္ဂိုလ်တစ်ပါးပါးက ကျောကို ထိတွေ့ပြီး ပြောလိုက်တယ်။
တစ်စုံတစ်ရာက လာထိလိုက်တယ် ပေါ့နော်။ မြင်တော့မမြင်ရဘူး။ အချိန်မတန်သေးဘူး
ဆိုတာကိုပဲ ခေါင်းထဲရောက်နေခဲ့တယ်။ အခုတော့ ရမယ်ဆိုတာ သေချာပြီလို့ ပြောနိုင်ပါတယ်။
အခုဆယ်ယူတဲ့ နေရာမှာ ခေတ်မီနည်းပညာတစ်ခုမှ မသုံးပါဘူး။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပဲ
လုပ်တာပါ။ သီလသမာဓိကို ထူထောင်ပြီး လုပ်တာဖြစ်ပါတယ်။ တကယ်တော့ မေးနေလို့သာ
ပြောနေရတာ။ ဒါတွေက မပြောဘဲနေတာ ပိုကောင်းတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း
မပြောစေချင်ဘူး"ဟု ၎င်းက ဆယ်ယူရေး စီမံကိန်းတွင်းသို့ မရောက်မီ မြန်မာတိုင်း(မ်)ကို
ပြောကြားခဲ့သည်။

လက်ရှိ ဆယ်ယူရေးလုပ်ငန်းခွင်အတွင်း ပါဝင်သူများမှာ ငါးပါးသီလနှင့် နေရပြီး
သက်သတ်လွတ်စားကာ အပြောအဆိုပါ စောင့်ထိန်း နေထိုင်နေရသည်။

အဖွဲ့တွင် ဆရာတော်အပါအ၀င် ခေါင်းဆောင်အဖွဲ့၊ အလှူရှင်အချို့၊ ရေငုပ်သမားများ အပါအ၀င်
သင်္ဘောထိန်းများ၊ ထမင်းချက်များ စုစုပေါင်း ၈၀ ခန့်လိုက်ပါသွားပြီး ရေငုပ်သမား ၁၀ ဦးမှာ
အလှည့်ကျ ငုပ်နေကြကာ ရေစီးသန်သည့် ရာသီဖြစ်သဖြင့် တစ်နေ့လျှင် တစ်ကြိမ်မှ
နှစ်ကြိမ်အထိသာ ငုပ်နိုင်သည်။

ခေါင်းလောင်းဆယ်ယူရေး စီမံကိန်းအနီးဝန်းကျင်တွင် ဆယ်ယူသည့်နေ့မှ စတင်၍
လာရောက်ကြည့်ရှုသူများ နေ့စဉ် ပိုမိုများပြားလာလျက်ရှိနေပြီး ဒီရေအတက်အကျ
လှိုင်းလေယိမ်းမှုများကြောင့် စက်လှေများ တိမ်းမှောက်နိုင်သည့် အန္တရာယ်ရှိသည့်အတွက်
သွားရောက်ကြည့်ရှုသူများ အနေဖြင့် ဂရုစိုက်စေလိုကြောင်း ခေါင်းလောင်းဆယ်ယူရေးစီမံကိန်းသို့
သွားရောက်ကြည့်ရှုခဲ့သူ ဧရာဝတီတိုင်းဒေသကြီးမှ ဦးဝင်းညွန့်က ပြောသည်။ မြစ်သုံးခွဆိုင်ရှိ ခေါင်းလောင်း ဆယ်ယူနေသည့် သင်္ဘောများရှိရာသို့ သွားရောက် လေ့လာကြည့်ရှုလိုသူများအား စောင့်ဆိုင်းနေသည့် ကူးတို့လှေများကို ယခုလ ၁၂ ရက်နေ့က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်) ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းဝတို့ ဆုံသည့်နေရာရှိ အဆိုပါ ခေါင်းလောင်းပြန်လည်
တူးဖော်နေသည့် လုပ်ငန်းခွင်ရှိရာသို့ သာကေတမြို့နယ် ရှုခင်းသာ ဘိုးလင်းစင်တာ
အနောက်ဘက်ရှိ ကူးတို့ဆိပ်မှတစ်ဆင့် စက်သမ္ဗန် အသေးစားများဖြင့် သွားနိုင်ပြီး စက်လှေ
တစ်စင်းငှားရမ်းခမှာ ကျပ် သုံးထောင်မှ ငါးထောင်အထိ ရှိသည်။

ပန်းဆိုးတန်းဆိပ်ကမ်းမှလည်း သွားရောက်သူ အများအပြားရှိပြီး ကူးတို့လှေခမှာ
ကျပ်တစ်သောင်းနှင့် အထက်ရှိသည်။

မြစ်ဆုံတွင် သံသယရှိသော ခေါင်းလောင်း နစ်မြုပ်ရာနေရာသို့ အမှတ်အသားတိုင် တစ်ခု
စိုက်ထားပြီး ရေငုပ်သမားများသည်လည်း အဆိုပါ ပတ်ဝန်းကျင်တွင် ရေငုပ်ကာ
ရှာဖွေနေကြသည်။

ခေါင်းလောင်းကြီး ဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့
တွင် ခွင့်ပြုမိန့်ပေးခဲ့ပြီး ကော့သောင်းမြို့မှ ရေငုပ်သမားများနှင့် ပညာရှင်များ စုစုပေါင်း အယောက်
၈၀ ခန့်နှင့် သောင်တူးသင်္ဘောများကို အသုံးပြု၍ ဆယ်ယူလျက်ရှိသည်။

ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၁ မှ ၁၄၉၂ ခုနှစ်တွင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ခြင်းဖြစ်သည်
ဟုဆိုကာ ခရစ်နှစ် ၁၄၇၆ ခုနှစ်၊ အောင်တိုဘာလတွင် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းခဲ့၍
ခေါင်းလောင်းကြီး၏ ကြေးတန်ချိန်ပေါင်း ၁၈၀,၀၀၀ ပိဿာ အလေးချိန်ရှိကြောင်း၊ ကမ္ဘာ့အကြီးဆုံး
ခေါင်းလောင်းများတွင် တစ်လုံးအပါအ၀င်ဖြစ်ပြီး အဆိုပါ ဓမ္မစေတီခေါင်းလောင်းကို ၁၆၁၂ ခုနှစ်၊
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပေါ်တူဂီလူမျိုး ငဇင်ကာ (ဖီးလစ်ဒီဘရစ်တို)က သင်္ဘောဖြင့်
သယ်ဆောင်စဉ် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် သမိုင်းပညာရှင်အချို့ကမူ အဆိုပါ ခေါင်းလောင်း အမှန်တကယ် ရှိမရှိ ကို သံသယ
ရှိနေကြပြီး မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် သမိုင်းအထောက်အထားများသည် သိပံ္ပနည်းကျ
တွက်ချက်မှုများနှင့် လက်တွေ့ သဘောတရားများကြောင့် ယနေ့အချိန်တွင် စဉ်းစားဖွယ်ကိစ္စများ
ဖြစ်နေကြောင်း စာတမ်းရှင် ဦးမြင့်သူ (တမ္ပ၀တီ)က ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက
ကျင်းပခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစာတမ်း ဖတ်ပွဲတွင် တင်ပြဆွေးနွေးခဲ့ဖူးသည်။

"ဓမ္မစေတီ ခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်ပေါ်မှာ လှူဒါန်းခဲ့တယ်လို့
သမိုင်းအယူအဆတွေက ဆိုတယ်။ အမှန်တကယ် လှူဒါန်းခဲ့ရင်လည်းကြေးပိဿာချိန်
တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုတာကော ဟုတ်သလား။ ဘယ်နည်းနဲ့ တွက်ချက်ထားတဲ့
ပမာဏ ဖြစ်မလဲ။ ခေါင်းလောင်းကြီးကို ပေါ်တူဂီ လူမျိုး ငဇင်ကာ ဖြုတ်ယူသွားတယ်၊ ဒေါပုံမြစ်ထဲ
နစ်မြုပ်ခဲ့တယ်ဆိုတဲ့အချက် တကယ်ပဲ မှန်ကန်မှု ရှိနိုင်မလား။ သူများတွေက ဆင်ကြီး
မြင်နေရတာတောင် ဆင်ခြေရာ ရှာစရာလိုလားလို့ ကျွန်တော့်ကိုပြောကြပေမယ့် ကျွန်တော့်
တစ်ဦးတည်းရဲ့ အမြင်ကတော့ အဲဒီဆင်ကြီးကို အခုတွေ့ပြီလားဆိုတာ စဉ်းစားဖို့ကောင်းတယ်" ဟု
၎င်းက ပြောသည်။

သို့သော် မွန်အမျိုးသားတို့ အနေဖြင့် မွန်သမိုင်းအထောက်အထားများကို အခြေခံ၍
ဓမ္မစေတီ ခေါင်းလောင်းသည် အမှန်တကယ် တည်ရှိခဲ့သည်၊ နစ်မြုပ်ခဲ့သည်ဟူသော
အချက်များကို ယုံကြည်နေကြသည်။


From: Myanmar Times

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...