Wednesday, 13 August 2014

ရှစ်တန်းကျောင်းသူလေးကို ဓားပြကာ အချစ်ဓားပြတိုက်တဲ့ ၁၀ တန်းကျောင်းသားနှင့် နောက်လိုက် ၂ ဦးကို ရဲစခန်းမှ အရေးယူပြီ

ကျောင်းမှပြန်လာသည့် ရှစ်တန်းကျောင်းသူတစ်ဦးအား ခလုပ်ဓါးဖွင့်ကာ ခြိမ်းခြောက်အဖြေတောင်းခဲ့သည့် (၁၀)တန်းကျောင်းသားနှင့်အပေါင်းအပါနှစ်ဦးကို မိဘများ၏တိုင်တန်းချက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားရဲစခန်းမှ သြဂုတ်လ(၄)ရက်နေ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဇူလိုင်လ(၂၉)ရက်နေ့ညနေ(၄)နာရီအချိန်က ဟင်္သာတမြို့နယ်၊ကုက္ကိုလ်စုကျေးရွာနှင့် အုတ်ဖိုချောင်ကျေးရွာအ ကြားလမ်းမပေါ်၌ ကျောင်းမှပြန်လာသည့်ရှစ်တန်းကျောင်းသူကို ဒူးယားအထက်တန်းကျောင်းမှ(၁၀)တန်း ကျောင်းသားမောင်ဝေလင်းထက်နှင့် အပေါင်းအပါနှစ်ဦးတို့ နောက်မှလိုက်၍လက်ကိုဆွဲကာ ခလုပ်ဓါးဖွင့်၍ ခြိမ်းခြောက်အဖြေတောင်းခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတိုင်ကြားချက်အရသိရသည်။

ထိုသို့အဖြေတောင်းနေစဉ် ရှစ်တန်းကျောင်းသူ၏ဖခင်ဖြစ်သူမှ အခြားကျောင်းသား၊ကျောင်းသူများ ရန်ဖြစ် နေသည်အထင်ဖြင့် အနီးသို့သွားရောက်ကြည့်ရှု့ရာမှ ၄င်း၏သမီးဖြစ်သူအားနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သိရှိရာမှတဆင့် ရဲစခန်းသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။
“အခင်းဖြစ်ပြီး တစ်ပါတ်လောက်အကြာ (၄)ရက်နေ့မှာမှ ရဲစခန်းမှာအမှုလာဖွင့်တာပါ၊ ဆယ်တန်း ကျောင်းသားအပြင်၊ရှစ်တန်းကျောင်းသားတစ်ယောက်၊ ကြပ်ကလေးရွာမှာနေတဲ့အပြင်က လူငယ်တစ်ယောက် စုစုပေါင်းသုံးယောက်ကို ရဲစခန်းမှာ ထိန်းသိမ်းစစ်နေပါတယ်” ဟုဒူးယားနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါကိစ္စအား ဦးဌေးဝင်းမှ ဥပဒေနှင့်အညီအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဒူးယားနယ်မြေရဲစခန်းမှ (ပ)၂၁/၂၀၁၄ပြစ်မှုပုဒ်မ(၃၅၄၊၅၀၆၊၁၁၄)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

From: မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...