Thursday, 7 August 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် သြဂုတ် ၆
၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်တွင် ကျရောက်မည့် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC II) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားသည်။

အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင်သုံးရပ်မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တွဲဖက် အတွင်းရေးမှူး (၁) ဒေါ်တင်တင်ဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် သံစုံတီးဝိုင်းနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသား ကျောင်းသူများက အာဆီယံ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် အာဆီယံ အဖွဲ့ကြီး၏ (၄၇) နှစ်တာ ခရီးစဉ်ကို ပြန်လည် သုံးသပ်ကြည့်မည် ဆိုလျှင် စည်းလုံး ညီညွတ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့သည် အာဆီယံ၏ အဓိက အခြေခံ ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောခြင်းများအတွက် ထင်ရှားသည့် တိုးတက်ခြင်း များကိုလည်း အောင်မြင်စွာ ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံ၏ ထူးခြားချက်မှာ ကွဲပြားခြားနားမှုများမှ တစ်ဆင့် စည်းလုံး ညီညွတ်ခြင်းကို ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ယင်းအခြေခံစိတ်ဓါတ်များသည် အာဆီယံ၏ တန်ဖိုးနှင့် အခြေခံမူများ ဖြစ်ပြီး ယင်းအခြေခံမူများသည် အာဆီယံကို အခက်အခဲများမှ အောင်မြင်စွာ ကျော်လွှားနိုင်စေရန် လမ်းပြ ဖော်ဆောင်ပေးခဲ့ကြောင်း မိမိအနေဖြင့် ယုံကြည်ပါကြောင်း။

ယနေ့ကာလတွင် အာရှ- ပစိဖိတ်ဒေသကို မဟာဗျူဟာကျသည့် ဒေသတစ်ခု အဖြစ် မြင်တွေ့နေရပါကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုသည်လည်း ပြီးခဲ့သည့် ဆယ်စု နှစ်များအတွင်း ပိုမိုသိသာစွာ တိုးတက်မြင့်မား လာခဲ့ပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို အခြေခံထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်တွင် မိမိတို့၏ ဆောင်ပုဒ်အဖြစ် "ရှေ့သို့တူညီတက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အသိုက်အဝန်းဆီ" ဆိုသည့် အနှစ်သာရ ပြည့်ဝသည့် ဦးတည်ချက်ကို ရွေးချယ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ယနေ့ ကာလသည် အာဆီယံ အသိုက်အဝန်း တည်ထောင်မှု အကောင်အထည်ဖော် ဆောင်ရန်အတွက် အလွန်အရေးကြီးသည့် အချိန်ဖြစ်ပါကြောင်း၊ အာဆီယံသည် တစစ ကြီးမားကျယ်ပြန့်လာသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ပုံသဏ္ဍာန် ပြောင်းလဲ နေပြီ ဖြစ်ပါကြောင်း၊ ထို့သို့ ပြောင်းလဲရာတွင် တူညီသည့် တန်ဖိုးထားရှိမှုများနှင့် တူညီသော စံချိန်စံနှုန်းများကို အပြန်အလှန် လက်ခံခဲ့ကြပြီး နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်း၊ လူမှုယဉ်ကျေးမှု အသိုက်အဝန်းများနှင့် တည်ဆောက်ထားသည် အာဆီယံအသိုက်အဝန်းကို တည်ထောင်နိုင်ရန် ကြိုးပမ်းလျက် ရှိပါကြောင်း။

ယနေ့ကာလတွင် ဒေသတွင်းဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုတို့နှင့် ပတ်သက်ပြီး သိရှိနားလည်မှုများ မြင့်မားလာခြင်း၊ ဒေသတွင်း နိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြုခြင်းများ တိုးမြင့်လာခြင်း၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ များကို ပြည်သူများ လက်လှမ်းမီ အသုံးပြုလာနိုင်ခြင်း စသည့် အပြောင်းအလဲများ ဖြစ်ပါကြောင်း၊ ယင်းအပြောင်းအလဲများသည် ပြည်သူများ၏ နေ့စဉ်ဘဝတွင် အပြုသဘော အကျိုးပြုမှုများ ဖြစ်ထွန်းစေပါကြောင်း၊ ထိုတိုးတက်မှု ရလဒ်ကောင်းများ ရေရှည် တည်တံ့နိုင်အောင် အာဆီယံ အသိုက်အဝန်း တည်ထောင်မှု လုပ်ငန်းစဉ်မှ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။

၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်မှုကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးမြောက်စေရန် အားပေးတိုက်တွန်းသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူအခြေပြု အာဆီယံအသိုက်အဝန်း ထူထောင်မှုသည် ဆင်းရဲနွမ်းပါးမှုနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး မညီမျှခြင်းများကို ဖြေရှင်းပေးနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး မျှော်မှန်းချက်များသည် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက် အရလည်းကောင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ မူဝါဒများနှင့် လည်းကောင်း ကိုက်ညီမှု ရှိပါကြောင်း။

နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကြွယ်ဝချမ်းသာရေးအတွက် အကောင် အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း လမ်းပြမြေပုံသည် ဒေသတွင်း လုံခြုံရေးနှင့် အေးချမ်း သာယာရေး မြှင့်တင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အခြေခံများ ခိုင်မာစေရေးအတွက် ဖြစ်ပါကြောင်း၊ ယင်းပူးပေါင်း ဆောင်ရွက်မှုမှ နေပြီး ဆွေးနွေးဖက်နိုင်ငံများ ပါဝင်သည့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ် ဖြတ်ကျော်မှုခင်းများ ဖြစ်သည့် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကူးစက်ရောဂါ တားဆီး ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရယ် စီမံခန့်ခွဲခြင်းကဏ္ဍများတွင် ဦးစားပေး ပူးပေါင်း ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိုလည်း မြှင့်တင်ရန် ဖြစ်ပါကြောင်း။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်နိုင်ရန်အတွက် ဒေသ တစ်ခုလုံးကို ဈေးကွက်တစ်ခုတည်းနှင့် ထုတ်လုပ်မှု တစ်နေရာတည်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် အာဆီယံ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ဖွံဖြိုး တိုးတက်မှု မျှတစေရန်နှင့် ဖွံဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ထိထိ ရောက်ရောက် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ ပေါင်းစည်း ဆက်သွယ်ရေး မဟာစီမံကိန်း အကောင်အထည်ဖော်မှုနှင့် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း အကောင်အထည်ဖော်မှုတို့သည် ယင်းရည်မှန်းချက်ကို အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

လူမှုယဉ်ကျေးမှု အသိုက်အဝန်းတည်ဆောက်မှုသည် သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အမျိုးသမီး၊ ကလေးသူငယ်များနှင့် ရွှေ့ပြောင်း လုပ်သား များ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆာင်ရွက်မှုများ၊ ကူးစက် ပြန့်ပွားစေသည့် ရောဂါများ ကာကွယ်တားဆီးရေးနှင့် ပညာရေးမြှင့်တင်မှု ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံဒေသကို တိုးတက်စေရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြားတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက်လည်း လူမှု ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ လမ်းပြမြေပုံချမှတ်ပြီး အကောင်အထည် ဖော်လျက်ရှိပါကြောင်း။

အသိုက်အဝန်းတည်ထောင်ရေးဆိုင်ရာ အာဆီယံ၏ မျှော်မှန်းချက်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်းချက်ထား ရှိပါကြောင်း၊ အာဆီိယံအဖွဲ့ဝင်နိုင်ငံများသည် ယင်း ရည်မှန်းချက်ကို အချိန်မီ ပြည့်မီစေရန် ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ အာဆီယံ အနေဖြင့် မတူကွဲပြားမှုများကြားမှ စိန်ခေါ်မှုများကို အာဆီယံ၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အောင်မြင်စွာ ကျော်လွှား နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

မကြာသေးသည့် ကာလအတွင်း အာဆီယံနိုင်ငံများအကြား စိတ်ထိခိုက် ကြေကွဲဖွယ်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါကြောင်း၊ မလေးရှားလေကြောင်း အမှတ် ၁၇ ၏ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးနှင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်း ကျရောက်မှုများကြောင့် အသက်အိုးအိမ်များ ဆုံးရှုံး ပျက်စီးခဲ့ရသည့် ဖြစ်ရပ်များအပေါ် မြန်မာအစိုးရနှင့် မြန်မာပြည်သူများက စာနာစိတ်ဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်များကို ကာကွယ်နိုင်ရန်အတွက် အာဆီယံ အဖွဲ့အတွင်း သာမက ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကို မြှင့်တင်သွားကြရမည် ဖြစ်ပါကြောင်း။

 ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် ဦးဆောင်တာဝန်ယူလျက်ရှိရာ နှစ်လယ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခုနှစ် နှစ်စမှ စတင်ပြီး အာဆီယံ အဖွဲ့ကြီး၏ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများ၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး များကို ကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့် ကျင်းပလျက် ရှိပါကြောင်း၊ ၂၄ ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကိုလည်း ယခုနှစ် မေလအတွင်းက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင် နေပြည်တော်၌ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ ယင်းဝန်ကြီး အဆင့် အစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများ ကျယ်ပြန့်စွာ ပါဝင်ကြမည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုအစည်းအဝေးများမှ အကျိုးရှိသည့် ရလဒ်များကို ဖြစ်ထွန်းစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းတွင် အာဆီယံ၏ ဦးဆောင်မှု အခန်းကဏ္ဍကို အလေးထား ထိန်းသိမ်းပြီး အာဆီယံ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်မျာကို တာဝန်သိသည့်၊ တာဝန်ရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည် ဖြစ်ကြောင်းကို အတည်ပြု ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံ အပေါ် မျှော်မှန်းချက်ဖြစ်သည့် ရှေ့သို့ တူညီစွာ တက်လှမ်းချီပြီး ငြိမ်းချမ်းသာယာဝပြောသည့် အာဆီယံ အသိုက်အဝန်းကို တည်ထောင်ရန် မျှော်မှန်းချက်ကို အပြည့်အဝ အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကိုယ်စား အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်  ဉာဏ်စမ်း ပဟေဋိပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ များအား လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက We ARE ASEAN တေးသီချင်းဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် ဆုရကျောင်းသားကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များသည် အာဆီယံ ၁၀ နိုင်ငံမှ ရိုးရာပစ္စည်းများ၊ အာဆီယံလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ အာဆီယံ စာတမ်းများနှင့် ဆုရစာစီစာကုံးများ ခင်းကျင်းပြသထားမှုကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။


From:သမ္မတရုံး

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...