Sunday, 17 August 2014

အချုပ်အခြာအာဏာ ထိပါးမည့် ကိစ္စရပ်အား နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း မဆွေးနွေးရန် သမ္မတက မူဝါဒချမှတ်



အချုပ်အခြာအာဏာ ထိပါးမည့် ကိစ္စရပ်နှင့် တိုင်းပြည်က ခွဲထွက်ခြင်းတို့ကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း မဆွေးနွေးရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မူဝါဒနှစ်ရပ် ချမှတ် လိုက်ကြောင်း ယမန်နေ့က မြန်မာ့ ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးကော်မတီ (NCCT) တွေ့ဆုံပွဲမှ သတင်းရရှိသည်။ ယခု လ(၁၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ အစည်းအဝေးက ငြိမ်းချမ်းရေးအတွက် မူဝါဒနှစ်ရပ် ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း UPWC မှ သိရသည်။ နိုင်ငံတော်သမ္မတကြီး အနေနဲ့လည်း နောင်ဖြစ် ပေါ်လာမယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများမှာ ဒီမူဝါဒနှစ်ရပ်မှ လွဲပြီး၊ ကျန်အချက်များကို ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ပြင်ဆင်နေတယ် ဆိုတာကို အကြိမ်ကြိမ် ပြောကြားပြီး ဖြစ်ပါတယ် ဟု UPCW ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

လက်ရှိ အချိန်တွင် နှစ်ဖက် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ချက်ကောင်းများဖြင့် ကြိုးစားနေ သော်လည်း နှစ်ဖက် လုံးတွင် စိုးရိမ်မှုများ ရှိကြောင်း၊ ယင်းကိစ္စမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ တစ်ဖက်မှ လှည့်ဖြား သွားမလား၊ ငြိမ်းချမ်းရေးကို အခွင့်ကောင်းယူပြီး အမြတ် ထုတ်မလား၊ စစ်ပြန်တိုက်ရန် လူသူလက်နက် စုမလားဆိုသည့် စိုးရိမ်စိတ်များ နှစ်ဖက်စလုံးတွင် ရှိကြောင်း ဦးအောင်မင်းက ဆက်ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ခင် ဘာတွေထည့်မယ်၊ ဘာတွေ လုပ်မယ်ဆိုပြီး အစီအစဉ်ဆွဲကြ မယ်လေ။ သမ္မတက ဒီနှစ်ချက်ကို မထည့်နဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြင်၊ အသစ် ဆွဲချင်ဆွဲ၊ ဒီလို တောင်းဆိုလို့ ရတယ်ဆိုတဲ့ သဘောပါ ဟု NCCT ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger Media သို့ ပြောသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအား UPWC နှင့် NCCTတို့ ပူးပေါင်း ရေးဆွဲနေပြီး၊ လက်ရှိအချိန်တွင် တတိယမူကြမ်းအား ရေးဆွဲနေပြီ ဖြစ်သည်။ ယနေ့ ဆွေးနွေးမည့် တတိယမူကြမ်းရေးဆွဲ ပွဲတွင်လည်း အပြီးသတ်ရေးဆွဲနိုင်မည် မဟုတ်သော်လည်း (၉၀) ရာခိုင်နှုန်း ကျော်ခန့် ပြီးစီးနိုင်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက မီဒီယာများကိုပြော သည်။ 
 
 
From: The Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...