Thursday, 7 August 2014

ပြည်ကြားရေးဝန်ကြီးဖြစ်ပြီးနောက် ပိုမိုပြတ်သား မာကျောလာသည့် ဦးရဲထွဋ်နှင့် အင်တာဗျူး





 အစိုးရသစ် သက်တမ်းသုံးနှစ်ကျော်ကျော်အတွင်း ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် လျင်လျင်မြန်မြန် ရာထူးတိုးတက်သွားသူမှာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် ဖြစ်သည်။ ဒုဝန်ကြီးဖြစ်ပြီး မကြာမီမှာပင် သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါ တာဝန်ယူခဲ့ပြီး အစိုးရ၀န်ထမ်းပုဂ္ဂိုလ်များအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှ သတင်းများ ပြန်ကြားပြောဆိုသည့်နေရာတွင် ပြိုင်ဘက်မရှိ နာမည်ကျော်သူလည်း ဖြစ်သည်။ ထို့ပြင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်အချို့၏ ကမောက်ကမအလွဲများကိုလည်း ကာကွယ်ပြောဆိုလေ့ရှိသူ၊ အစိုးရ၀ါဒဖြန့်ချိရေးယန္တရား၏ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် လူသိများလှသည့်ဝန်ကြီး ဖြစ်သည်။ လက်ရှိတွင် အစိုးရ၏ တတိယလှိုင်းပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်လုပ်ငန်းစဉ်တွင် ၀န်ကြီးတစ်ဦးဖြစ်လာသူ ဦးရဲထွဋ်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပြုပြင်ပြောင်းလဲရေး မူဝါဒများအား မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာချိန်မှာ ၀န်ကြီးအနေနဲ့ ဦးစားပေးပြီး လုပ်သွားမယ့် လုပ်ငန်းတွေကို သိချင်ပါတယ်။ ဒါ့အပြင် အစိုးရသက်တမ်းက လပေါင်း ၂၀ ခန့်သာ ကျန်ရှိတော့တဲ့အတွက် ဒီအချိန်ကာလအတွင်းမှာ ၀န်ကြီးအကောင်အထည်ဖော်လိုတဲ့ လုပ်ငန်းတွေကို ပြီးဆုံးအောင် လုပ်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ကျွန်တော်ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုက အစိုးရနဲ့ စာနယ်ဇင်းများအကြားမှာ ကျင့်ဝတ်နဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြန်မာမီဒီယာလောကကို ယူနက်စကိုရဲ့ မီဒီယာဖွံ့ဖြိုးရေးအညွှန်းကိန်းများနဲ့အညီ လူမှုတာဝန်သိ မီဒီယာအဖြစ် ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ လူမှုတာဝန်သိ မီဒီယာဆိုတာ အာဆီယံက လက်ခံထားတဲ့ စံနှုန်းလည်း ဖြစ်ပါတယ်။

မေး- ဒီမိုကရေစီစစ်စစ်နိုင်ငံကြီးတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိသလို အစိုးရရဲ့ လုပ်ရပ်အကောင်းအဆိုးကို လွတ်လပ်တဲ့ မီဒီယာတွေကနေ မှတ်ကျောက်တင်ရေးသားကြပါတယ်။ အခုမြန်မာနိုင်ငံကလည်း ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ ဒီပြန်ကြားရေးဝန်ကြီးဌာနဟာ လိုအပ်တယ်လို့ ၀န်ကြီးအနေနဲ့ယူဆပါသလား။ဒါ့အပြင် ဒီဌာနဟာ မလိုအပ်ဘဲနဲ့ထားတဲ့အတွက် တိုင်းပြည်ဘဏ္ဍာတွေလည်း အလဟဿကုန်နေတယ်လို့ ဝေဖန်ပြောကြားမှုတွေလည်း ရှိပါတယ်။ ၀န်ကြီးအနေနဲ့ ဒါကို ဘယ်လိုများ ပြောကြားလိုပါသလဲ။

ဖြေ- ဒီမိုကရေစီစစ်စစ်နိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနမရှိဘူးလို့ ပြောတာကြားတိုင်း ကျွန်တော်အံ့သြမိတယ်။ ဒီမိုကရေစီစနစ်ကို တိုင်းတာတဲ့စံတွေထဲမှာ ၀န်ကြီးဌာနအမျိုးအစားနဲ့ သတ်မှတ်တဲ့ စံမပါပါဘူးဆိုတာ နိုင်ငံရေးသီအိုရီတွေ လေ့လာဖူးသူတိုင်း သိပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ Ministry of Information and Broadcasting ဆိုပြီး ဖွဲ့စည်းထားပါတယ်။ အဲဒီ ၀န်ကြီးဌာနကပဲ သတင်းထုတ်ပြန်ရေးသာမက ရုပ်သံမီဒီယာ၊ ပုံနှိပ်မီဒီယာများ၊ စာနယ်ဇင်းသင်တန်းများအတွက်လည်း တာဝန်ယူဆောင်ရွက်နေတာပါ။ နိုင်ငံပိုင်မီဒီယာတွေကိုလည်း အဲဒီဝန်ကြီးဌာနကပဲ တာဝန်ယူပါတယ်။ အဲဒီလိုပဲ ဒီမိုကရေစီမဆန်ဘူးလို့ နိုင်ငံတကာက ပြောနေတဲ့ နိုင်ငံအချို့မှာ ပြန်ကြားရေးဝန်ကြီးဌာနမရှိပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ ၀န်ကြီးဌာန ဖွဲ့စည်းမှုဆိုတာ နိုင်ငံရေးစနစ်နဲ့ မဆိုင်ပါဘူး။ နိုင်ငံရဲ့အုပ်ချုပ်ရေးအရ လိုအပ်ချက်နဲ့ပဲ ဆိုင်ပါတယ်။

မေး- အစိုးရရဲ့ တတိယလှိုင်းမှာ ပြည်ထောင်စုဝန်ကြီးတစ်ဦး အဓိက တာဝန်ယူရမယ့် တာဝန်တွေက ဘာတွေဖြစ်ပါသလဲ။

ဖြေ- အစိုးရရဲ့ တတိယလှိုင်းမှာ ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ တာဝန်ကတော့ မိမိဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများရဲ့ ရလဒ်ကို ပြည်သူများ အမြန်းဆုံး ရရှိခံစားဖို့ပဲလို့ အတိုချုပ်ပြောနိုင်ပါတယ်။ ဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ဆိုရင် သတင်းလွတ်လပ်ခွင့်အပါအ၀င် မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ပြည်သူတွေအနေနဲ့ မတူကွဲပြားသော သတင်းအရင်းအမြစ်များဆီက အရည်အသွေးပြည့်ဝတဲ့၊ ဓမ္မဓိဋ္ဌာန်ကျတဲ့ သတင်းအချက်အလက်များ ရရှိရေးဟာ တတိယလှိုင်းမှာ ဦးစားပေးလုပ်ငန်းပါပဲ။ မှန်ကန်တဲ့ သတင်းအချက်အလက်များကပဲ ပြည်သူများအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးများကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

မေး- ၀န်ကြီးကို အခုအငြိမ်းစားယူသွားတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ဟာ သူဝန်ကြီးဖြစ်တဲ့အချိန်မှာ ဒုဝန်ကြီးအဖြစ် Recommend ပေးခဲ့တယ်လို့ သိရပါတယ်။ အခုဝန်ကြီးကကော ဒုဝန်ကြီးအဖြစ် ဘယ်သူ့ကိုများ Recommend လုပ်ဖို့ ရှိပါသလဲ။

ဖြေ- ကျွန်တော့်ကို ဒုတိယ၀န်ကြီးအဖြစ် တာဝန်ပေးဖို့ ဘယ်သူက ထောက်ခံခဲ့တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ၀န်ကြီးဦးအောင်ကြည်ကလည်း မင်းကို ငါထောက်ခံပေးခဲ့တာလို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေးခြင်းဟာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။

မေး- ပုဂ္ဂလိက မီဒီယာနဲ့ အစိုးရကြားမှာ အဖုအထစ်တွေ ဖြစ်ခဲ့တယ်။ လက်ရှိလည်း ဖြစ်နေဆဲ အနေအထားတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးအနေနဲ့ ဒီအသိုင်းအ၀ိုင်းနှစ်ခုကြားမှာ အဖုအထစ်တွေ ပြေလျော့စေမယ့် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာထားပြီးပါပြီးလား။

ဖြေ- အစိုးရနဲ့ ပုဂ္ဂလိကမီဒီယာကြား အဖုအထစ်ဖြစ်တယ်လို့ သိမ်းကျုံးပြီးပြောတာထက် စာနယ်ဇင်းကျင့်ဝတ်ကို မလိုက်နာတဲ့၊ စာနယ်ဇင်းအတတ်ပညာကို အလေးမထားတဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ မီဒီယာတချို့ကြောင့် အစိုးရနဲ့ စာနယ်ဇင်းသမားများကြားမှာ နားလည်မှုလွဲတာတွေ ဖြစ်လာတယ်လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အခြေခံမူများကို သြဂုတ် ၁ ရက် သမ္မတကြီးနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့ တွေ့တဲ့အချိန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအခြေခံ အယူအဆတွေပေါ်မှာ မူတည်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အစိုးရအဖွဲ့ကိုယ်စား စာနယ်ဇင်းကောင်စီနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။

မေး- ညွှန်ကြားရေးမှူးကနေ ဒုဝန်ကြီးအထိ နောက်သမ္မတပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့အထိ ၀န်ကြီးဟာ ဆိုရှယ်မီဒီယာကို ကောင်းကောင်းသုံးစွဲခဲ့တယ်။ ဆိုရှယ်မီဒီယာသုံးစွဲမှုများကနေ ၀န်ကြီးကို ထောက်ခံအားပေးမှုရော ဝေဖန်ပုတ်ခတ်မှုတွေကိုပါ ကြုံတွေ့ခဲ့ရတယ်။ အခုပြည်ထောင်စုဝန်ကြီး ဖြစ်လာချိန်မှာ ဒီဆိုရှယ်မီဒီယာသုံးစွဲမှုတွေကို ဘယ်လိုပုံစံနဲ့ သုံးစွဲသွားဖို့ ရှိပါသလဲ။

ဖြေ- ပြန်ကြားရေးဝန်ကြီးဌာနမှာ စတင်တာဝန်ထမ်းဆောင်တာ ညွှန်ကြားရေးမှူးအဆင့်မဟုတ်ပါဘူး။ ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ စတာဝန်ယူခဲ့တာပါ။ ဆိုရှယ်မီဒီယာကို စသုံးတာကတော့ ညွှန်ကြားရေးမှူးချုပ်ဘ၀ကဖြစ်ပြီး ဒုတိယ၀န်ကြီးဖြစ်လာတဲ့အခါကျတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့တာပါ။ ၀န်ကြီးဘ၀မှာလည်း ရနိုင်သလောက် အချိန်ပေးပြီး သုံးမှာပါ။ ကျွန်တော်ဆို ရှယ်မီဒီယာကိုသုံးတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ ပထမရည်ရွယ်ချက်က ပြည်သူတွေဆီက သတင်းအချက်အလက်တွေကို တိုက်ရိုက်ရယူနိုင်ဖို့ပဲ။ ဒုတိယရည်ရွယ်ချက်ကတော့ တချို့မီဒီယာတွေက အစိုးရမူဝါဒများ၊ လုပ်ဆောင်ချက်များကို လိုသလို ပုံဖော်ရေးမှု၊ တစ်ခါတလေမရေးဘဲ သတင်းမှောင်ချထားမှုတွေကို ကျော်လွှားပြီး ပြည်သူကို တိုက်ရိုက်အသိပေးနိုင်ဖို့ပါ။

မေး- ၀န်ကြီးကို ဒေါက်တာဆိတ်ဖွား ဖြစ်တယ်။ ပိတောက်မြေရေဒီယိုဟာ ၀န်ကြီး အဓိကကိုင်တွယ်ခဲ့ပြီး ၀ါဒဖြန့်မှုတွေ လုပ်ခဲ့တယ်။ နောက်နိုင်ငံပိုင်သတင်းစာတွေမှာ အစိုးရ၀ါဒဖြန့်ဆောင်းပါးတွေ များစွာရေးခဲ့တယ် စသဖြင့် ၀န်ကြီးကို တံဆိပ်ကပ်မှုတွေ အရမ်းများပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ၀န်ကြီးက ဘာများပြောလိုပါသလဲ။

ဖြေ- ကျွန်တော်က တံဆိပ်တွေကို စိတ်မ၀င်စားပါဘူး။ လုပ်ဆောင်ချက်နဲ့ ရလဒ်ရဲ့ အရည်အသွေးကိုပဲ အလေးထားပါတယ်။ ကျွန်တော့်ကို ပေးအပ်လာတဲ့ တာဝန်ကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။

မေး- ၀န်ကြီးဟာ သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေပေါ်မှာ တစ်ချိန်လုံး ကာကွယ်ပြောဆိုတတ်သူလို့ အတိုက်အခံနဲ့ ပြည်သူအများက မြင်နေကြပါတယ်။ ပြီးတော့ သမ္မတပြောရေးဆိုခွင့်ရှိသူအဖြစ်ကနေ ပြန်ကြားရေးဝန်ကြီးအထိ ရာထူးတိုးမြှင့်လိုက်တာဟာ နောင်လာမယ့် ရွေးကောက်ပွဲမှာ အစိုးရရဲ့ ၀ါဒဖြန့်ချိရေးအရှိန် ပိုမြှင့်လာမယ်လို့ သုံးသပ်ကြပါတယ်။ ဒါကို ဘယ်လိုများ ဖြေကြားလိုပါသလဲ။

ဖြေ- ခင်ဗျားက ပြည်သူအများလို့ သုံးသွားတယ်။ အဲဒီစကားကို စစ်တမ်းကောက်ပြီး တွေ့ရှိချက်များအရ သုံးလိုက်တာလား ၊ ဒါမှမဟုတ် စာနယ်ဇင်းသမားအများစုက မြင်တာကို ပြည်သူအများလို့ ခေါင်းစဉ်တပ်တာလား ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ယုံကြည်တယ်။ သမ္မတကြီးရဲ့ မူဝါဒများကြောင့် ၂၀၁၁ တုန်းက ခင်ဗျားတို့ ကိုယ်တိုင်ဖြစ်လာမယ်လို့ မထင်ခဲ့တဲ့  ပြုပြင်ပြောင်းလဲရေး ရလဒ်တွေ ရလာတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေပေမယ့် ဒီမူဝါဒအတိုင်း ဆက်လုပ်ဆောင်သွားနိုင်ရင် တည်ငြိမ်အေးချမ်းတဲ့ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မှာ သေချာတယ်။ ဒီလိုယုံကြည်တဲ့အတွက် အစိုးရမူဝါဒတွေကို လူတွေပိုပြီးနားလည်လာအောင် ခိုင်ခိုင်မာမာရပ်ခံပြီး ရှင်းပြနေတာပါ။

ဒီရာထူးမရလည်း ကျွန်တော် ပြောနိုင်တဲ့နေရာကနေ အခုပြောနေတဲ့စကားတွေပဲ ပြောမှာပဲ။ ကျွန်တော်မယုံကြည်ဘူးဆိုရင် ဓားမိုးပြီးပြောခိုင်းလည်း မပြောဘူး။

မေး- ၀န်ကြီးရာထူးအဆင့်ဆင့်တက်တာ မြန်လွန်းတယ်လို့ ဆိုကြပါတယ်။ ဒါက သမ္မတဦးသိန်းစိန်နဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုကြောင့်လို့ ဆိုနိုင်မလား။

ဖြေ- ကျွန်တော်က ဒုတိယ၀န်ကြီးတာဝန်မယူခင်အထိ စစ်ဘက်၊ နယ်ဘက်နှစ်ခုလုံးမှာ သမ္မတကြီးရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ခဲ့ဖူးပါဘူး။ နောက်ပြီး သမ္မတကြီးက ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ ဆုံးဖြတ်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ပါဘူး။

မေး- မြန်မာနိုင်ငံမှာ မီဒီယာဥပဒေတွေ ဖောင်းပွနေတယ်။ ဒါ့အပြင် ဒီဥပဒေတွေရဲ့ အဓိက Key Player က ၀န်ကြီးလို့လည်း ဆိုတယ်။ မီဒီယာဥပဒေအများစုဟာ အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကို ပိုပြီးခိုင်မာအောင် ကာကွယ်ပေးမယ့် ဥပဒေတွေလို့လည်း ဝေဖန်သုံးသပ်သူတို့က ဆိုပါတယ်။ ဒီဥပဒေတွေနဲ့ပတ်သက်လို့ ၀န်ကြီးရဲ့ ထင်မြင်ချက်တွေကို ပြောကြားပေးစေလိုပါတယ်။

ဖြေ- ယူနက်စကိုရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းမှာ မီဒီယာဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ဥပဒေများ ရှိရေးဆိုတာ ပါတယ်။ အဲဒီအချက်ကို ဖြည့်နိုင်ဖို့ ကျွန်တော်တို့က ယူနက်စကို၊ IMS, AIBD, DW စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်တယ်။ စံနမူနာအနေနဲ့ အနောက်ဥရောပနိုင်ငံတွေ၊ စကင်ဒီနေဗီးယားနိုင်ငံတွေ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေကိုယူတယ်။ ကျွန်တော်တို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတွေက မီဒီယာဥပဒေတွေ များလိုက်တာလို့ တစ်ခါမှမပြောဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပြောတဲ့ နိုင်ငံတွေမှာလည်း မီဒီယာဥပဒေတစ်ခုမက ရှိနေတာကိုး။ ကျွန်တော်ပြောတဲ့ နိုင်ငံတွေမှာ မီဒီယာဥပဒေ ဘယ်နှမျိုးလောက်ရှိတယ်ဆိုတာကို လေ့လာရင် သိနိုင်ပါတယ်။

မေး- အခုဖြစ်ထားတဲ့ ပုံနှိပ်စက်ကိစ္စကြောင့် ဦးအောင်ကြည်အနားယူသွားရတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ ဒီပုံနှိပ်စက်ကိစ္စကကော အခု ဘယ်အဆင့်ရောက်နေပါပြီလဲ။

ဖြေ- ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် အနားယူတာဟာ ပုံနှိပ်စက်ကိစ္စနဲ့ လုံးဝမပတ်သက်ဘူး။ ပုံနှိပ်စက်ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပဲ စာနယ်ဇင်းကောင်စီက ဖြေရှင်းပေးဖို့ ကျွန်တော်တို့တင်ပြခဲ့တယ်။ ဒါပေမဲ့ အလဲဗင်းမီဒီယာက စာနယ်ဇင်းကောင်စီရဲ့ ဖိတ်ကြားမှုကို လက်မခံခဲ့တဲ့အတွက် ကောင်စီက ဖြေရှင်းပေးနိုင်ခြင်းမရှိဘူး။ ဒီတော့ ဌာနရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ လုပ်သင့်တာကို ဆက်လုပ်မှာပါ။ ဘယ်လိုလုပ်မယ်ဆိုတာတော့ မပြောနိုင်ပါဘူး။

ကျေးဇူးတင်ပါတယ်...။
 
 
From: 7day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...