Wednesday, 6 August 2014

ရှစ်လေးလုံး အရေးအခင်းကာလအတွင်း လူအုပ်ဖြင့် အကြမ်းဖက်ရက်စက်မှုများ(၁)



(ရှစ်လေးလုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်)

Tuesday, August 5, 2014

(ညွန့်အောင်လတ်)
၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများ၏ ဖြစ်ရပ်မှန်များ၊ မလိုလားအပ်သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသော စရိုက်၊ ခက်ထန်သော စိတ်၊ ကြမ်းတမ်းသောအမူအရာများနှင့် မင်းမဲ့စရိုက်ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ၂၀-၉-၉၀ ရက်နေ့တွင် လုပ်သားပြည်သူ နေ့စဉ် သတင်းစာတွင် ကိုယ်တွေ့ကြုံသူတစ်ဦးက ၄-၉-၈၈ နေ့ စီမံကိန်း (၁) အရေး အခင်း ဖြစ်ရပ်အမှန်များ ဆောင်းပါးဖြင့် ပြည်သူများအား အဖြစ်မှန်ကို ရေးသား တင်ပြခဲ့ပါသည်။ ထိုဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါသည်။
ထိုဖြစ်ရပ်မှန်တွင် မြတ်ဗုဒ္ဓတရားတော်အရ လူသားချင်းထားရှိကြရမည့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ ကြရပါသည်။ ယင်းဖြစ်ရပ်ထက် ပိုမိုရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်တစ်ခု ရှိပါ သေးသည်။ ထိုဖြစ်ရပ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိပါသေးသည် ဆိုလျှင် ပြည်သူများ ယုံကြည်မည်ဟု မထင်ပါ။

တန့်ဆည် (၁၃-၉-၈၈)

သို့ရာတွင် ယင်းဖြစ်ရပ်သည် အမှန်တကယ်ပင် ရှိခဲ့ပါသည်။ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည်ဒေသမှာ စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ ရှစ်လေးလုံးနေ့တွင်လည်း ဆန္ဒပြ ဆူပူမှု မရှိခဲ့။ အေးဆေးငြိမ်သက်စွာ ရှိနေခဲ့သော မြို့တစ်မြို့ဖြစ်ပါသည်။ အသည်းကို ကြော်၊ လူသားကို မီးကင်စာခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ် ပေါ်ပေါက်ရန်အတွက် အစပျိုးခဲ့သောနေ့က ၁၀-၉-၈၈ ရက်နေ့က စသည်ဟု ဆိုရပါမည်။
၁၀-၉-၈၈ ရက်နေ့တွင် ဒီမိုကရေစီတောင်းဆိုခဲကြသော ပြည်သူများသည် တန့်ဆည်မြို့၌ လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ တန့်ဆည်မြို့၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာ လမ်းဆုံရှိ ရွှေကတော်ဘုရားဝင်းအတွင်းတွင် အထွေထွေသပိတ်စခန်းများ ဖွင့်လှစ်ကာ ကျောင်းသားများ ပါဝင်သည့် ကျောင်းသားသမဂ္ဂ၊ သံဃာတော်များ ပါဝင်သည့် သံဃာသမဂ္ဂများကို ဖွဲ့စည်းခဲ့ကာ ဆန္ဒပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ကြပါသည်။
တန့်ဆည်မြို့နယ်အတွင်းရှိလူထုအား သပိတ်စခန်းခေါင်းဆောင်များက ကွင်းဆင်း စည်းရုံး ဟောပြောခဲ့ကြသည်။ အချို့ကျေးရွာလူထုက “ဒီမိုကရေစီဆိုတာဘာလဲ” ဟု မေးမြန်းခဲ့ရာ၌ သပိတ်ခေါင်းဆောင်များက “ဒီမိုကရေစီဆိုတာ ကိုယ်လုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတယ်”ဟု အဓိပ္ပာယ်ဖွင့်ပေးခံကြသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်ပေးခဲ့ရုံသာမက ပါတီ၊ ကောင်စီမှ ပုဂ္ဂိုလ်များ၏ အိမ်များကို ဖျက်ကြရန် တီးတိုးလှုံ့ဆော် လက်ညှိုးထိုးပြခဲ့ကြသည်။ ကျေးရွာလူထုက ထိုအိမ်များကို ဖျက်ဆီးခဲ့ ကြသူများရှိကြ သကဲ့သို့ ပရိဘောဂပစ္စည်းများ ယူဆောင်သွားကြသူများလည်း ရှိကြသည်။ ကျေးရွာများရှိ ရပ်ကွက် ကောင်စီဥက္ကဋ္ဌ နေအိမ်များ၊ ရပ်ကွက်သမဝါယမ အသင်းများကို ဖျက်ဆီး ကြသည်။ အရေးယူသူ မရှိသည့်အခါ သပိတ်ခေါင်းဆောင်များ အနက်အဓိပ္ပာယ် ဖွင့်ပေးခဲ့သည့်အတိုင်း “ဒီမိုကရေစီဆိုသည်မှာ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတာ တယ်မှန်ပါလား”ဟု ဆိုကာ နေ့စဉ် ရက်ဆက် လွတ်လွတ်လပ်လပ် ဖျက်ဆီး ယူဆောင်ခဲ့ကြပါသည်။

ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်တရာရုံး၊ မြန်မာ့စီပွားရေးဘဏ်တို့အပြင် ကျေးရွာသမဝါယမ အသင်း ၁၉ သင်း၊ တန်ဖိုးငွေကျပ် ၂ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။ ၂၂-၈-၈၈ ရက်နေ့တွင် ဧရိယာ ၃၀၀၀ ကျော်ရှိ ဝက်တိုး နိုင်ငံပိုင်စိုက်ကွင်းရှိ ခိုင်ခံ့သော အဆောက်အဦများ၊ ဂိုထောင်များကို ဖျက်ဆီးခဲ့ကြသည့်အပြင် စိုက်ကွင်းရှိ သီးနှံပင်များ၊ ထွန်စက် ခုနှစ်စီးနှင့် ထရေလာ ခုနှစ်စီး ကို ဖျက်ဆီးခဲ့ကြသည့်အတွက် တန်ဖိုးငွေကျပ် ၂၈ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။
ထိုသို့ လူအုပ်ဖြင့် အကြမ်းဖက်ရာမှ မင်းမဲ့စရိုက်ဝင်လာကြရာ၌ ၂၉-၈-၈၈ ရက်နေ့ တွင် တန့်ဆည်မြို့အတွင်းရှိ ဒေါင့်ကြီးကျေးရွာ၌ ရွာသားအချို့က ယခင်ရန်ငြိုးရှိခဲ့သည့် ရွာသားဖြစ်သူ ဦးငြိမ်းအား ဝိုင်းဝန်းရိုက်နှက်၍ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့ကြသည်။ ဦးငြိမ်း၏ ဇနီးဒေါ်ဌေးနှင့် သားဖြစ်သူ မောင်ကိုတို့က အမျိုးမျိုး ငိုယိုတောင်းပန် အသနားခံ သော်လည်း မရဘဲ ဦးငြိမ်းအား သုဿာန်သို့ ဒရွတ်တိုက် ဆွဲယူသွားကာ ဓား၊ လှံများဖြင့် ရက်စက်စွာ ခုတ်သတ်လိုက်ကြသည်။ ဦးငြိမ်းအား ဤကဲ့သို့ ရက်စက်စွာ သတ်ဖြတ် လိုက်သည့် အကြောင်းရင်းကို တင်ပြရမည်ဆိုပါလျှင် ကျောင်းတော်က ရန်စဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါင့်ကြီးကျေးရွာ ချယားပင် ကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရာ ကျောင်းတိုင်ဆရာတော်အသစ် တင်မြှောက်နိုင်ရေးအတွက် ကျေးရွာသားများ သဘောထား ကွဲခဲ့ကြသည်။ ခိုက်ရန် ဖြစ်ကြမည်စိုး၍ ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ထားခဲ့သည်။

လအတန်ကြာ ချိတ်ပိတ်ပြီး ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ကြသည့်အတွက် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ကာ အရေးယူခဲ့သည်။ ထိုသို့အရေးယူခဲ့သည့်အတွက် အရေးယူခံရသူများက ဦးငြိမ်း၏ သတင်းပေးမှုကြောင့်ဆိုကာ ရန်ငြိုးထားခဲ့ကြသည်။ ထိုကျောင်းတော်က ရန်စကို ယခုကဲ့သို့ အရေးအခင်းကာလ အတွင်း၌ လုပ်ချင်တာလုပ်နိုင်သည်။ ဘယ်သူမှ အရေးမယူဘူး ဆိုသည့် သပိတ်ခေါင်းဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ယုံကြည်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများမှာလည်း ရက်ကြာလာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အယူအဆများ၊ လုပ်ရပ်များ ကွဲလွဲလာကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု နည်းပါးလာခဲ့ကြသည်။
ထို့သို့ သဘောထားကွဲလွဲခဲ့ကြသည့်အတွက် ဒီမိုကရေစီကြွေးကြော်သံများ၊ တစ်ပါတီစနစ် ဖြုတ်ချရေး ကြွေးကြော်သံများ ဆိတ်သုဉ်းကွယ်ပျောက်ကာ အကြမ်းဖက်ရန်အတွက် စစ်သင်တန်းများ ပို့ချကြသည်။ သပိတ်ခေါင်းဆောင်များ သဘောထားကွဲလွဲ ခဲ့ကြသည့် နည်းတူ အောက်ခြေတွင်လည်း သဘောထားကွဲလွဲ လာခဲ့ကြသည်။ မြို့ပေါ်ရှိ လုံခြုံရေးကင်းများအနက် တန့်ဆည်မြို့တွင်းနှင့် လမ်းဆုံလုံခြုံရေး ကင်းအဖွဲ့တို့ သိပ်မကြည်ကြ။ ထိုသို့သော အခြေအနေတွင် တန့်ဆည်မြို့နယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက မြို့လူထုလုံခြုံရေးအတွက် ကင်းလှည့်မြဲပင်။
သပိတ်ခေါင်းဆောင်များသည် လက်နက် ဘယ်ကရမလဲ၊ ဘယ်မှာရှိနိုင်သလဲ ဆိုသော မေးခွန်းကို အဖြေရှာကြရာ၌ အနီးအနားတွင် သေနတ်ရနိုင်သော နေရာသည် ရဲစခန်းပင်ဖြစ်သည်။ လွယ်လွယ်ကူကူ တောင်းကြည့်မည်။ မရပါလျှင် ရဲစခန်းကို တိုက်ခိုက်၍ လက်နက်ရယူမည်။ ရဲတပ်ဖွဲ့တွင် သေနတ်များ ရှိသည့်အတွက် သပိတ် အဖွဲ့အား တစ်နေ့ တန်ပြန်တိုက်ခိုက် ဖြိုခွဲနိုင်သည်ဟုသော အဖြေကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၁၂-၉-၈၈ ရက် သပိတ်အဖွဲ့မှ ဘုန်းကြီး ဦးကောဝိဒ ခေါင်းဆောင်သော သံဃာတော် လေးငါးပါးနှင့် ကျောင်းသား လေးငါးယောက်တို့သည် ယခင်မြို့နယ်ပြည်သူ့ ကောင်စီဥက္ကဋ္ဌ အသုံးပြုသော မာဇဒါဂျစ်ကားဖြင့် ရဲစခန်းသို့ ရောက်ရှိလာကာ သိမ်းထားသော လိုင်စင်ဖြင့် ကိုင်ဆောင်သည့် လက်နက်များ ပေးအပ်ရန် တောင်းဆိုခဲ့ ပါသည်။ ထိုအခါ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက “အရှင်ဘုရားတို့ လက်နက် ကိုင်ဆောင် တာဟာ အင်မတန် အန္တရာယ်များလှပါတယ်။ အရေးအကြောင်းရှိရင် အရှင်ဘုရားတို့ လုံခြုံရေးအတွက် လိုအပ်တယ်ဆိုရင် တပည့်တော်တို့ လာရောက် စောင့်ရှောက် ပေးပါမယ်”ဟု လျှောက်ထားခဲ့ရာ လက်နက်တောင်းဆိုသော အဖွဲ့မှာ မကျေမနပ်ဖြင့် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားကြပါသည်။ ထိုသို့ ထွက်ခွာသွားရာ၌ မြို့နယ်တရားရုံး အနီးသို့ ရောက်ရှိခဲ့ရာ၌ လုံခြုံရေးကင်းစောင့်သူများက ကားကို တားဆီးခဲ့ကြသည်။ ထိုစဉ် ကျေးရွာမှ လူများ ထပ်မံရောက်ရှိ၍ ဝိုင်းဝန်းကြပြန်ပါသည်။ ထိုအချိန်တွင် ပြဿနာဖြစ်မည်စိုးရိမ်၍ လိုက်လာသော မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများ လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာရာ ကားပေါ်မှ ဘုန်းကြီးနှစ်ပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။

ကျန်ရှိနေသော သံဃာတော်များနှင့် ကျောင်းသားများအား မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးက ညမိုးချုပ်နေပြီဖြစ်၍ ဆက်လက်သွားရန် မသင့်တော့သဖြင့် စခန်းတွင် ညအိပ်ရန် ပြောကြားခဲ့ပြီး ရဲစခန်းသို့ ခေါ်သွာသည်။ ညအိပ်ရန်အတွက် စောင်၊ ဖျာ၊ ခေါင်းအုံးများ ငှားရန်းပေးခဲ့ကြသည်။ ထိုအချိန်တွင် ထွက်ပြေးသွားသော သံဃာ ၂ ပါးက သပိတ်စခန်းသို့ ရောက်ရှိသွားရာ၌ “ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေကို ရဲက ဖမ်းချုပ် ထားလိုက်သည်”ဟု ပြောပြရာ သပိတ်စခန်းမှ မကျေမနပ်ဖြစ်ကာ အင်အား ၂၀၀ ခန့် လူစုပြီး လိုက်လာခဲ့ကြသည်။ တန့်ဆည်မြို့ရှိ လုံခြုံရေးကင်းများကလည်း “ဒီကောင်တွေ သိပ် လူပါးဝတယ်” ဟု ဆိုကာ အင်အား ၂၀၀ ကျော် လူစုပြီး သပိတ်စခန်းသို့ လိုက်သွား ကြရာ ယခင်မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့၌ ရင်ဆိုင်တွေ့ခဲ့ကြပါသည်။ ထိုအချိန်မှာ ည ၉ နာရီခွဲကျော်နေပြီ ဖြစ်ပါသည်။

ရင်ဆိုင်တွေ့ကြသော နှစ်ဖက်အုပ်စုသည် တစ်ဖက်နှင့်တစ်ဖက် ခွများ၊ ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်ကြတော့သည်။ ထိုတိုက်ခိုက်မှုသတင်းကို ကြားသိရသော မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ရဲသား ၁၅ ယောက်ခန့်တို့ လိုက်လာကာ သေနတ်ပစ်၍ လူစုခွဲခဲ့ရာ သပိတ်စခန်းမှ တစ်ဦး ပေါင်တွင် ထိမှန်ခဲ့သည်။ လူစုလည်းကွဲသွားခဲ့ပါသည်။ သို့ရာတွင် သပိတ်အဖွဲ့က ရဲသားများသည် တန့်ဆည်မြို့ဘက်မှ ပါဝင်၍ မိမိတို့ကို တိုက်ခိုက်ခဲ့သည်ဟု မကျေမနပ်ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် ညတွင်းချင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လှည့်လည်၍ “ ဘုန်းကြီးနဲ့ ကျောင်းသားများကို ရဲတွေက သတ်ပစ်လိုက်ကြောင်း၊ ရဲစခန်းကို စီးနင်းရန်အတွက် တစ်အိမ်တစ်ယောက် ဓားတစ်ချောင်း၊ လှံတစ်ချောင်း ကိုင်ဆောင်လိုက်ပါကြရမည်ဖြစ်ကြောင်း၊ မလိုက်ပါသော အိမ်ကို မီးရှို့” ပစ်ပြီး သတ်ပစ် မည်ဟု ခြိမ်းခြောက်စည်းရုံးမှုကို အသံချဲ့စက်များဖြင့် ပြုလုပ်ကြသည်။ ရဲစခန်းတွင် ညသိပ်ထားသော ဘုန်းကြီးနှင့် ကျောင်းသားများကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက ၁၃-၉-၈၈ ရက်နေ့ နံနက်စောစော နှစ်နာရီခန့်တွင် သပိတ်စခန်းသို့ပြန်ရန် စေလွှတ်ပေးခဲ့ကြ ပါသည်။
၁၃-၉-၈၈ ရက်နေ့ကား တန့်ဆည်မြို့နယ်၏ အလှအပများကို အကျည်းတန် အရုပ်ဆိုးစေ သောနေ့၊ ရက်စက်ကြမ်းကြုတ်မှုများ သရဖူဆောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့ရပါသည်။ ထိုနေ့ နံနက် ၆ နာရီခန့်တွင် သပိတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ရာ၌ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့််သည် မြို့လူထုဘက်မှ ဘက်လိုက် ခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းအား စီးနင်းတိုက်ခိုက်ရန်နှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ကျော်ဆွေတို့အား ရှင်းလင်းပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်နံနက် ၇ နာရီခွဲခန့်တွင် ခြိမ်းခြောက်စည်းရုံးခဲ့သော ရွာသားများ တုတ်၊ ဓား၊ လှံကိုင်ဆောင်၍ ချီတက်လာသော အင်အားတစ်သောင်းကျော်တို့ဖြင့် စခန်းအား ဝိုင်းခဲ့ကြသည်။

ရဲစခန်းကို ဝိုင်းနေသော လူအုပ်ကြီးကို ခေါင်းဆောင်သူမှာ သပိတ် စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၂၃ နှစ်ရှိ ချိုထွန်းဆိုသူဖြစ်သည်။ ချိုထွန်းက ရဲစခန်းကို ဝိုင်းထားပြီးဖြစ်သဖြင့် ရဲသားများအားလုံး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများသည် မိသားစုများကိုခေါ်၍ ကာဘိုးဆည်ရှိ တပ်မတော်စစ်ကြောင်းနှင့် သွားရောက် ပူးပေါင်းရန် ဆုံးဖြတ်ကြသည်။ ထို့သို့ဆုံးဖြတ်ခဲ့ရသည်မှာလည်း သံဃာတော် တစ်ချို့နှင့် မြို့မိမြို့ဖ အချို့က ဆန္ဒပြသူများကို ပြန်လည်ပစ်ခတ်ပါက မြို့လူထု နစ်နာမည် ဖြစ်ကြောင်း၊ ယခုလာသူတို့တွင် အကြမ်းဖက်သူများ ပါသဖြင့် ရဲကပစ်ခတ်ခြင်း မပြုပါရန် လာရောက် မေတ္တာရပ်ခံခဲ့ကြသည့်အတွက် မြို့နယ်ရဲမှူးက မြို့လူထုကို ငဲ့ညှာသော အားဖြင့် ရဲစခန်းကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဟု သိရသည်။
မြို့နယ်ရဲမှူးနှင့် ရဲသားများ၊ မိသားစုများ စခန်းကိုစွန့်ခွာ၍ လယ်ကွင်းအတွင်း ရောက်ရှိ သည် ဆိုလျှင်ပင် အကြမ်းဖက်သမားအချို့က ရဲစခန်းကို မီးရှို့ကြသည့်နည်းတူ တချို့ရဲတန်းလျားများကို မီးရှို့ဖျက်ဆီးကြသည့်အပြင် ပရိဘောဂ ပစ္စည်းများကိုပါ လုယက်ယူငင်ခဲ့ကြ ပါသည်။

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရဲစခန်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ လယ်ကွင်းထဲသို့ ရောက်ရှိကြရာ၌ အကြမ်းဖက်လူအုပ်က ရဲတပ်ဖွဲ့ဝင်များအား ထပ်မံဝိုင်းခဲ့ကြသည်။ မိသားစုများကို အလယ်တွင်ထားကာ ရဲတပ်ဖွဲ့ဝင်များက သေနတ် ဖြင့်ပစ်ခတ် လူစုခွဲရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးထံ ပစ်မိန့်တောင်းခံခဲ့ကြပါသည်။ ထို အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ ဝိုင်းဝန်းဖမ်းဆီးရာ၌ ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတင်အောင်နှင့် ကိုနေဝင်းတို့က “ကျွန်တော်တို့ရဲစခန်းနဲ့ တန်းလျားတွေကို မီးရှို့တာတွေ့ရတော့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြန်ပစ်မယ်လို့ အချင်းချင်းပြောကြတဲ့အခါမှာ မြို့နယ်မှူးနဲ့ ရဲအုပ်ခင်မောင်သန်းတို့က မပစ်ကြဖို့ ပြောခဲ့တဲ့အတွက် လူငယ်တွေနဲ့ အငြင်းပွား ခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးက အမိန့်မပေးခဲ့တဲ့အတွက် အထက်အရာရှိရဲ့ အမိန့်ကိုနာခံကြတဲ့ ကျွန်တော်တို့ အနေနဲ့ သေနတ်နဲ့ပြန်မပစ်ခဲ့ကြပါဘူး၊ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချိုထွန်းဟာ ရဲတပ်ဖွဲ့မှူးအနားကို ကပ်လာပါတယ်။ ချိုထွန်းက “ဦးသန်းမြင့်၊ စဉ်းစားပါအုံး၊ လက်နက်ချပါ။ လူထုနဲ့ပေါင်းရင် ဘာမှမဖြစ်နိုင်ဘူး။ ကလေးတွေ၊ မိန်းမတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ်။ လက်နက်ချရင် တပ်ဖွဲ့ဝင် အားလုံးကို ကျွန်တော်တို့ တာဝန်ယူပါတယ်”ဟု ထပ်ခါတလဲလဲ ပြောနေခဲ့ပါတယ်။ “ဆရာလည်း ဘယ်လိုဆုံးဖြတ်လိုက်သလဲတော့ မသိပါဘူး။ ဆရာ့ခြောက်လုံးပြူးကို ချိုထွန်းလက်ထဲ ပေးလိုက်တာ တွေ့လိုက်ရပါတယ်”ဟု လည်းကောင်း၊ ဒုရဲအုပ် အောင်ကျော်မိုး က “ဆရာက ချိုထွန်းကို သူ့ခြောက်လုံးပြူးပေးလိုက်တော့ ချိုထွန်းက လူအုပ်ဘက်ကို ခြောက်လုံးပြူး မြှောက်ပြလိုက်ပါတယ်။ ဓားတွေ၊ လှံတွေကိုင်ထားတဲ့ အကြမ်းဖက် သမားတွေဟာ ရှေ့ကိုတိုးလာကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်တွေကို လှံနဲ့တေ့ထားကြပါတယ်။ ကျွန်တော်တို့သေနတ်တွေကို ဆွဲယူကြပါတယ်။ ကျွန်တော်တို့ လည်း ဆရာက သေနတ်ပေးလိုက်တော့ ဘာလုပ်ရမယ်မသိဘူး၊ ဒါနဲ့ကျည်ဆံကဒ်တွေ ဖြုတ်ပြီး သေနတ်ကို ပေးလိုက်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျည်ဆံတွေကိုတော့ အောက်ကိုပစ်ချပြီး ရွှံ့ဗွက်ထဲရောက်သွားအောင် ခြေထောက်နဲ့ နင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ဆရာ့အနားရောက်လာခဲ့ကြတဲ့ အကြမ်းဖက်သမား အချို့ဟာ ဆရာ့ကို ဓားနဲ့လှမ်းခုတ်လိုက်တဲ့အတွက် ဆရာ့ပါး တစ်ခြမ်းမှာ အသားမရှိတော့ဘဲ သွားတွေတောင် ပေါ်လာတာ တွေ့ရပါတယ်။ တချို့ကလည်းဆရာ့ကို ဓားနဲ့ဝိုင်း ခုတ်ကြပါသေးတယ်။ ကျွန်တော်တို့ကိုလည်း လောက်လေးခွ၊ ခဲတွေနဲ့ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ အရောက် ပြေးခဲ့ကြပါတယ်။ ကျောင်းပေါ် တက်ပြေးကြသူတွေရှိသလို ကျောင်းအောက်မှာ ပုန်းနေ ကြတဲ့သူတွေလည်း ရှိပါတယ်။ ဆရာဦးသန်းမြင့်လည်း ဒဏ်ရာတွေနဲ့ နောက်ကလိုက် လာတာတွေ့ရပါတယ်။ ဆရာ ဦးသန်းမြင့်ကို ဒုရဲအုပ် ဦးခင်မောင်မြင့်လို့ ထင်ပါတယ်၊ ကျောင်းပေါ်ကို တွဲပြီးခေါ်လာခဲ့တာ ကို တွေ့ရပါတယ်”ဟု ပြောပြကြပါသည်။

ထိုသို့ အခြေအနေများ ရှုပ်ထွေးနေချိန် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းမှာ ကျောင်း လှေကားအပေါ်သို့ ပြေးတက်လာစဉ် အကြမ်းဖက်သမားအချို့တို့က ဓားလှံများဖြင့် ဝိုင်းဝန်းထိုးသတ်ခဲ့ကြပါသည်။ ထိုးခုတ်ထားသော ဓား၊ လှံဒဏ်ရာများဖြင့် မသေမရှင် ဖြစ်ကာ လဲကျတော့မည့် ဦးခင်သိန်းအား ချိုထွန်းက ခြေက်လုံးပြူးဖြင့် နှစ်ချက်ဆင့် ပစ်ခဲ့ပြန်ပါသည်။
ရဲတပ်ဖွဲ့ဝင်များ ဘုန်းကြီးကျောင်းပေါ်သို့ တက်ရောက်ပုန်းအောင်းနေရာ၌ အကြမ်းဖက် သမားများက ကျောင်းကိုဝိုင်းထားကာ လောက်လေးခွများ၊ ခဲများ၊ ဂျင်ကလိ စသည် များဖြင့် ပစ်ပေါက်နေကြပါသည်။ ထိုအတောအတွင်း ငှက်ပျောခြံအနီး၌ ပုန်းအောင်းနေသော ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က တွေ့ရှိ သွားခဲ့ပြန်ပါသည်။ ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က ဆွဲခေါ် လာပြီးနောက် ဘုန်းကြီးကျောင်းလှေကားရင်း၌ ဓား၊ လှံ စသည့် လက်နက်များဖြင့် ဝိုင်းဝန်းခုတ်သတ်လိုက်ကြသည်။ ထို့နောက် အသတ်ခံရသည့် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းနှင့် ရဲတပ်သား ကိုဘိုမောင်တို့၏ ခေါင်းများကိုဖြတ်ကာ အောင်ပြီအောင်ပြီဟု အော်ဟစ်ကြပြီး သပိတ်စခန်းသို့ ယူဆောင်သွားခဲ့ကြပါသည်။
ရဲတပ်သားကိုဘိုမောင်အား အကြမ်းဖက်သမားအချို့ တွေ့ရှိ ဆွဲထုတ် ခေါ်ယူ သွားခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ အသက် ၅၄ နှစ်ရှိ ဒေါ်ကျင်ရီ ( ရဲတပ်သား များက ဒေါ်ရှမ်းဟုခေါ်သူ) က “ကျွန်မလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာ ကလေးတွေနဲ့ ကွဲသွားပါတယ်။ တစ်နေရာရောက်တော့ ကျွန်မဝပ်နေတုန်းမှာ ကျွန်မ ယောင်္ကျား ကိုဘိုမောင်က ရောက်လာပါတယ်။ ကျွန်မကရှင်မပြေးဘူးလား၊ ပြေးလေလို့ ပြောတော့ ကိုဘိုမောင်က ငါ့မှာ ဘာအပြစ်မှ မရှိပါဘူး ကွာ၊ မပူပါနဲ့၊ သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ မင်းသာ လွတ်အောင်ပြေးလို့ ပြန်ပြော ပါတယ်။ ကျွန်မက ရှင်ဝတ်ထားတဲ့ စစ်စွပ်ကျယ်ကို ချွတ်လိုက်အုံးဆိုတော့ ကိုဘိုမောင်က စွပ်ကျယ်ချွတ်ပေးတဲ့အပြင် ဆေးလိပ်တွေပါ ပေးပါတယ်။ အဲဒီအချိန်မှာဘဲ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ချို့ ရောက်လာပြီး ဒီကောင်လည်း ရဲပဲ ၊ ဖမ်း ဖမ်းဆိုပြီး ခြေထောက် နဲ့ကန်ကြ၊ ကြိုးနဲ့ တုပ်ပြီး ရိုက်နှက် ခေါ်သွားကြပါတယ်။ ကျွန်မက မလုပ်ကြပါနဲ့၊ အဘိုးကြီးဖြစ်နေပြီ၊ သက်သက်ညှာညှာ လုပ်ကြပါလို့ တောင်းပန်တဲ့အခါ ခင်ဗျားပါ သေချင်သလားဆိုပြီး ကျွန်မကို တွန်းပစ်ခဲ့ ပါတယ်ရှင်၊ အဲဒီအချိန်ကစပြီး ကျွန်မယောင်္ကျားကို မတွေ့ရတော့ပါဘူး”ဟု မျက်ရည် စမ်းစမ်းဖြင့် ပြောပြခဲ့ပါသည်။
ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေကြသော ရဲတပ်ဖွဲ့ဝင်များအနက် တပ်ဖွဲ့ဝင် အချို့ကို ယူနီဖောင်းများ ချွတ်ခိုင်းကာ အကြမ်းဖက်သမားများ မသိအောင်သပိတ်စခန်းသို့ ခေါ်ထုတ်သွားကြသည်။ ဒုတိယအသုတ်အဖြစ် ကျန်တပ်ဖွဲ့ဝင် များကို ခေါ်ထုတ်ရာ၌ အကြမ်းဖက်သမားများက သိရှိသွားကာ လှံ၊ ဓားများဖြင့် ထိုးနှက်မည် ပြုလုပ်သဖြင့် ချိုထွန်းက သေနတ်နှစ်ချက် ပစ်ဖောက်၍ ဟန့်တားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များအား လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ထားစေပြီး ကျန်လက်တစ်ဖက်ကို ဝါယာကြိုးများဖြင့် ပူးတွဲချည်နှောင်၍ ခေါ်ဆောင်သွားကြရာ လမ်းတစ်လျှောက်လုံး တစ်ယောက်တစ်ချက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကိုမူ ဒဏ်ရာများရှိသဖြင့် ထွန်စက်ကားဖြင့် ခေါ်ဆောင် လာခဲ့ကြသည်။ ရွှေကတော်ဘုရားဝင်းအတွင်း ဖွင့်လှစ် ထားသော သပိတ်စခန်းသို့ ရောက်ရှိကြရာ၌ သပိတ်စခန်းအပြင်မှ အကြမ်းဖက်သမား များက ရဲမှူးအားထုတ်ပေးရန် အော်ဟစ် တောင်းဆိုကြပါသည်။ ရဲမှူးအား သတ်ဖြတ်ရန် ကြိုတင်စီစဉ်ထားသည်မှာ အကြမ်းဖက်သမားများရှေ့တွင် စားပွဲတစ်လုံးနှင့် ဓားတစ်ချောင်း ချထားပါသည်။ အသတ်ခံရမည့် သူသည် စားပွဲပေါ်တွင် မှောက်လျက် အနေအထား လည်စင်း ပေးသည့်အခါ ခေါင်းဖြတ်သတ်ရန် စီစဉ် ထားပါသည်။

အကြမ်းဖက်သမားများက ရဲမှူးအား အော်ဟစ်တောင်းဆိုနေစဉ် သပိတ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဇော်ရဲနိုင်က အသံချဲ့စက်ဖြင့် “ဦးသန်းမြင့်ကို ခင်ဗျားတို့ ခွင့်မလွှတ်နိုင်ဘူးလား” မေးမြန်းရာ အကြမ်းဖက်သမားများက ခွင့်မလွှတ်နိုင်ဘူး၊ အခုချက်ချင်း ထုတ်ပေးပါဟု အော်ဟစ်တောင်းဆိုကြသည်။ ထိုအခါ ရဲမှူးသန်းမြင့်က စကားပြောခွင့် ပြုရန် တောင်းခံပြီး အသံချဲ့စက်ဖြင့် “ကျွန်တော်ဟာ ပြည်သူလူထုဘက်ကို ဘယ်တော့မှ ပြောင်းဝမလှည့်ခဲ့ပါဘူး၊ အခုလည်းကျွန်တော့်မှာ ဒဏ်ရာတွေ အပြင်းအထန် ရရှိနေပါပြီ၊ ဒီလောက်နဲ့ကျေနပ်ကြစေလို ပါတယ်၊ ကျွန်တော်အသက်ကို ချမ်းသာ ပေးကြပါ” ဟု တောင်းပန်စကား ပြောဆိုခဲ့ရာ ဇော်ရဲနိုင်က “ဦးသန်းမြင့် တောင်းပန်တာ ခင်ဗျားတို့ ကျေနပ်ကြသလား”ဟု သုံးကြိမ် မေးမြန်းရာ အကြမ်းဖက် သမားများက “လုံးဝ မကျေနပ်ဘူး” ဟု ပြန်လည်အော်ဟစ်ခဲ့ကြပါသည်။ အတိုင်အဖောက် ညီညီဖြင့် မေးမြန်းမှုပြီးဆုံးသွားသည့်အခါတွင် ဇော်ရဲနိုင်က “ခင်ဗျားတို့ အထဲက အမာခံတွေ ဦးသန်းမြင့်ကို လာပြီးခေါ်ထုတ်ပါ” ဟု ကြေညာလိုက်ရာ အကြမ်းဖက် သမားနှစ်ဦးက ရဲမှူးကို လာခေါ်ထုတ်သွားကြပါသည်။ သတ်ရန်ပြင်ဆင်ထားသည့် စားပွဲအထိပင် မစောင့်တော့ဘဲ ဘုရားဝင်းအပြင် ရောက်သည်နှင့် တစ်ပြိုင်တည်း အကြမ်းဖက် သမားများက ဓား၊ လှံများဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ရဲမှူး၏ ခေါင်းကို ဖြတ်လိုက်ကြသည်။ ဤမျှရက်စက်ကြမ်းကြုတ် ယုတ်မာလှစွာသော မြင်ကွင်းကို တွေ့မြင်ကြရသည့်အခါ လူအုပ်ကြီးမှာ စိတ်မချမ်းမသာစွာဖြင့် ပြန်သွားကြပါသည်။
သို့ရာတွင် အကြမ်းဖက်သမားလူတစ်စု ကျန်ရှိနေခဲ့ပါသေးသည်။ ထိုလူစုက ဒုရဲအုပ် ခင်မောင်သန်းကို ထုတ်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြပြန်ပါသည်။ အချိန်ကား ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ရှိပါသည်။ ဇော်ရဲနိုင်က “ခင်မောင်သန်းမှာ ဘာအပြစ်ရှိလို့လဲ”ဟု အသံချဲ့စက်ဖြင့် မေးမြန်းရာ အကြမ်းဖက်သမားတစ်စုက ခြေထောက်တစ်ဖက် ဖြတ်ထားသော ကလေးငယ်တစ်ဦးကို မြှောက်ပြခဲ့ပါသည်။ ထိုကလေးငယ်မှာ အထက်တွင် ဖော်ပြထားသည့် ဒေါင့်ကြီးကျေးရွာ ချယားပင်ကျောင်းကိစ္စနှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခဖြစ်ကြစဉ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရာ၌ ကလေးငယ်၏ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က တာဝန်ကျခဲ့သူမှာ ဒုရဲအုပ် ခင်မောင်သန်း ဖြစ်သည့်အတွက် ခင်မောင်သန်းအား အော်ဟစ်တောင်းဆို ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

(ဆက်ပါဦးမည်)

From:ပြည်သူ့အာဏာ

www.mmdailystar.com

1 comments:


  1. ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု

    Friday, August 08, 2014
    Myanmar Express Group

    From : .. ကိုသန်းဝင်း (ဒလ)

    လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်း မှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာ ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်း ဆက်သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေက လည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေတာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်းမှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ်စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်း တွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရ ပါတယ်။

    ရှစ်လေးလုံး ကောင်းမှုကြောင့် ဒလမြို့တွင်းက မရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရ ပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါ တယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အချိန်ပါ။ ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဟာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။

    သုံးယောက်ကတော့ ရေထဲခုန်ချပြီးထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေးရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။

    အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မ ပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေ ပိတ်ကားနောက်မှာတော့ သွေးသံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...