Tuesday, 19 August 2014

ပြုပြင်ပြောင်းလဲလာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (သို့) အမြန်လမ်းမကြီးရဲ





အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြည့်မရအောင် မုန်းခဲ့သည်။
ယခုတော့ ဒီလိုမဟုတ်တော့ပါ။ကျွန်တော်နှင့်မိသားစု မှာ(20/7/14)နေ့က
မန္တလေးမြို့မှ ပဲခူးမြို့သို့ ရန်ကုန်မန္တလေး အမြန်လမ်း အတိုင်း ကိုယ်ပိုင်ကားဖြင့် ပြန်လာခဲ့ပါသည်။ မိုင်တိုင်(276/1) အနီးနားတွင် ကျွန်တော်နှင့်လားရာတူ ယာဉ်အမှတ်(*/****)အနက်ရောင်
ဟိုင်းလတ်ယာဉ်တစ်စီးမှာ တိမ်းမှောက်လျှက် အနီးနားတွင်လည်း အသားဖြူဖြူအမျိုးသားတစ်ဦးမှာ မှောက်လျှက်အနေအထားတစ်ကိုယ်လုံး ဒဏ်ရာရရှိသဖြင့် သွေးများချွဲနစ်နေပြီး မလှမ်းမကမ်းသစ်ပင်ရိပ်တွင် အမျိုးသားတစ်ဦးမှာလည်း ထိုင်လျှက် ဒဏ်ရာများဖြင့်တွေ့ရှိရပါသည်။

ကျွန်တော့်အရင်ရောက်နှင့်သော နည်းတူခရီးသွားများအား ရဲစခန်းကို အကြောင်းကြားပြီးပြီလားဟု မေးနေစဉ် မြောက်ဘက်မှ ရဲတပ်ဖွဲ့လူနာတင်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ကားတို့ ရောက်ရှိလာပါသည်။ ထိုကားရပ်လိုက်စဉ်မှာပင် အမြန်လမ်းရဲများနှင့် မီးသတ်တပ်ဖွဲ့များမှ လျှင်မြန်စွာဖြင့် ကားပေါ်မှဆင်းပြီး ဓါတ်ပုံရိုက်သူကရိုက် စာရင်းမှတ်သူကမှတ် မှောက်လျှက်ဖြစ်နေသော လူနာမှာ လူမြင်မတော်အောင်ဖြစ်နေ၍ ပုဆိုးကိုဖုံးဖိကာ ချက်ချင်းပင် ထမ်းဆင်ဖြင့်ကားပေါ်တင်ပြီး ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်သွားပါသည်။ခဏတွင် နောက်ထပ် အမြန်လမ်းရဲကား အဖြူတစ်စီးမှာ တောင်ဘက်ကလာပြီး မြောက်ဘက်မှလည်း ကြက်ခြေနီတပ်ဖွဲ့လူနာတင်ကားရောက်ရှိလာကာ သစ်ပင်အောက်မှ ဒဏ်ရာရရှိသူကို ကြက်ခြေနီကားပေါ်သို့တင်ဆောင်ကာ ဆေးရုံသို့ထပ်မံခေါ်ဆောင်သွားခဲ့ပါသည်။

ကျန်သည့် အမြန်လမ်းရဲကားတစ်စီးမှ ပါတ်ဝန်းကျင် အခင်းဖြစ်စဉ်အားစစ်ဆေးရန် ကျန်နေခဲ့ပါသည်။ကျွန်တော် အသက် (50)နှစ်ရှိပါပြီ!
အသက်(50)အတွင်းမှာ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုဟာ အများမှ ကဲ့ရဲ့ လောက်အောင် ဆိုးဝါးလှပါသည်။ဒါပေမယ့်လည်း ယခု မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ကျွန်တော်၏ အထင်အမြင်နှင့် တစ်ခြားစီမဟုတ်တော့ဘဲ အခင်းဖြစ်နေရာအား ချက်ချင်းရောက် ချက်ချင်းစစ် ဒဏ်ရာရရှိသူအား ချက်ချင်း ဆေးရုံသို့ပို့ဆောင် ခဲ့သည်ကို မြင်တွေ့ရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ နိုင်ငံတကာရဲတပ်ဖွဲ့လို စွမ်းဆောင်နိုင်ခဲ့သလို ပြည်သူမှ အားကိုးထိုက်သော ရဲတပ်ဖွဲ့ဖြစ်လာခဲ့ပါသည်။ နောက်ကျွန်တော်မှ ကျန်ခဲ့သည့်ရဲအား ရဲကားတွေက တောင်ကတစ်စီးလာတယ် မြောက်ကတစ်စီးလာတယ် ဘာလို့လဲ မေးရာ တောင်ဘက်က ကားမှာ ပေပင်လေး အမြန်လမ်းရဲစခန်းမှ ဖြစ်ပြီး မြောက်မှလာသောကားမှာ သီးကုန်း အမြန်လမ်းရဲစခန်းမှဖြစ်ကြောင်း မီးသတ်ကားနှင့် ကြက်ခြေနီကားတို့မှာ သီးကုန်းမှပင်ဖြစ်ကြောင်း ရည်မွန်ချိုသာစွာ ရှင်းပြခဲ့ပြီး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တစ ဖြစ်ပါက ရဲစခနိးမရွေးဘဲ နီးစပ်ရာ အမြန်လမ်းရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များမှ ချက်ချင်းသွားရောက်ပူးပေါင်း ကူညီပေးကြောင်း ရဲကားနှင့်အတူ မီးသတ်ကား ကြက်ခြေနီကားပါ အတူပါကြောင်း ရဲစခန်းတစ်ခုလျှင် လူနာတင်ကားနှင့် လိုက်ထရပ်ကားတို့ နေပြည်တော်ရုံးမှ ထုတ်ပေးထားကြောင်း ပြောပြသဖြင့် ရင်ထဲမှ ရဲတပ်ဖွဲ့ဝင်များအား
သာဓု သာဓု သာဓုဟု အကြိမ်ကြိမ် ခေါ်မိခဲ့ပါသည်။

From: ပဲခူးသား မျိုးမြင့်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...