Monday, 18 August 2014

စိုပြေ ပြောသည့်. ~ ထူးအိမ်သင်သီချင်း ဘယ်သူမှ မဆိုရ ~ ( သရော်စာ )





ယခုတစ်လော သတင်းတွေ ကြည့်လိုက်လျှင် ထူးအိမ်သင် သတင်းတွေချည်း ဖြစ်နေသည်။ သတင်းစာလည်း ထူးအိမ်သင်၊ ဂျာနယ်လည်း ထူးအိမ်သင်၊ ဖေ့ဘုတ်လည်း ထူးအိမ်သင်။
လွှတ်တော်မှာတောင် ထူးအိမ်သင်နဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းမည်ဆိုတော့ ပိုလို့တောင် စိတ်ဝင်စားမိသည်။

ဒီလောက် ထူးအိမ်သင်နေတာ ထူးအိမ်သင်များ ဘာဖြစ်လို့လဲလို့ စုံစမ်းကြည့်မိတော့သည်။

သတင်းတွေ ဖတ်ကြည့်တော့ ထူးအိမ်သင် ဆယ်နှစ်ပြည့်ဆိုလား၊ ရှိုးပွဲလုပ်မည်ဟု ရေးထားကြသည်။

သီချင်းတွေ ကောင်းကောင်း မရသော်လည်း ထူးအိမ်သင် အသက်ဆယ်နှစ် ဆိုတာတော့ မဖြစ်နိုင်ဟု တွေးမိလိုက်သည်။ စိုပြေ မြင်ဖူးသည့် ထူးအိမ်သင်ဆိုသည့် လူ၏ ပုံသဏ္ဌာန်သည် အသက်သုံးဆယ်ကျော် အရွယ် မဟုတ်ပါလား။

စိတ်ထဲ မကျေလည်သဖြင့် အခြားသတင်းစာ တစ်စောင် ကောက်လှန်ကြည့်လိုက်တော့ ထူးအိမ်သင် ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ပွဲဟု ရေးထားပြန်သည်။

ဟင် ... ထူးအိမ်သင် သေသွားပြီ။
ထူးအိမ်သင် သေသွားတာကို စိုပြေမသိ။ ထူးအိမ်သင် သီချင်းတွေ ကြိုးကြားကြိုးကြား ကြားနေရသဖြင့် ထူးအိမ်သင် ရှိသေးသည်ပဲ အောက်မေ့မိသည်။ အခွေတွေ ထွက်နေတုန်းပဲလေဟု ထင်ထားမိခဲ့သည်။ အခုတော့ ထူးအိမ်သင် သေသွားပြီ။ သေတာတောင် အခုမဟုတ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကတဲ့။

ထူးအိမ်သင် သေတာတောင် မသိလိုက်ရသဖြင့် စိုပြေ့ ကိုယ် စိုပြေ ယူကျုံးမရ ဖြစ်ရသည်။
ဝမ်းနည်းစရာ ကောင်းပါဘိ။

ထူးအိမ်သင် ပရိသတ်တွေသိလျှင် စိုပြေကို စိတ်ဆိုးကြမလားမသိ။
စိတ်ဆိုးလည်း မတတ်နိုင်တော့။ စိုပြေက သီချင်းတွေ ကြားနေသေးလျှင် အဆိုတော် ရှိနေတုန်းပဲ မှတ်သည်ကိုး။

ထူးအိမ်သင်မှ မဟုတ်။ လွှမ်းမိုးတို့၊ စန္ဒရားလှထွဋ်တို့၊ ဒိုးလုံးတို့ သီချင်းတွေလည်း မကြာခဏ နားထောင်ဖြစ်သဖြင့် ထိုအဆိုတော်တွေလည်း အသက်ရှင်နေတုန်းပဲဟု စိုပြေ့စိတ်ထဲတွင် ထင်နေသည်။

လွန်ခဲ့သည့် တစ်နှစ်လောက်တုန်းကတောင် ဒိုးလုံး သေသွားပြီဟု ပြောသဖြင့် မဟုတ်တာ ပြောရမလားဟုဆိုကာ သူငယ်ချင်းတစ်ယောက်နှင့် ငြင်းပြီး ရန်ဖြစ်ရဖူးသည်။
ခုတော့ ... စိုပြေ ကြိုက်သည့် ဂျပ်ဆင်ထိပ်က လရိပ်ပြာတို့၊ အခြားခေါင်းစဉ် မမှတ်မိသော သီချင်းတွေကို ဆိုထားသည့် ကိုငှက်ခေါ် ထူးအိမ်သင်ကား သေဆုံးသွားပြီ ဖြစ်သည်။

တကယ်တော့ စိုပြေခမျာ ထူးအိမ်သင် သီချင်းတွေကို ကြိုက်သာကြိုက်တာ ဘယ်သီချင်း ခေါင်းစဉ်မှ မမှတ်မိ။ သီချင်းခေါင်းစဉ်တင်လား ဆိုတော့ မဟုတ်သေး။ အထဲက စာသားလည်း မရ။

ထူးအိမ်သင်မှ မဟုတ်ပြန်။ ခရေဇီ ဖြစ်သည့် လေးဖြူသီချင်းတွေကိုလည်း မမှတ်မိ။ သီချင်းဖွင့်ထားလျှင် နားထောင်လိုက်သည်။ ပိတ်သွားလျှင် နားမထောင်တော့။

စိုပြေ အလွတ်ရသည့် သီချင်းတစ်ပုဒ်မှ မရှိ။ ကမ္ဘာမကြေ သီချင်းတောင် သူများတွေနဲ့ ရောဆိုမှ ဆိုတတ်သည်။ ဒါကြောင့် စိုပြေ ကေတီဗီကို ဘယ်တော့မှ မသွား။ သူငယ်ချင်းတွေ ခေါ်လွန်းလို့ သွားလျှင်လည်း သီချင်းမဆို။ ဘီယာသာ ဖိသောက်သည်။
ထားတော့ ...။

အခု ထူးအိမ်သင် သေသွားပြီဟု သိတော့မှ လူတွေ ထူးအိမ်သင်နှင့် ပတ်သက်ပြီး ဘာတွေ ဖြစ်နေကြတာလဲဟု လိုက်စုံစမ်းမိသည်။

ကြာကြာ မစုံစမ်းလိုက်ရပါ။

ထူးအိမ်သင် ရှိုးပွဲမှာဆိုမည့် အဆိုတော်တွေ စာရင်းကို တင်ထားပြီး ဆဲထားသူတွေကို တွေ့ရသည်။ သူတို့ မကြိုက်သည့် အဆိုတော်တွေ ရှိုးပွဲတွင် ပါကာ ထူးအိမ်သင် သီချင်းကို ဆိုမည်ဆို၍ ဆဲကြခြင်း ဖြစ်သည်။

တကယ်တော့ စိုပြေလည်း နားမလည်။ ဒီလို သေသွားတဲ့လူအတွက် လုပ်တဲ့ ရှိုးပွဲဆိုလျှင် လူတွေ ဝိုင်းဆိုကြတာ သဘာဝဟုသာ ထင်ထားခဲ့သည်။ ဒီလိုမျိုး အဆိုတော်တွေ အများကြီး ဆိုတော့မှ လူပိုဝင်သည်ဟုလည်း ကြားထားခဲ့ဖူးသည်။ စီစဉ်သူကလည်း ဒီလိုစီစဉ်မှ လူများပြီး တွက်ခြေကိုက်မည် ဖြစ်သည်။

အခုတော့ ဒီလို ဝိုင်းဆိုတာကို ဆဲကြပြီ။ ဒါ ထူးအိမ်သင်ရဲ့ အနုပညာကို ဖျက်ဆီးသူတွေဟု ဆိုကြသည်။ ပိုက်ဆံရှိလို့ အခွေထုတ်ပြီး အဆိုတော် ဖြစ်လာသူတွေဟု စွပ်စွဲကြသည်။ အနုပညာခံယူချက် မရှိသူတွေဟု စွပ်စွဲကြသည်။

ထူးအိမ်သင် ခရေဇီတွေခမျာလည်း ထူးအိမ်သင် သီချင်းကို ဘယ်သူ့ကိုမှ ဆိုစေချင်ပုံ မရ။
အကြောင်းပြချက်ကတော့ ကိုငှက်သီချင်းတွေ ပျက်စီးသွားမှာ စိုး၍ဖြစ်သည်။

ဟုတ်တော့ ဟုတ်သည်။ စိုပြေ ကြိုက်သည့် လွှမ်းမိုး၏ ပါးစပ်ရာဇဝင်လေး သီချင်းကို ရှိုးပွဲတွင် ဇော်ပိုင်လားမသိ ပြန်ဆိုထားသည်။ ဘယ်လိုမှ နားထောင်လို့ မကောင်းတော့။ မူရင်းအဆိုတော်က ခံစားချက်အပြည့်နဲ့ ဆိုထားတာကို ရှိုးပွဲတွင် ပေါ့ပေါ့ပြက်ပြက်နှင့် ဆိုလို့ သီချင်းတွေ ပျက်စီးသွားတာတွေလည်း မနည်း။

ထူးအိမ်သင် ပရိသတ်က ဆိုမည့် အဆိုတော်တွေကို ဆဲကြရုံနှင့် မပြီးသေး။ အဆဲခံရသည့် အဆိုတော်၏ ပရိသတ်များကလည်း ထူးအိမ်သင် ခရေဇီများကို ပြန်ဆဲကြပြန်သည်။
အမှတ်တရ ရှိုးပွဲပဲ လူတိုင်းဆိုမှာပေါ့၊ ထူးအိမ်သင် အသံကို နားထောင်ချင်လျှင် ထူးအိမ်သင်နောက် လိုက်သွားဟု ဆိုကြသည်။ အခြားအဆိုတော်ဆိုတာ မကြိုက်ရင်လည်း ရှိုးပွဲမှာ ထူးအိမ်သင်အခွေ ဖွင့်ပြီးတော့ပဲ နားထောင်ကြဟု ပြန်ပက်၏။

ဒီလိုနှင့် တိုက်ပွဲတွေ ပြင်းထန်လာတော့သည်။
ထူးအိမ်သင်အကြောင်း မပါလျှင် မပြီးတော့။

ဒီလိုလူတွေ ဆဲကြလွန်းလို့လည်း တချို့အဖွဲ့က ရှိုးပွဲမှ ထွက်သွားပြီး ထူးအိမ်သင် ခရေဇီကိုလည်း Fuck you ဆိုသွားသည်။ အဲ့တော့ ပရိသတ်က ထမင်းကျွေးထားတာကို ပရိသတ်ကို စော်ကားတာဟု ဆိုကြပြန်သည်။

ထူးအိမ်သင် ပရိသတ် ဆဲကြသည့် အချို့ အဆိုတော်တွေကိုတော့ ထူးအိမ်သင် သမီးလေးက ကြိုက်သဖြင့် ရှိုးပွဲတွင် ထည့်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။

ဘာတွေမှန်းတော့ မသိ။

သူတို့တင် မဟုတ်။ ထူးအိမ်သင်ကို ခရေဇီဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ထူးအိမ်သင်သီချင်းကို အခြားလူတွေဆိုတာ မကြိုက်။ ယုတ်စွအဆုံး ကေတီဗီမှာတောင် ထူးအိမ်သင် သီချင်းကို မဆိုစေချင်ကြ။

လွှတ်တော် ကိုယ်စားလှယ်တွေခမျာ နေပြည်တော်က ကေတီဗီတွေကို ရောက်တိုင်း ထူးအိမ်သင်သီချင်းကို အခြားလူတွေ ဆိုနေတာ ကြားရလျှင် မခံစားနိုင်။ သူတို့သာ ဆိုချင်ဆိုမည်။ ထူးအိမ်သင် သီချင်းကို အခြားလူတွေဆိုတာ မကြိုက်ကြ။ အခုလို အခြား ဟစ်ဟော့ အဆိုတော်တွေ၊ ပေါ့အဆိုတော်တွေက တိုင်းသိပြည်သိ ဆိုမည်ဆိုတော့ ပိုလို့တောင် စိတ်ဆိုးသည်။

ဒါကြောင့် လွှတ်တော်ပြန်စလျှင် အရေးကြီး ကြယ်ပွင့်ပြ အဆိုတစ်ခုတင်ပြီး ဥပဒေတစ်ခု ပြဋ္ဌာန်းရန် ကြံစည်နေကြသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ အတွင်းသတင်းများအရ စိုပြေ သိရလေသည်။
ယင်းဥပဒေကတော့ ထူးအိမ်သင် သီချင်းများကို အကာကွယ်ပေးရေး ဥပဒေ ဖြစ်သည်။

ထိုဥပဒေအရ ထူးအိမ်သင်သီချင်းကို လူတိုင်း ဆိုနိုင်တော့မည် မဟုတ်။ ထူးအိမ်သင် အသံနှင့် တူကြောင်း သက်ဆိုင်ရာက ထောက်ခံချက်ပေးမှသာ ဆိုနိုင်မည် ဖြစ်သည်။

ထူးအိမ်သင်နှင့် အသံမတူသူတွေ၊ ဟစ်ဟော့ အဆိုတော်တွေ၊ ပန့်အဆိုတော်တွေခမျာ ထိုဥပဒေအရ ထူးအိမ်သင်သီချင်းကို ဆိုခွင့်ရတော့မည် မဟုတ်။

ကေတီဗီများတွင်လည်း ထူးအိမ်သင်သီချင်းကို ပိတ်ပင်မည်ဖြစ်၏။ အသံသေး အသံကြောင်ဖြင့် ထူးအိမ်သင် သီချင်းကို ဆိုလျှင်တော့ ဥပဒေအရ ထောင်ချခံရမည်။ ထူးအိမ်သင် သီချင်းကို ယောင်လို့မှ ညည်းခွင့်ရတော့မည် မဟုတ်။

ထိုဥပဒေ ပြဋ္ဌာန်းလိုက်လျှင် ဘယ်သူတွေဆဲပြီး ဘယ်သူတွေ သြဘာပေးကြမလဲ ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ကြပါစို့။

စိုပြေ (သံချောင်းပါတီ)
From: The Voice

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...