Monday, 11 August 2014

ကိုးပွင့်ဆိုင် တောင်းတဲ့ FDA ကို လေးပွင့်ဆိုင် တောင်းထားတဲ့ NLD မကြေနပ်


နိုင်ငံရေးပါတီ (၁၁)ပါတီ ပူးပေါင်းထားသော ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)က ကိုးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းကြောင်း သြဂုတ် ၁ ရက်တွင် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ၉ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ NCCT ထိပ်သီး ခေါင်းဆောင်များ၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း(NBF)၊ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့များ ပါဝင်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြ ထားသည်။

ထိုသို့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) က ၉ ပွင့်ဆိုင် တွေ့ဆုံရန် မတောင်းဆိုမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ စာပို့ တောင်းဆိုထားသည်။

အဆိုပါ ၉ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုသော FDA တွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည်ပါဝင်သည်။

““မကြာခင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတော့မယ်လို့ အသံတွေ ထွက်နေတယ်လေ။ အပစ်အခတ် ရပ်စဲရေးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ တက်တော့မှာကိုး။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လမ်းပြမြေပုံ သဘောမျိုးပေါ့။ လေးပွင့်ဆိုင်မှာက တိုင်းရင်းသား လက်နက်ကိုင်တွေ မပါဘူးလေ။ အမယ်စုံအောင်တော့ ထည့်ထားတယ်။ ပါချင်တာ မပါချင်တာကတော့ သူတို့ဆန္ဒပေါ့ဗျာ””ဟု FDA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ယခုကဲ့သို့ FDA က ၉ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)
ှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ““သူတို့သဘောနဲ့ သူတို့လုပ်တာ ကျွန်တော်တို့ ဘာမှ မပြောလိုပါဘူး။ လေးပွင့်ဆိုင် တွေ့ဆုံဖို့က တောင်းပြီးသားပဲ။ အစိုးရဘက်က ဘာမှ မတုံ့ပြန်တာ။ ကိုယ့်ဘာသာကိုယ် ချင့်ချိန်မှာပါ””ဟု သုံးသပ်ခဲ့သည်။

ကိုးပွင့်ဆိုင် တောင်းတဲ့ FDA ကို လေးပွင့်ဆိုင် တောင်းထားတဲ့ NLD မကြေနပ်ဖြစ်နေကြောင်း သိရသည်။
 
From:Ko Rarzar

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...