Monday, 18 August 2014

ပဲခူးရေဘေးသင့်ဒေသများအတွက် ထူးဖောင်ဒေးရှင်းနှင့် HGC ယူနစ်အသီးသီးက ကျပ်သိန်းပေါင်း ၄၀၀ ကျော် လှူဒါန်း





ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ လမ်းညွှန်မှုဖြင့် Htoo Group of Companies ယူနစ်အသီးသီးက ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့် ဒေသများအတွက် အလှူငွေကျပ်သိန်းပေါင်း (၄၀၀)ကျော် တန်ဖိုးရှိသည် ငွေနှင့် အထောက်အပံ့ ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ပဲခူးခရိုင်၊ ပဲခူးမြို့တွင် တည်ရှိသော ဗုဒ္ဓသာသနဗိမ္မာန် စိတ္တသုခခန်းမတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ ထူးထရေးဒင်းကုမ္ပဏီက ငွေကျပ် သိန်း(၅၀)၊ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းက သိန်း(၅၀)နှင့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ မိခင်ကြီး အမေအုန်း၏ အသက် (၈၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြင့် ဦးတေဇ မိသားစုများက ငွေကျပ် သိန်း(၈၀)ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

လှူဒါန်းမှုနှင့် ပတ်သက်၍ ထူးဖောင်ဒေးရှင်း စီအီးအို ဦးပေါ်မြင့်ဦးက ထူးဖောင်ဒေးရှင်း နာယကဖြစ်သူ ဦးတေဇ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးတွင် တစ်တပ်တစ်အား ပါဝင်လှူဒါန်းခွင့်ရသည့်အတွက် ၀မ်းသာပါကြောင်းနှင့် အလှူအတွက် ၀ိုင်းဝန်း ပံ့ပိုးပေးကြသည့် Htoo Group of Companies ရှိ ယူနစ်အသီးသီးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ကယ်ဆယ်ရေးကာလအပြင် ပြန်လည် ထူထောင်ရေး ကာလတွင်ပါ ကူညီလှူဒါန်းပေးသဖြင့် ထူးဖောင်ဒေးရှင်းနှင့် အလှူရှင်များကို ကျေးဇူးတင်ကြောင်း၊ လှူဒါန်းငွေများကို ရေဘေးသင့် ဒေသများတွင် အထိရောက်ဆုံးနှင့် အမြန်ဆုံး အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့နောက် ထူးဖောင်ဒေးရှင်းနှင့် Htoo Group of Companies ယူနစ် အသီးသီးမှ တာဝန်ရှိသူများသည် ဥဿာမြို့သစ်ရှိ ဒက္ခိဏသာခါရာမကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းနှင့် သနပ်ပင်မြို့နယ်ရှိ မင်းရွာသို့ ဆက်လက် သွားရောက်ပြီး ဒေသခံ ပြည်သူများ လက်ဝယ်အရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းနှင့် Htoo Group of Companies ယူနစ်အသီးသီးက ကယ်ဆယ်ရေးစခန်း (၂)ခုသို့ လှူဒါန်းရာတွင် ဆန်အိတ်ပေါင်း(၁၀၀)၊ ဆေးဝါးများထည့်ထားသည့်သေတ္တာ(First Aid Kit) (၁၀၀)လုံး၊ သောက်ရေသန့်ဗူးများ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၊ အစားအစာများ၊ အ၀တ်အထည်များနှင့် ကျောင်းသားများအတွက် ကျောပိုးအိတ်များ လှူဒါန်းခဲ့ပါသည်။

ဒက္ခိဏသာခါရာမကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းမှ ကိုဆန်းကိုဦးက “တစ်ချို့ မိသားစုတွေက အတော်ကြီးကို ချို့တဲ့ကြတယ်၊ အခုလိုလာပြီး လှူဒါန်းတာမြင်ရတော့ ကျွန်တော်တို့လည်း ပီတီဖြစ်မိတယ်ဗျာ” ဟုပြောကြားခဲ့သည်။ မှုလတန်းကျောင်းသူ တစ်ဦး ဖြစ်သော မနှင်းကလျာဦးကလည်း “ သမီးတော့ မုန့်တွေလည်း ရတယ်၊ ကျောပိုးအိတ်လည်းရ လို့ အရမ်းပျော်တာပဲ” ဟု ပြောပြသည်။

ထူးဖောင်ဒေးရှင်းနှင့် အဖွဲ့သည် ပဲခူးမြို့ပေါ်မှ ၁၇ မိုင်ခန့်ကွာဝေးသော သနပ်ပင်မြို့နယ်အတွင်းရှိ မင်းရွာတွင် လှူဒါန်းမှု ပြုခဲ့ရာ၌ ထိုရွာရှိ ရေဘေးဒုက္ခခံစားရသည့် အိမ်ထောင်စု(၈၀)အား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ ၂၅၀၀၀ ကျပ်နှင့် မိုးကာတစ်ထည်စီအား သီးသန့် လှူဒါန်းခဲ့ပါသည်။ ထို့ပြင် မူလတန်းကျောင်းသား ၃၀၀ ဦးအား မုန့်များနှင့် တစ်ဦးလျှင် မုန့်ဖိုး ၁၀၀၀ ကျပ် ပေးဝေခဲ့သည်။

ယနေ့ ထူးဖောင်ဒေးရှင်းနှင့် Htoo Group of Companies ယူနစ်အသီးသီးမှ ပဲခူးတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ လှူဒါန်းခဲ့သည့် အလှူငွေနှင့် အထောက်အပံ့ပစ္စည်း အသီးသီး၏ စုစုပေါင်း တန်ဖိုးမှာ ကျပ်ငွေ (၄၃၈၉၄၅၀) ဖြစ်ပါသည်။

From: Htoo Foundation

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...