Monday, 18 August 2014

အီရတ်ရှိ IS အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းမည့် ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ ချမှတ်


                    အီရတ်နိုင်ငံ မြောက်ပိုင်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် အစ္စလာမ် နိုင်ငံတော် (IS) အဖွဲ အား နည်းသွား စေရန်အတွက် ကုလလုံခြုံရေး ကောင်စီသည် ၄င်းအဖွဲ့ကို ငွေကြေး ထောက်ပံ့နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းနှင့် နိုင်ငံခြားသား တိုက်ခိုက်ရေး သမားများ ပူးပေါင်း ပါဝင်မှု တားဆီးရေး ဆုံးဖြတ်ချက်တစ်ခုကို သောကြာနေ့တွင် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ကာ့ဒ်တပ်ဖွဲ့ဝင် များ ထိန်းချုပ်ထားသည့် ဆင်ဂျာမြို့မှ (၄၅) ကီလိုမီတာ အကွာရှိ ကိုချို ကျေးရွာတွင် ယာဇီဒီ မျိုးနွယ်စုဝင် အမျိုးသား ဒါဇင်ပေါင်းများစွာ တို့အား အစ္စလာမ်ဝါဒီများက သတ်ဖြတ်ခဲ့ကြောင်း အနောက်နိုင်ငံ မီဒီယာများက ဖော်ပြခဲ့သည်။ ဒေသခံများသည် အစ္စလာမ် ဘာသာသို့ ကူးပြောင်းခြင်း မရှိသည့် အတွက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

                 ယာဇီဒီမျိုးနွယ်စုဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမည်ကို စိုးရိမ်သောကြောင့် အမေရိကန်သည် IS အဖွဲ့အား လေကြောင်းမှ ထိုးစစ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပထမအကျော့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားများ ပုန်းအောင်းနေသည့် ဆင်ဂျာတောင်အား IS အဖွဲ့က ၀န်းရံ ပိတ်ဆို့ထားခြင်းကို ဖြိုခွဲနိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောဆိုခဲ့သည်။
                 နယူးယောက်ခ်ရှိ ကုလလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ကို ချမှတ်နေချိန်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့၌ လည်း ဥရောပ သမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများသည် အရေးပေါ် အစည်းအဝေး ကျင်းပကာ အီရတ်ရှိ ကာ့ဒ် တပ်ဖွဲ့ ဝင်များအား လက်နက်များ အကူအညီ ပေးရန် သဘောတူညီမှုရရှိခဲ့သည်။
                အီရတ်တွင် ရှီယိုက်များ အကျိုးအလို့ငှာ အုပ်ချုပ်နေသည့်အတွက် နိုင်ငံတွင်းလူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးမားစေခဲ့သည့် အီရတ်ဝန်ကြီးချုပ် နူရီအယ်လ်-မာလီကီက ရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် သဘောတူညီခဲ့ သောကြောင့် အီရတ်နိုင်ငံသားများနှင့် အင်အား ကြီးနိုင်ငံများ စိတ်သက်သာမှု ရရှိခဲ့သည်။ မာလီကီ ရာထူးမှ နုတ်ထွက်ခြင်းသည် အီရတ်နိုင်ငံညီညွတ်ရေး အတွက် အဓိက ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဆူဆန်ရိုက်စ်က ပြောဆိုခဲ့သည်။

                ကုလထွေချုပ် ဘန်ကီမွန်း ကလည်း မာလီကီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အီရတ်တွင် အဖွဲ့အစည်း အားလုံးပါဝင်သော အစိုးရအဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။ မာလီကီနေရာတွင် ဆက်ခံမည့်သူအဖြစ် အမည် စာရင်း တင်သွင်းခံထားရသည့်  ဟိုင်ဒါ အယလ်အဘာဒီအား ထောက်ခံကြောင်း အီရန်နှင့် ဆော်ဒီအာရေဗျ ကဲ့သို့ နိုင်ငံများက သတင်းထုတ်ပြန်ခဲ့ကြသည်။

                နိုင်ငံတွင်းရှိ ဆွန်္နီများနှင့် ကာ့ဒ်များကို ခွဲခြား ဆက်ဆံမှုများပြုလုပ်ခဲ့သည့် အတွက် နိုင်ငံတွင်း လူမျိုးရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရာ ယင်း အတွက် မာလီကီတွင် တာဝန်ရှိကြောင်း ဝေဖန်မှုများရှိနေသည်။ မာလီကီရာထူးမှ နုတ်ထွက်မည်ဟု ကြေညာ ပြီးနောက်တွင် မာလီကီအစိုးရနှင့် လက်တွဲ လုပ်ဆောင်လိုခြင်း မရှိခဲ့သည့် အန်ဘာခရိုင်ရှိ ဆွန်္နီမျိုးနွယ်စု (၂၅) ခုကလည်း IS အဖွဲ့ကို တိုက်ခိုက်ရာတွင် ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

From:BBC

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...