Friday, 22 August 2014

ပွင့်ဖြူမြို့တွင် မျိုးစောင့်ဥပဒေ ဟောပြောပွဲ စီစဉ်သူ ဦးမျိုးသန့်အား NLD ပါတီဗဟို အမိန့်အရ တရားစွဲထား



Friday, August 22, 2014

ပွင့်ဖြူမြို့တွင် မျိုးစောင့်ဥပဒေ ဟောပြောပွဲကို တာဝန်ယူစီစဉ်ခဲ့သော ဦးမျိုးသန့်အား NLD ပါတီဗဟို ဆုံးဖြတ်ချက်အရ NLD ပါတီက တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ပွင့်ဖြူမြို့တွင် ဧပြီလ ၃၀ ရက်က ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာဟာပြောပွဲတွင် တာဝန်ယူစီစဉ်ခဲ့သော ဦးမျိုးသန့်အား ပွင့်ဖြူမြို့နယ် NLD ပါတီမှ ဦးအောင်ဝင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဘုန်းကြီးတို့ သိရသလောက်ကတော့ ပခုက္ကူရဲစခန်းက ဇွန်လ ၁၁ ရက်နေ့မှာ ဒကာကြီး ဦးမျိုးသန့်ကို ဆင့်ခေါ်စာပို့ခဲ့တယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ရဲစခန်းကို သွားပြီး အစစ်ခံခဲ့ပြီးတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပွင့်ဖြူတရားရုံးမှာ တရား ရင်ဆိုင်ခဲ့ရတာလို့ သိရှိရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဦးမျိုးသန့်က မစိုးရိမ် တိုက်သစ်မှာ ပထမလတ်တန်းအထိ ပညာဆည်းပူးခဲ့တဲ့ ရဟန်းလူထွက် တစ်ယောက်ပါ။ အမျိုး ဘာသာ သာသနာအတွက်ဆိုရင် အသက်ပေးဝံ့သူ တစ်ယောက်ပါ။ NLD ပါတီက အမှားရှာပြီး ပြင်းပြင်းထန်ထန် လုပ်ကိုင်လာတာတွေ တွေ့ရတော့ စိတ်မကောင်း ဖြစ်ရုံက လွဲပြီး မတတ်နိုင်ပါဘူး” ဟု မန္တလေး မစိုးရိမ်တိုက်သစ်မှ သံဃာတော်တစ်ပါးက မိန့်သည်။

“ဦးမျိုးသန့်က ဒီဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ်ခဲ့တာ။ ဗီနိုင်းတွေ၊ စာစောင်တွေ စုပေါင်းပြီး လုပ်ခဲ့တာပါ။ ဒီပွဲမှာ ဆရာတော်ဦးက္ကန္ဒာစက္ကာဘိဝံသနဲ့ ဆရာတော်ဦးသုစိတ္တ၊ ကိုနေမျိုးဝေ၊ ကိုသီရိမောင်၊ ကိုနောင်နောင်တို့ ဟောပြောခဲ့ပြီးတော့ ပြည်သူလူထု ခြောက်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။ မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်ပေါင်း ၅၂၀၀ ရရှိခဲ့ပါတယ်။ ပွင့်ဖြူအတိုင်းအတာနဲ့ ဆိုရင် တော်တော်ကြီးကို များပါတယ်။ အဲဒီပွဲမှာ NLD က တချို့ လာနှောက်ယှက်တော့ ပြောလွှတ်လိုက်တာမှာ အရှက်ကွဲသွားကြပါတယ်။ ဒါကို မကျေနပ်လို့ လုပ်တာ လို့ သိရပါတယ်။ ကျွန်တော်က NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့သူ တစ်ယောက်ပါ။ ခုတော့ မုန်းသွားပြီ။ ပက်ပက်စက်စက်ကို မုန်းတယ်၊ ရွံတယ်။ ဆရာတော်တွေကို အဓိက မကျေနပ်တာလို့ သိရတယ်။ ဘုန်းကြီးတွေကို တရား စွဲလို့ မကောင်းတော့ ဦးမျိုးသန့်ကို တရားစွဲတာပဲ” ဟု ပွင့်ဖြူမြို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောသည်။

“ဦးမျိုးသန့်ကို စွဲတာက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၈ နဲ့ ဆွဲတာ။ ဦးမျိုးသန့်ကို ကျွန်တော်တို့ကပဲ ချိတ်ဆက်ပေးပြီး အာမခံ ရအောင် လုပ်ထားရတာ။ သူ့ကို တရားရုံး ရုံးချိန်းတွေမှာ ပွင့်ဖြူမြို့ခံ အမျိုးသားရေးလှုပ်ရှားသူတွေ သွားပြီး အားပေးကြတယ်။ မန္တလေးက အမျိုးဘာသာသာသနာကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင်တွေနဲ့ မစိုးရိမ်တိုက်သစ်က ဆရာတော်တစ်ပါး ကိုယ်တိုင်လာပြီး အားပေးတယ်။ ဒီ သြဂုတ်လ ၁၉ ရက်နေ့မှာ ထပ်ပြီး ရုံးချိန်းခေါ်တယ်။ စက်တင်ဘာလ ၁ ရက်နေ့ ထပ်ပြီး ကြားနာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စိတ်နာစရာပါပဲ။ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ စည်းရုံးလှုံ့ဆော်တဲ့ သူကို NLD ပါတီက တရားစွဲတယ် ဆိုတာ သံဃာတော်တွေနဲ့ မျိုးချစ်တွေကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါပဲ” ဟု မန္တလေး အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

မကွေးတိုင်း NLD ပါတီအနေဖြင့် ဦးမျိုးသန့်အား ထောင်ချနိုင်ရန် ဆောင်ရွက်ပြီး နောင်တွင် မျိုးစောင့်ဥပဒေ ထောက်ခံပွဲများ မလုပ်ရဲစေရန် ဖိအားပေးဆောင်ရွက်သွားရန် NLD ဗဟိုက ညွှန်ကြားထားသည် ဟူသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

“သူတို့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ညွှန်ကြားချက်အရ လို့ သိရတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်ပေါ့ဗျာ။ နောက်ထပ်လည်း အမှားရှာပြီး ဥပဒေကြောင်းအရ တရားစွဲတာတွေ လုပ်ဖို့ တစ်နိုင်ငံလုံးက NLD ပါတီဝင်တွေကို သူတို့ဗဟိုက ညွှန်ကြားထားတယ်လို့လည်း ကြားပါတယ်။ ကျွန်တော်တို့ကို အမှား လိုက်ရှာပြီး တရားစွဲလိုက်ရုံနဲ့ ကျွန်တော်တို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ခုဟာက NLD ပါတီက ကျွန်တော်တို့ မဘသကို ကြောက်သွားအောင်၊ နောက်ဆုတ်သွားအောင် လုပ်တာလို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အ၀ါနဲ့ ဖိအားပေးပြီး ထောင်ချမယ်ပေါ့။ ဒါက ကျွန်တော်တို့ကို စစ်ကြေညာတာပဲ။ ရတယ်လေ။ သူတို့က NLD ပါတီကြီးလေ။ ကျွန်တော်တို့က မဘသ လေ။ ဆက်ပြီး ကြည့်ကြတာပေါ့” ဟု ပွင့်ဖြူမြို့နယ် မဘသအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောဆိုသည်။ 

From:ပြည်သူ့အာဏာ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...