Monday, 4 August 2014

အီဘိုလာ ကူးစက်မှုသည် မျှော်လင့်ထားသည်ထက် လျင်မြန်နေကြောင်း WHOအကြီးအကဲ ပြောကြား

အီဘိုလာဗိုင်းရပ်စ်ပိုးသည် ယခင်မျှော်မှန်းထားသည်ထက် ကူးစက်ပျံ့နှံ့မှု လျင်မြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ အကြီးအကဲ ဖြစ်သူက ပြောကြားခဲ့သည်။
WHO၏ ဒါရိုက်တာချုပ် မာဂရက်ချန်းက အာဖရိက(၃)နိုင်ငံတွင် လူပေါင်း(၇၀၀)ကျော်ကို သေဆုံးစေခဲ့သည့် ရောဂါပိုးကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေဆဲဟု ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ဂီနီရာ၊ ဆီအာရာလီယွန်နှင့် လိုက်ဘေးရီးယားတို့တွင် ဖေဖော်ဝါရီလ ကတည်းက အီဘိုလာ ကူးစက်မှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး လူ(၇၂၈)ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့သည်။
အီဘိုလာသည် အလွန်ပြင်းထန်သော ရောဂါတစ်မျိုးဖြစ်ပြီး ကူးစက်ခံရသူ အရေအတွက်၏ (၉၀)ရာခိုင်နှုန်း အသက်ဆုံးရှုံးခဲ့ရသည်။ အီဘိုလာကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးလည်း သတ်သတ်မှတ်မှတ် မရှိသေးချေ။

အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

အာဖရိကတွင် အီဘိုလာ ထိန်းချုပ်ရေးအတွက် သွားရောက် လုပ်အားပေး ကူညီခဲ့ပြီး ရောဂါကူးစက်ခံရသည့် အမေရိကန် နိုင်ငံသား နှစ်ဦးမှာ ယခုအခါ ဇာတိနိုင်ငံ ပြန်ရောက်နေပြီ ဖြစ်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အမေရိကန်-အာဖရိက ညီလာခံ တက်ရောက်ရန်အတွက် လာမည့်သီတင်းပတ်တွင် ဝါရှင်တန်သို့ ရောက်ရှိလာမည့် အာဖရိက ကိုယ်စားလှယ်များကို ရောဂါရှိမရှိ စစ်ဆေးမည်ဟု ကြေညာထားသည်။
ချန်းက လက်ရှိ အီဘိုလာ ကူးစက်မှုများသည် ကပ်ရောဂါဘေး တစ်ခု ဆိုက်ရောက်သည့် အခြေအနေသို့ ဦးတည်နေကြောင်း မှတ်ချက်ပြုခဲ့သည်။ “လက်ရှိ ရောဂါကူးစက် ပျံ့နှံ့မှုဟာ ကျွန်မတို့ရဲ့ တားဆီးနိုင်စွမ်းထက် ပိုမြန်နေတယ်။ တကယ်လို့ ဒီအခြေအနေက ဆက်ပြီး ဆိုးရွားနေမယ် ဆိုရင် တခြားနိုင်ငံတွေကိုပါ ကူးစက်နိုင်မယ့် အလားအလာက ပိုများသွားနိုင်တယ်”ဟု သူမက ပြောကြားခဲ့သည်။
ချန်းက အီဘိုလာ ကူးစက်မှုများကို ထိန်းချုပ်လာနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ “ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောရမယ် ဆိုရင်တော့ လူသားတွေ အားလုံးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမျိုးထိ အန္တရာယ် မကြီးနိုင်ပါဘူး။ နောက်ပြီး လက်ရှိကူးစက်မှုတွေကို ရပ်တန့်တားဆီးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း အီဘိုလာ ကူးစက်မှုတွေ အချိန်ကြာကြာ ဖြစ်ပေါ်နေတာကို စိတ်ရှည်ရှည် စောင့်ကြည့်နေဖို့ ဆိုတာကတော့ ပညာရှိဆန်တဲ့ ရွေးချယ်မှု မဖြစ်နိုင်ပါဘူး”ဟု သူမက မှတ်ချက်ပြုသွားသည်။

From: _BBC

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...