Wednesday, 10 September 2014

ပြည်သူ့ခေါင်းဆောင် အတု နှင့် အစစ်


==========================
သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၆၄ သန်း အကူအညီပေးဖို့ ကတိစကားရခဲ့တယ်လို့ သိရတယ်။
ပြည်သူတစ်ယောက်အနေနှင့် အကောင်းမြင်ဘက်ကကြည့်လျှင် ပြည်သူအတွက် အင်မတန် အလုပ်လုပ်တဲ့ သမ္မတကြီးပါ။ အတိုက်အခံဘက်ကကြည့်လျှင်တော့ ငွေတွေချေးပြန်ပြီ။ အရှက်မရှိဘူး။
သမ္မတလည်း လူပါပဲ။ ဝတ်စုံကြီးဝတ်သွားရပေမယ့် သမ္မတလို့ နာမည်တွင်ကြီးနှင့် ငွေချေးရတာ ဘယ်လောက်ရှက်ရှာလေမလဲ။ ကိုယ့်ပြည်သူအတွက်မို့သာ ချေးရ၊ မျက်နှာအောက်ကျို့ရ၊ ကိုယ့်ကိုယ်ကို နှိမ့်ချနေတာပါ။
ဦးသိန်းစိန်အနေနှင့် တွေးမိမှာပါ။ "ငါလည်း ရွှေမန်းတို့ မြင့်ဆွေတို့လို နေလိုက်လျှင် ရသားပဲ။ အေးအေးဆေးဆေး လက်ညှိုးထိုးနေယုံ။ ဘာမှ လူပြောလဲ မခံရတော့ဘူး" လို့။ တကယ်တော့ သူက သမ္မတဆိုတဲ့ ရာထူးဆိုတော့ အခွင့်ထူးခံ၊ အသက်သာခံချင်လျှင် ပိုလို့တောင် ရပါသေးတယ်။ သို့ပေမယ့် သမ္မတဟူသည် ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် အနစ်နာခံလျှင် ငါသာ အနစ်နာခံမယ်ဆိုတဲ့ ခံယူချက်နှင့် မိမိကိုယ်ကို အနစ်မွန်းခံနေတာလို့ မြင်မိပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်သူ့ခေါင်းဆောင်လို့ သတ်မှတ်ကြတာ သမ္မတ ဦးသိန်းစိန် နှင့် နောက်တစ်ယောက်ရှိပါသေးတယ်။ တကယ်တော့ သမ္မတဦးသိန်းစိန်က ပြည်သူအတွက် အနစ်နာခံရင်းနဲ့ ပြည်သူ့ခေါင်းဆောင်အမည်တွင်လာတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူမရဲ့ follower တွေရဲ့ အမွှမ်းတင်ကင်ပွန်းတပ်ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ပခရီးစဉ်တွေသည် ပြည်သူများအတွက် အကူအညီတစ်ခုခုကို ရယူလာနိုင်သော၊ ပြည်သူ့အကျိုးကိုဆောင်သော၊ အပေါင်းလက္ခဏာဆောင်သော ခရီးစဉ်များဖြစ်ပြီး တစ်ဖက်မှာတော့ ပြည်သူ့ခေါင်းဆောင်အမည်ခံကြီးရဲ့ ပြည်ပခရီးစဉ်တွေမှာ မိမိနိုင်ငံကို ပြည်ပက စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုခြင်း၊ ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်ကြဖို့ တောင်းဆိုခြင်းတွေကြောင့် ပြည်သူများအတွက် နစ်နာစရာများ၊ ဆုတ်ယုတ်မှုများကိုသာ ဖြစ်စေခဲ့ပါတယ်။ အနှုတ်လက္ခဏာဆောင်သော ခရီးစဉ်များသာ ဖြစ်ခဲ့ပါတယ်။ နှစ်ဦးသား နှိုင်းယှဉ်ချက်အရ ပြည်သူ့အကျိုးကိုဆောင်တဲ့ ပြည်သူ့ဘက်ကသာရပ်တည်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပုံရိပ်က တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ မည်သူကမှ ဇွတ်အတင်းမကြေငြာပေမယ့် ပြည်သူ့ခေါင်းဆောင်ဆိုတဲ့ အနေအထားကို ပြည်သူတွေက လက်ခံလာကြပါတယ်။ တစ်ဖက်မှာတော့ ပြည်သူတွေအတွက် နစ်နာမှုတွေသာ ဆောင်ကျဉ်းလာစမြဲမို့ ပြည်သူ့အကျိုးကို ယုတ်လျော့စေတဲ့ ပြည်သူ့ခေါင်းဆောင်လို့ အဓမ္မနာမည်ယူထားလေသူကြီးရဲ့ ပုံရိပ်က တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ ဒါတွေကတော့ အတု နှင့် အစစ် နှိုင်းယှဉ်လျှင် အတုက အစစ်ကို မယှဉ်နိုင်တဲ့ လောကနိယာမအတိုင်း အဖြေထွက်လာတာ ဖြစ်ပါတယ်။
ပြည်သူ့ခေါင်းဆောင်အတုက ပြည်သူ့ခေါင်းဆောင်အစစ်ပေါ်ထွက်လာချိန်မှာ မှေးမှိန်သွားပါပြီ။
တစ်ချိန်ကတော့ ကျွန်တော်တို့လည်း သူမကို ပြည်သူ့ခေါင်းဆောင် အစစ်ထင်ပြီး အထင်ကြီး လေးစားခဲ့ဖူးပါတယ်။ နိုင်ငံအတွက် စွမ်းစွမ်းတမံ ရွက်ဆောင်မယ့်သူလို့ မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ကျောက်အတု နှင့် အစစ်ကို မှန်ဘီလူးနှင့် ခွဲခြားလိုက်ရသလို ကွဲပြားသွားပါပြီ။ သွေးမထားပေမယ့် ဦးသိန်းစိန်သည် ရတနာအစစ်ဆိုတာကို ပြည်ပခရီးစဉ် မှန်ဘီလူးကတစ်ဆင့် ကွဲကွဲပြားပြား မြင်လိုက်ရပါပြီ။
ပြည်သူ့ခေါင်းဆောင်အစစ်နှင့် အတု ခွဲခြားရာမှာ ကျွန်တော်ငယ်ငယ်တုန်းက မြင်ဖူးခဲ့တဲ့ ခွေးမနှစ်ကောင်ကို အမှတ်ရမိပါတယ်။ ကျွန်တော်ငယ်ငယ်က ကိုရင်ဝတ်ဖို့အတွက် ဘုန်းကြီးကျောင်းတစ်ခုမှာ ဘုန်းကြီးကျောင်းသားအနေနှင့် သင်္ကန်းတောင်း စသည့်စာများကို သင်အံရပါတယ်။ ဘုန်းကြီးကျောင်းကို လာလာပြီး စားကြွင်းစားကျန်များကို လာလာတောင်းစားတတ်တဲ့ ခွေးမ နှစ်ကောင်လည်း ရှိပါတယ်။ အကြားတစ်ကောင် နှင့် အဖြူတစ်ကောင်ပါ။ ကျွန်တော်တို့ကတော့ ခွေးကြားမ နှင့် ခွေးဖြူမ လို့ပဲ ခေါ်ပါတယ်။
ဆရာတော်ကြီးက ဒီခွေးနှစ်ကောင်အတွက် အထုပ်တစ်ထုပ်စီ ချန်ထားလေ့ ရှိပါတယ်။ နှစ်ကောင်လုံးက အထုပ်ကိုချီပြီး ထွက်သွားလေ့ ရှိပါတယ်။ နေ့ခင်းတစ်ချိန်ပဲ လာလေ့ရှိပြီး ကျန်အချိန် မပေါ်လာတတ်ပါဘူး။ ခွေးလေခွေးလွင့်တွေလို့ ယူဆရပါတယ်။ ခွေးဖြူမက အစာတစ်ထုပ်ကို ချီသွားပြီးလျှင် ပြန်မလာပေမယ့် ခွေးကြားမကတော့ သုံးရက်ခြားဆိုသလောက် နောက်တစ်ထုပ်ကို တအီအီ နှင့် လာတောင်းတတ်ပါတယ်။ အံ့သြစရာကောင်းတာက ဆရာတော်ကြီးကလည်း နောက်ထပ်တစ်ထုပ် ချန်ထားလေ့ရှိထားပါပဲ။ ခွေးကြားမက နောက်တစ်ထုပ်သာ ချီသွားပေမယ့် ဝ လာတယ်လို့ မရှိပါဘူး။
ကျွန်တော်တို့ကတော့ တွေးမိကြပါတယ်။ "ဆရာတော်ကတော့ ခွေးကြားမ ကို အတော်ချစ်ပုံ ရတယ်... ဒီခွေးမကတော့ အစားသာကြီးတယ် ဝမလာဘူး" လို့။ တစ်နေ့တော့ ဒီအကြောင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးကို လျှောက်မေးကြပါတယ်။ ဆရာတော်ကြီးက မဖြေပဲ သိချင်လျှင် လိုက်ကြည့်ကြလို့ပဲ မိန့်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း လိုက်ကြည့်ကြပါတယ်။
ခွေးဖြူမမှာလည်း ခွေးပေါက်စလေးတွေ ရှိပြီး ခွေးကြားမမှာလည်း အလားတူ ရှိနေပါတယ်။ ခွေးဖြူမက သူချီလာတဲ့ အစာထုပ်ကို သူအရင်စားပါတယ်။ ကျန်တာကိုမှ သူ့ကလေးတွေကို ကျွေးပါတယ်။ မပိုလျှင် မကျွေးပါဘူး။ ခွေးကြားမကတော့ အစာထုပ်ကို သူ့ကလေးတွေကို အရင် ကျွေးပါတယ်။ ခွေးလေးတွေ မဝသေးဘူး၊ မလောက်သေးဘူးဆိုလျှင် ဘုန်းကြီးကျောင်းကို တစ်ခေါက်ပြန်တောင်းပါတယ်။ သူ့သားသမီးတွေပိုမှ သူစားပါတယ်။ မပိုလျှင်လည်း မစားတော့ပါဘူး။
ကျွန်တော်တို့ သေချာအောင် တစ်ပတ်လောက် လိုက်ကြည့်ပါတယ်။ ဒီအတိုင်းပါပဲ။ တစ်ပတ်ကျော်လောက်မှာ ဆရာတော်ကြီးက ဦးဇင်း၊ ကိုရင်၊ ကျောင်းသားအားလုံးကို ခေါ်မေးပါတယ်။ အားလုံးကလည်း မြင်ပြီးကြောင်း၊ သဘောပေါက်သွားပြီဖြစ်ကြောင်း လျှောက်တင်ကြပါတယ်။ ဆရာတော်ကြီးက မိန့်ပါတယ်။ လူတင်မက ခွေးတွေမှာလည်း အကောင်းအဆိုး ကွာခြားကြောင်း၊ စိတ်ဓာတ်ကောင်းသောခွေး၊ စိတ်ဓာတ်ညံ့သောခွေး ကွဲကြောင်း၊ နောက်ဆုံးမှာ ဘယ်အရာမဆို အမြင်နှင့်တင် မဆုံးဖြတ်ပဲ သေသေချာချာ စောင့်ကြည့်လေ့လာပြီးမှ ဆုံးဖြတ်ကြဖို့လိုကြောင်း မိန့်ပါတယ်။
ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာကို အားလုံးသဘောပေါက်ကြမှာပါ။ ဥပမာကို ခွေးနှင့်ပြတာကိုတော့ ကျွန်တော့အတွေ့အကြုံကို တင်ပြတာဖြစ်လို့ နားနှင့်မနာ ဖဝါးနှင့် နာပေးကြပါ။
ကျွန်တော်တို့ ပြည်သူများအနေနှင့် အမြင်အကြားနှင့်တင် မဆုံးဖြတ်ပဲ သေသေချာချာ လေ့လာသုံးသပ်ပြီး မည်သူကဖြင့် ပြည်သူအပေါ်အနစ်နာခံတတ်သူ၊ စိတ်ဓာတ်ဖြူစင်သူ ပြည်သူ့ခေါင်းဆောင်အစစ်အမှန်ဆိုသည်ကို ခွဲခြားဆုံးဖြတ်နိုင်ကြပါစေ။

From: Myo Min Thant

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...