Saturday, 13 September 2014

ဒုတိယပိုင်း ( ၁၉၈၈-၂၀၁၀ ) သုံးသပ်တင်ပြခြင်း




၁၉၈၈ အခြေအနေကို သုံးသပ်မယ်ဆိုရင် …
၁၉၈၀ ပြည့်လွန်နှစ် အခြေအနေတွေက ….
စသုံးသပ်ရမှာ ဖြစ်ပါတယ် …
၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက …
တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေဟာ …
ဆိုးသထက် ဆိုးလာပါတယ် ….

ဆူပူမှုများ ကြိုးကြား ကြိုးကြားဖြစ်ပွားနေပြီး….
တိုင်းပြည်တစ်ခုလုံးဟာလဲ …
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲကာနီး ဆန်ဆန် …
ကောလဟာလများ …
အစိုးရကို သရော်တဲ့  ပြက်လုံးများက …
ပြန့် နှံ့ ခေတ်စားလျှက်ရှိပါတယ် …

၈၈ အရေးအခင်းကို ခြုံငုံသုံးသပ်ရလျှင်…
လူထုရဲ့ ဆင်းရဲကျပ်တည်းမှု …
အထွေထွေ မကျေနပ်မှုတို့ ကြောင့် …
ဖြစ်ပွားလာရတဲ့  အရေးအခင်းဖြစ်ပါတယ် …
ပြသနာကတော့ …
ဒီအရေးအခင်းကို ....
အချိန်ကိုက် အမြတ်ထုတ်တဲ့ သူ ….
အမြောက်အများရှိနေတာပါပဲ ….

၈၈ အရေးအခင်းမှာ …
အဓိက ပါဝင်စွက်ဖက်ခဲ့တဲ့  အုပ်စုအချို့ ရှိနေပါတယ် …
အဲဒီ အဖွဲ့ တွေကတော့ ….
(က) ဗမာပြည် ကွန်မြူနစ်ပါတီ …
(ခ) ဦးရဲထွန်း ဦးဆောင်တဲ့  ဒညတ အဖွဲ့ 
(ဂ) ပြည်တွင်းရှိ သံရုံးတစ်ချို့ 
(ဃ) နိုင်ငံရေးသမားဟောင်းများ
(င) နိုင်ငံခြားသားများ …
(စ) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ တို့ ဖြစ်ပါတယ် …

၈၈ အရေးအခင်း ဟာ …
လူထုရဲ့  အထွေထွေမကျေနပ်မှုအခံကြောင့် ….
ဖြစ်ခဲ့ရတယ် ဆိုပေမယ့် …
အထက်ဖော်ပြပါ အဖွဲ့ များရဲ့ စွက်ဖက်ချယ်လှယ်မှုကြောင့် ….
ပုံစံတစ်မျိုးပြောင်းသွားခဲ့ရတာတော့ …
အသေအချာပဲ ဖြစ်ခဲ့ပါတယ် ….

ကျွန်တော့် အမြင်အရတော့ …
၈၈ အရေးအခင်းကြီး အတွင်းမှာ …
တပ်မတော် ခေါင်းဆောင်တွေအဖို့  …
တစ်သက်စာ မှတ်သွားလောက်တဲ့  …
ကိစ္စကြီး သုံးခု ဖြစ်ခဲ့ပါတယ် ….

ပထမတစ်ခုက ….
မြို့ ကြီးတွေပေါ်က ဆူပူမှုတွေကို ထိန်းသိမ်းဖို့  …
တပ်တွေ ကို အရွေ့ အပြောင်းလုပ်နေစဉ် ….
တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက …
တစ်ပြည်လုံးမှာ အချိန်ကိုက် ထိုးစစ်ဆင်ခဲ့တဲ့  ကိစ္စပါ ….

၁၉၈၈ခုနှစ် မြန်မာ့တပ်မတော်မှာ …
တပ်မ ၈ ခု သာ ရှိပါတယ် …
အဲဒီ ထဲကမှ တပ်မ ၄၄ ဟာ ဒေါန တောင်ဘက်ခြမ်းမှာ …
ကေအန်ယူ တပ်မဟာ (၆) ကို ရင်ဆိုင်ထားပြီး …
တပ်မ ၆၆ ဟာ ဒေါန မြောက်ဘက်ခြမ်း မှာ…
ကေအန်ယူ တပ်မဟာ (၇) ကို ရင်ဆိုင်ထားပါတယ် …

၈၈ အရေးအခင်း ဖြစ်ချိန်မှာ …
မြို့ ကြီးတွေပေါ်က ဆူပူမှုတွေကို ထိန်းသိမ်းဖို့  …
ရှေ့ တန်းက ရန်သူ နဲ့ ရင်ဆိုင်ထားတဲ့ ….
တပ်မ အချို့ ကို ပြန်ခေါ်ယူရပါတယ် …

ရှေ့ တန်းမှာ တစ်နှစ်နီးပါးရှိနေတဲ့  ….
တပ်မ ၆၆ တစ်မလုံးကို ပြန်ရုပ်ပြီး …
အိမ်မပြန်ရဘဲ …..
သထုံ ၊ဘီးလင်း၊ဖာပွန် စတဲ့  …
သံလွင် အနောက်ခြမ်းကို ထပ်ဝင်ရပါတယ် …
အဲဒီဒေသက ရုပ်သွားတဲ့  …
လပခ လက်အောက်ခံတပ်တွေက ( ယခု တပခ )…
မြို့ တွေပေါ်ကို ချီတက်ရပါတယ် …

တပ်မ ၆၆ နေရာတွေကို ….
တပ်မ၄၄က မျှပြီး ထိန်းထားပြီး ….
ရှေ့ တန်းမှာ ရန်သူတပ်မဟာ နှစ်ခုလုံးကို …
တပ်မ ၄၄ တစ်မတည်း နဲ့  ဆိုင်ထားဖို့  စီစဉ်တာပါ …

အဲဒီလို တပ်မတွေ နေရာ ရွေ့ ပြောင်းနေချိန်မှာ …
ကေအန်ယူဟာ အင်အားထောင်နဲ့ ချီပြီး ….
မဲသဝေါ ဒေသကို ၀င်တိုက်တဲ့ အတွက် ….
တပ်တွေအားလုံး ဖရိုဖရဲနဲ့  အထိနာကုန်ပါတယ် …

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ….
ရှမ်းပြည်မြောက်ပိုင်း မှာလဲ ….
မိုင်းယန်းကို ဗကပ တပ်ရင်း ၁၃ ရင်းက …
ဝိုင်းဝန်းဖြတ်တောက် ပိတ်ဆို့ ပြီး …
အင်အား နှစ်ထောင်လောက်နဲ့  ၀င်တိုက်ပါတယ် ..
မိုင်းယန်းကျသွားတာနဲ့ …
မူဆယ် ၊ ကြူကုတ် ၊ပန်ဆိုင်း စတဲ့ နေရာတွေကို …
ဆက်တိုက် သိမ်းပိုက်ဖို့ အစီအစဉ်လုပ်ထားပြီးသားပါ…

မိုင်းယန်း က တပ်ရင်းဟာ စစ်ကူတွေကို စောင့်ရင်း …
၈ရက်လုံးလုံး မဆုတ်ပဲ အသေခံ ခုခံနေခဲ့တဲ့ အတွက်
မိုင်းယန်း ကျမသွားခဲ့ပါဘူး ….
အဲဒီတပ်ရင်းက …
တပ်ရင်းမှူး နဲ့ အရာရှိ ၄ယောက် အပါအ၀င် …
စစ်သည်တွေပဲ အများအပြား ကျဆုံးသွားခဲ့ပါတယ် …

တစ်ခါ ကေအိုင်အေကလဲ …
အင်အား ၈၀၀ နီးပါးနဲ့  ဒေါ့ဖုန်းယန် ကို ၀င်တိုက်ပါတယ် …
တစ်ချိန်တည်းမှာပဲ …
ဗန်းမော်တစ်ဝိုက်က တပ်စခန်းတွေ အတိုက်ခံရပါတယ် …
မိုးညှင်းကို ၀င်တိုက်တဲ့ ….
ကေအိုင်အေတပ်ရင်း ၅ နဲ့ တပ်ရင်း ၁၁ဟာ….
မြို့ တစ်ဝက်လောက်ကို စီးမိလုနီးပါး ဖြစ်သွားပါတယ် …
ရဲစခန်းကို မီးတင်ရှို့ လိုက်ပြီး …
အချုပ်သား ၇၇ ယောက်ကို ခေါ်ထုတ်သွားပါတယ် …
ငွေတိုက်ထဲက ငွေတွေပါ မသွားပါတယ် …

ဒီလိုဖြစ်စဉ်တွေဟာ ….
တစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက် နီးပါး …
အများအပြား ဖြစ်ပွားခဲ့တာပါ ….
အင်အားနည်းတာနဲ့  များတာ …
တိုက်ပွဲ ကြီးတာနဲ့  သေးတာ ဒါပဲကွာပါတယ် …

တပ်တွေဟာ မြို့ တွေပေါ်မှာလဲ …
ဆူပူမှုတွေ ထိန်းရ …
ရှေ့ တန်းမှာလဲ ရန်သူက ၀ိုင်းတိုက် …
သူ့ စစ်ကူမလိုက်နိုင် …
ကိုယ့် စစ်ကူမလိုက်နိုင် နဲ့  …
အတော် အရူးမီးဝိုင်း ဖြစ်ခဲ့ရပါတယ် …

တပ်မတော် ခေါင်းဆောင်တွေ ရဲ့ စိတ်ထဲမှာတော့….
၈၈ အရေးအခင်းဟာ …
နိုင်ငံရေးသမားတွေ …
မြေအောက်အဖွဲ့ အစည်းတွေ နဲ့  …
လက်နက်ကိုင်အဖွဲ့ တွေ က …
သူတို့ ကို အချိန်ကိုက် တစ်ပြိုင်တည်း …
ချေမှုန်းဖို့ လုပ်ခဲ့တဲ့  အရေးအခင်းလို့  ….
စွဲနေအောင် မှတ်ယူသွားပါတော့တယ် ….

ဒုတိယ ကိစ္စကတော့ …
ပြည်ပ က ကျူးကျော်လာတဲ့  တပ်တွေ ကိစ္စပါ ….
ဒီလောက် အရူးမီးဝိုင်း ဖြစ်နေချိန်မှာ …
ကမ်းလွန် ပင်လယ်ပြင်မှာ ….
အမေရိကန်ရေတပ်က ရောက်လာပြီး ….
တရုတ်နယ်စပ်မှာ ….
တရုတ် သံချပ်ကာ တပ်မတွေ ရဲ့  …
ရွေ့ ပြောင်းလှုပ်ရှားမှု သတင်းဟာ ….
တပ်မတော် က တာဝန်ရှိသူတွေအပေါ် …
ဘယ်လောက် ခြိမ်းခြောက်နိုင်စွမ်း ရှိမယ်ဆိုတာ …
မှန်းဆကြည့်လို့ ရနိုင်ပါတယ် …

တတိယ အချက်ကတော့ …
အစိုးရ ယန္တရား တစ်ခုလုံး ရပ်ဆိုင်းသွားတဲ့ ကိစ္စပါ ….
ဒီဖြစ်ရပ်ဟာ ...
၁၉၄၈ အင်းစိန်တိုက်ပွဲကာလကို မမီလိုက်တဲ့  …
တပ်မတော် ရဲ့ တတိယမျိုးဆက် ခေါင်းဆောင်တွေအဖို့  ….
အတော်ကြီး အံသြစိတ်ပျက်စရာကောင်းတဲ့  ကိစ္စပါ…

အစိုးရ ရုံးတွေအားလုံးကို …
သပိတ်ခေါင်းဆောင်တွေက ထိန်းချုပ်ထားပြီး …
သူတို့ အချင်းချင်းလဲ မညီမညွတ်နဲ့ …
တစ်ယောက်တစ်မျိုး ပြသနာတွေ တက်နေပါတယ် …

ကုန်စည်စီးဆင်းမှု ၊ လမ်းပန်းဆက်သွယ်ရေး ….
အားလုံး ရပ်ဆိုင်းသွားခဲ့ပါပြီ….
နောက်ဆုံးပြောရရင် …
ရဲတပ်ဖွဲ့ နဲ့  တပ်က စစ်သည်အချို့ တောင် …
တစ်ဖက်အုပ်စုတွေကို ပူးပေါင်းတဲ့သူက ပူးပေါင်းကုန်ပြီး …
တစ်ပြည်လုံးမှာ တပ်မတော် တပ်ရင်းတွေ အချင်းချင်းပဲ …
အဆက်အသွယ် မပြတ် ….
ကျန်နေခဲ့တော့တာ ဖြစ်ပါတယ် …

တစ်ခါ ပြည်ပအသံလွှင့်ဌာနတွေကနေ …
ဘယ်တပ်မ က အင်အားဘယ်လောက်က …
ဆန္ဒပြသူတွေ နဲ့  ပူးပေါင်းသွားပြီ…
ဘယ်တပ်မကတော့ …
တပ်မ တစ်မလုံး တောခိုသွားပြီ …
စသဖြင့် တောက်လျောက်ထုတ်လွှင့်ပေးနေတဲ့ သတင်းတွေဟာ ….
တပ်မတော်အတွက်ကတော့ …
အနောက်အုပ်စု အနေနဲ့  …
နိုင်ငံရေး သမားတွေနဲ့  ပေါင်းပြီး …
သူတို့ ကို မပြိုကွဲ ပြိုကွဲအောင်ဖန်တီးနေတယ်လို့  …
ယူဆယုံမှ တစ်ပါး ….
အခြားမရှိတော့ပါဘူး …

ဒီဖြစ်ရပ်ကြီး သုံးခုဟာ …
တပ်မတော် ခေါင်းဆောင်တွေရဲ့ အသည်းထဲမှာ …
စွဲသွားခဲ့ပါတယ် ….
ဒီကိစ္စဟာ တပ်မတော်က အာဏာသိမ်းထားတဲ့  ….
၂၂ နှစ်တာ ကာလကို …
အကြီးအကျယ် အကျိုးသက်ရောက်စေမှာပါ …
သူတို့ နောက်တစ်ကြိမ် လုံးဝ ....
ဒါမျိုး ထပ်အဖြစ်ခံတော့မှာ မဟုတ်ပါဘူး ....

တပ်မတော်ကို ….
အကြီးအကျယ် အင်အားတည်ဆောက်ခဲ့တဲ့ ကိစ္စတွေ….
တပ်မ အသစ်တွေ အများအပြား …
နေရာချ ဖွင့်လှစ်ခဲ့တဲ့  ကိစ္စတွေ …
အစိုးရ ယန္တရား တစ်ခုလုံးကို ….
နေပြည်တော် ကို ရွေ့ ပြောင်းပြစ်ခဲ့တဲ့ ကိစ္စတွေ …
ဝန်ကြီးဌာနတွေနဲ့  မြို့ ပြအုပ်ချုပ်ရေးမှာ….
တပ်မတော်သား အငြိမ်းစားတွေကို ….
ရွေ့ ပြောင်းနေရာယူစေခဲ့တဲ့  ကိစ္စတွေ …
အနောက်အုပ်စု ကို အရမ်းသတိကြီးကြီး ထားပြီး …
သံသယ အပြည့်နဲ့  ဆက်ဆံခဲ့တာတွေ …
ဒါတွေဟာ ဒီကိစ္စသုံးခု ရဲ့  ….
အကျိုးသက်ရောက်မှုတွေ ပါဝင်မှာ…
ဧကန်မုချ မြေကြီးလက်ခတ် မလွဲ ဖြစ်ပါတယ် ….

တပ်မတော် က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ…
န၀တ ရဲ့  လက်ထဲကို ရောက်ရှိလာတဲ့  …
တိုင်းပြည်ရဲ့ အနေအထားဟာ …
၁၉၈၈-၈၉ခုနှစ် ...
တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ….
၄၇၁၄၁သန်းပဲ ရှိပါတော့တယ် …
၈၈ အရေးအခင်းအတွင်း …
ပျက်စီးဆုံးရှုံးမှုတန်ဖိုး အရပ်ရပ်ဟာ …
၆၂၈.၄သန်း ဖြစ်ပါတယ် …
ဒါက ပြသနာ မဟုတ်သေးပါဘူး …
ပြသနာက ကုန်ထုတ်လုပ်ငန်းတွေ အားလုံးရပ်တန့် …
ကုန်စည် စီးဆင်းမှု ရပ်တန့်  ...
စက်မှုကုန်ကြမ်းတွေ ပြတ်လပ် ....
ဘဏ်တွေမှာလဲ ငွေမရှိ …
ဒီလိုအနေအထား ဖြစ်နေတာပါ ….

အရန်စက်သုံးဆီ လက်ကျန် ....
မရှိတော့သလောက်ဖြစ်နေပြီး ….
သုံးလအတွင်း ပြည်ပက မတင်သွင်းနိုင်တော့ရင် …
ယာဉ်တွေအားလုံး စက်ယန္တရားတွေအားလုံး …
ရပ်ထားရတော့မယ့် အနေအထားလို့ ဆိုပါတယ် ..

တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် …
သတင်းထောက် ဘာတီးလစ်တနာက …
Far Eastern Economic Review စာစောင်မှာ …
န၀တ အစိုးရ ရဲ့ နိုင်ငံခြားအရန်ငွေဟာ …
ဒေါ်လာရှစ်သန်းထက် ပိုမရှိနိုင်ဘူးလို့ တွက်ပြခဲ့တဲ့ အပြင် …
အစိုးရ အနေနဲ့  နှစ်လသုံးလအတွင်း …
အလွန်ဆုံးရှာနိုင်လျှင် ….
ဒေါ်လာ၁၅သန်းထက် ပိုမရှာနိုင်ဘူးလို့  …
ရေးသားခဲ့ပါတယ် …

ဒေါက်တာ သန့် မြင့်ဦး က …
သူရဲ့ နာမည်ကျော် ခြေရာပျောက်မြစ် စာအုပ်မှာ ….
ရေးသားဖော်ပြခဲ့တာကတော့ …
၁၉၈၈ ခုနှစ် ရဲ့ နောက်ဆုံးလများမှာ…
တိုင်းပြည်ရဲ့ နိုင်ငံခြား အရန်ငွေဟာ …
ခြေစောင့်လက်စောင့် ပမာဏကို မရှိတော့ဘူးလို့  ဆိုပါတယ် ….

အရင်အစိုးရ အဆက်ဆက်က တင်နေခဲ့တဲ့  ….
နိုင်ငံခြားကြွေးမြီတွေအတွက် …
တစ်နှစ်ပေးရတဲ့ အတိုးကိုက …
ဒေါ်လာ သန်းနှစ်ရာကျော် ရှိနေတယ်လို့ ဆိုပါတယ် ….

အရင်ရနေကြ နိုင်ငံခြားငွေရဲ့ ၉၀ရာခိုင်နူန်းဟာ …
အနောက်ဂျာမနီ ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတွေက ရတာဖြစ်ပြီး…
အခုကတော့ ….
လုံးဝ ရပ်စဲသွားပြီ ဖြစ်လို့  ….
ဘဏ္ဍာရေး အကျပ်အတည်းတစ်ခုတည်းနဲ့ တင် …
န၀တ အစိုးရက ဒူးထောက်တောင်းပန်ရမယ့်သဘော
မဖြစ်မနေ ညှိနိုင်းရမယ့် အခြေအနေကို ….
ရောက်ရှိနေခဲ့ပြီ လို့ လဲ ဆိုပါတယ် ….

ဒါပေမယ့် ….
န၀တ အစိုးရဟာ ….
အဲဒီနည်းကို မရွေးချယ်ခဲ့ပါဘူး….
သူဟာ …
ဒေါက်တာဘမော် လက်ထက်မှာ …
ဂျပန်အစိုးရက လက်ဆောင်ပေးခဲ့တဲ့  ….
တိုကျိုမြို့  မြန်မာသံရုံးပိုင်မြေ ရဲ့ ပန်းခြံနေရာကို …
ဒေါ်လာ သန်း၂၀၀ နဲ့  ရောင်းချလိုက်ပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် …
၈၈ ခုနှစ်ရဲ့  နောက်ဆုံးလပိုင်းတွေကို ….
တောင့်ခံ ဖြတ်သန်းနိုင်ဖို့  ….
သူ့ မှာ ငွေအနည်းအကျဉ်း ရှိသွားခဲ့ပါပြီ …

၈၈ - ၂၀၁၀ တပ်မတော် အစိုးရ အပေါ် …
ဝေဖန်သုံးသပ်ကြတိုင်း …
စစ်တပ်က တိုင်းပြည်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့  ကိစ္စဟာ…
အထက်ဖော်ပြပါ အခြေအနေနဲ့  တိုင်းပြည်တစ်ခုကို …
လက်ခံ ရရှိခဲ့တဲ့  အစိုးရတစ်ရပ်အနေနဲ့ တော့ ….
ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး …..

တပ်မတော် အစိုးရ နေရာက ကြည့်မယ်ဆိုရင် …
သူတို့ ဟာ တစ်စစီပြိုကွဲတော့မယ့် တိုင်းပြည်တစ်ခုကို …
ဝင်ပြီး ထိန်းသိမ်းတာဝန်ယူလိုက်ရတာပါ ….

ပထမဆုံး တိုင်းပြည်ကို တည်ငြိမ်အောင်လုပ် …
ပြိုလဲလုဖြစ်နေတဲ့  စီးပွားရေးကို ...
ရတတ်သမျှနဲ့  ကျားကန် …
တည်ငြိမ်စ ပြုလာတဲ့ အချိန် …
နိုင်ငံရေးစနစ်ကို ပြောင်းလဲ ….
တိုင်းပြည်ကို တံခါးဖွင့်ပေးလိုက်ပါတယ် …
ယခု ပြည်ပ အလုပ်သမား သန်းဂဏန်းဟာ…
စစ်အစိုးရက တံခါးဖွင့်ပေးလိုက်တဲ့  မူဝါဒကြောင့် …
ပြည်ပကို ထွက်ခွင့်ရသွားတာ ဖြစ်ပါတယ် …

ဒုတိယအဆင့်ကတော့ …
နိုင်ငံရေးနဲ့  စီးပွားရေး စနစ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ် …
နိုင်ငံရေးပါတီတွေနဲ့  ကုမ္ပဏီတွေ ပေါ်ထွက်လာပြီး …
လက်ရှိ ပါတီစုံစနစ်နဲ့  ဈေးကွက်စီးပွားရေး ကို …
ရှေ့ ရူခဲ့ပါတယ် …

တတိယအဆင့်အနေနဲ့  …
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့  ….
အပစ်အခတ် ရပ်စဲခဲ့ပါတယ် ….
မူးယစ်ဆေးဝါး မလုပ်ရ …
ကိုယ့်ဒေသကိုယ် ဖွံ့ ဖြိုးတိုးတက်အောင်လုပ် …
နောက် တက်လာတဲ့  အရပ်သားအစိုးရကျရင် …
နိုင်ငံရေး ဆက်ဆွေးနွေး ….
ဒီလို အနေအထားနဲ့ ပါ ….

အပစ်အခတ်မရပ်တဲ့  ...
ကေအန်ယူတပ်စခန်းတွေဖြစ်တဲ့  …
မော်ဖိုးကေ မဲလ ၀ါးခသစ် ၀ါးခဟောင်း မာနယ်ပလော …
စတဲ့  စခန်းတွေကိုတော့ …
အပြင်းအထန် တိုက်ခိုက်ချေမှုန်းခဲ့ပါတယ် …

စတုတ္ထ အဆင့်ကတော့ …
ရွေးကောက်ပွဲ ကျင်းပပေးတာပါပဲ ….
ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရခဲ့ပါတယ် …
ဒါပေမယ့် အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး …
ဒီကိစ္စမှာ ကျွန်တော့်အမြင်က အချက်သုံးချက်ရှိပါတယ် …

ဒေါ်အောင်ဆန်းစုကြည် တို့ အဖွဲ့ ဟာ …
အရေးအခင်းကာလက ကြားဖြတ်အစိုးရဖွဲ့ ပြီး …
သူတို့ ကို အာဏာလွှဲပေးဖို့  …
စိုက်လိုက်မတ်တတ် တောင်းဆိုခဲ့တဲ့ အဖွဲ့ ပါ …
တစ်ခါ ဗိုလ်ချုပ်အောင်ကြီး အနေနဲ့ လဲ …
၈၈ အရေးအခင်းကို ကမကထ လုပ်ခဲ့တဲ့ သူတွေထဲမှာ …
တစ်ယောက်အပါအ၀င် ဖြစ်ခဲ့တာကို ငြင်းမရပါဘူး …
ပြည်ပ အသံလွှင့်ဌာနတွေကလဲ …
သူတို့ အဖွဲ့ ကိုပဲ အတင်းအဓမ္မ စင်ပေါ်ကို တွန်းတင်ဖို့  …
တောက်လျှောက် ကြိုးစားနေတဲ့  သဘောရှိပါတယ် ….

ဒါကြောင့် န၀တ အစိုးရအနေနဲ့  ဒီအဖွဲ့ ကို …
အတော် သတိကြီးကြီးထားပြီး …
ဆက်ဆံနေတဲ့  သဘောရှိပါတယ် …
ဒါက ပထမ အချက်ပါ ….

ဒုတိယအချက်ကတော့ …
တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ….
ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ ရဲ့  ….
ကြားဖြတ်အစိုးရ အစီအစဉ်ဟာ ရေစုန်မျှော သွားရပါတယ် …
ဒီအတွက် တပ်မတော်အပေါ် …
အမြင်မကြည်လင်မှာကတော့ အထူးပြောစရာ မလိုပါဘူး ….

၁၉၈၈ စက်တင်ဘာကနေ ….
ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့  ၁၉၉၀ မေလအထိ …
အန်အယ်လ်ဒီ အဖွဲ့ ဟာ …
လူထု လှုပ်ရှားမှု အများအပြားကို ပြုလုပ်ခဲ့ပါတယ် …
ဒီ လှုပ်ရှားမှုတွေဟာ …
န၀တ အစိုးရ နေရာက ကြည့်ရင် …
သူတို့ ကို တစ်ချိန်လုံး ကန့် လန့် လိုက်တိုက်နေတယ် …
ဆူပူမှုတွေ မဖြစ်ဖြစ်အောင် လိုက်လုပ်နေတယ်…
အန်အယ်လ်ဒီဟာ သူတို့ အပေါ် …
သဘောထား အရမ်းတင်းမာတယ်လို့ ပဲ …
တစ်ထစ်ချ ယူဆရတော့မှာပါ ….
ဒါက ဒုတိယအချက်ပါ …

တတိယအချက်ကတော့ ….
၈၈ တပ်က အာဏာသိမ်းပြီးချိန်မှာ ….
တောထဲကို ရောက်ကုန်တဲ့ သူတွေ အများကြီးပါ …
ဒီလူတွေဟာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီးပါပြီ…
တပ်နေရာက စဉ်းစားရင်တော့ ရန်သူပါပဲ ….

အန်အယ်လ်ဒီဟာ ဒီအဖွဲ့ တွေနဲ့  …
တစ်ချိန်လုံး အဆက်အသွယ်လုပ်နေပါတယ် …
ပိုဆိုးတာက ၄၈ ခုနှစ်လောက်ကတည်းက …
တပ် နဲ့ အသေအကြေ တိုက်လာကြတဲ့  အဖွဲ့ တွေကပါ ….
အန်အယ်လ်ဒီ နဲ့  အဆက်အသွယ်လုပ်လာကြတာပါပဲ …

တပ်နေရာက စဉ်းစားရင် …
ဒါဟာ တကယ့်ပြသနာပါ ….
သူတို့  ရန်သူတွေနဲ့  အရမ်းအဆင်ပြေနေတဲ့ သူကို …
အာဏာလွှဲပေးရမယ့် သဘောဖြစ်နေပါတယ် …
တပ်မတော် ရဲ့ အနာဂတ်အတွက် …
တကယ် စိတ်ပူစရာ အနေအထားပါ …
( အဲဒီကာလမှာ တပ်က ခေါင်းဆောင်တွေအဖို့  …
ဘာ မသမာခြစားမှုတွေမှ မရှိသေးပါ… )

မီးလောင်ရာလေပင့် ဖြစ်သွားတာကတော့ …
နူရင်ဘတ် ကိစ္စပါ …
ပြောတယ် မပြောဘူး …
အဲလို ဆိုလိုတယ် မဆိုလိုဘူး စသဖြင့် …
အငြင်းပွားနေကြပေမယ့် …
တစ်ဖက်က အယူအဆမှားနိုင်တဲ့  ….
အဲဒီလို ဆန်ဆန် စကားမျိုး ….
ပြောခဲ့တာကတော့ သေချာပါတယ် …

ဒီအချက် သုံးချက်ကြောင့် …
ချက်ချင်း အာဏာလွှဲမပေးတော့တာလို့ ယူဆပါတယ် …
ဒီနေရာမှာ သတိပြုစရာ အချက်တစ်ချက် ရှိနေပါတယ် …
ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွှန့် က …
ရွေးကောက်ပွဲ လုပ်ပြီးရင် …
ကျွန်တော်တို့ က အခြေခံဥပဒေ ရေးဆွဲဖို့  …
နှစ်နှစ်လောက် တာဝန်ယူအုန်းမယ်လို့  …
Asia's Week စာစောင်ကို ထုတ်ပြောဖူးတဲ့ ကိစ္စပါ ….
ဒီအချက်ကို ထောက်ရင် …
န၀တ အနေနဲ့  ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင် …
လက်လွတ်စပယ် အာဏာလွှဲမှာ မဟုတ်ဘူးဆိုတာတော့ …
သေချာသလောက် ရှိပါတယ် ….

အာဏာမလွှဲသေးဘူး ဆိုတာ ….
ဆုံးဖြတ်ပြီးသွားတဲ့ နောက်ပိုင်းမှာ…
န၀တ ၊ နအဖ အစိုးရဟာ …
တိုင်းပြည်တည်ဆောက်ရေး ကို ….
အများအပြား လုပ်ခဲ့တယ်ဆိုတာလဲ …
ဘယ်လိုမှ ငြင်းမရတဲ့  ကိစ္စလို့ မြင်ပါတယ် …

ဧရာဝတီ မြစ်တစ်ခုတည်းပေါ်တင် ….
မြစ်ကူးတံတားကြီး ဆယ်စီး အသစ်ဆောက်ခဲ့ပါတယ် …
ပညာရေးကဏ္ဍတစ်ခုတည်းမှာတင် …
အခြေခံပညာကျောင်းပေါင်း ၇၀၀၀ နီးပါး တည်ဆောက်ခဲ့ပါတယ် …
၈၈ခုနှစ်မှာ တက္ကသိုလ် ကောလိပ် ၃၂ ခုပဲရှိခဲ့ပေမယ့်  …
၂၀၁၀ မှာ ၁၅၆ ခု ဖြစ်နေပါပြီ ….

ကျန်တဲ့ ကဏ္ဍ အသီးသီး မှာလဲ ….
သူတို့ တည်ဆောက်ခဲ့တာတွေ အများကြီးပါ ….
အခုလက်ရှိ လှိုင်သာယာ ၊ ရွှေပြည်သာစတဲ့  မြို့ သစ်တွေဟာလဲ …
မိုးပေါ်က ကျလာခဲ့တာ မဟုတ်ပါဘူး ….

ဒီကိန်းဂဏန်း စာရင်းဇယားတွေဟာ….
အမြဲပဲ ဟာသလုပ်ခံနေရပေမယ့် ….
သူတို့ နိုင်သလောက် စွမ်းသလောက် …
လုပ်ခဲ့ကိုင်ခဲ့တယ်ဆိုတာတော့ ….
ဘယ်လိုမှ ငြင်းမရတဲ့ သက်သေပါပဲ ….

၁၉၈၈ ခုနှစ် မတိုင်မီက တပ်မတော်ဟာ …
အင်အား ၂သိန်းပျော့ပျော့သာ ရှိပါတယ် …
အခု အင်အား ၅သိန်းဝန်းကျင် နဲ့  …
ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ တပ်မတော်တစ်ခုအဖြစ် ….
အနှစ် ၂၀ လောက်အတွင်း ….
သူတို့ တည်ဆောက်ပြစ်လိုက်ပါတယ် ….

ဒီနေရာမှာ အထူးတလည်ပြောရမယ့် ကိစ္စဟာ …
လက်ရှိ ငြိမ်းချမ်းရေး အခြေအနေပါ ….
လက်ရှိ ငြိမ်းချမ်းရေး အခြေအနေလောက် …
သမိုင်းမှာ ဘယ်တုန်းကမှ နီးနီးကပ်ကပ် …
မရှိခဲ့လှပါဘူး …
ဒီအခြေအနေကို
န၀တ၊နအဖ စစ်အစိုးရကပဲ ….
ဖောင်ဒေးရှင်းချခဲ့တာ ဖြစ်ပါတယ် …

ဒါဆို ၂၂ နှစ် ကာလအတွင်း …
စစ်အစိုးရဟာ ခြောက်ပြစ်ကင်းသဲလဲစင်လားလို့ …
မေးခွန်းထုတ်စရာ ရှိလာပါတယ် …
မဟုတ်ပါဘူး ….
စစ်အစိုးရမှာ အမှားအယွင်းနဲ့ အမည်းစက်တွေ …
ရုပ်ဆိုးအကျည်းတန်စေတဲ့ ကိစ္စတွေ အများကြီးပါ …

အထူးသဖြင့် ခေါင်းဆောင်တစ်ချို့ ရဲ့ မသမာခြစားမှုတွေဟာ….
အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါတယ် ….
တိုင်းပြည်က ဆင်းရဲနေတဲ့ အချိန် …
ခေါင်းဆောင်တစ်ချို့ ရဲ့ မိသားစုတွေက …
မသမာမှုတွေနဲ့  ချမ်းသာနေကြတဲ့ ကိစ္စဟာ …
ဘယ်လိုမှ ခွင့်မလွှတ်နိုင်စရာပါပဲ ….

တိုင်းပြည်ကိုတည်ဆောက်ရင်း …
အမှားအယွင်းဖြစ်ခဲ့ရတဲ့  စီမံကိန်းတွေ …
အလေအလွင့်ဖြစ်ခဲ့ ရတဲ့  ပရောဂျက်တွေ တစ်ပုံကြီးပါ …
ဒါလဲ အငြင်းပွားဖွယ်ရာ မရှိပါဘူး ….

ဒါပေမယ့် စစ်အစိုးရဟာ …
တိုင်းပြည်ကို တမင်ဖျက်ဆီးခဲ့တယ် …
ရှိသမျှ သယံဇာတအကုန်ရောင်းစားပြီး …
ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုရင်တော့ …
ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး …

သူ့ အနေနဲ့  …
မဟာဗျူဟာကြီးတစ်ခု ရေးဆွဲပြီး …
တိုင်းပြည်ကို တည်ဆောက်ခဲ့တယ် …
အဲဒီ မဟာဗျူဟာကြီးကို ၇၀ ရာနူန်းလောက် …
အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တယ် လို့ ပဲ …
သုံးသပ် ယူဆပါတယ် …

မဟာဗျူဟာ အကြီးကြီးတစ်ခုထဲက …
မအောင်မြင် အလွဲသုံးစားဖြစ်ခဲ့ရတဲ့  အစိတ်အပိုင်းတစ်ချို့ ကို သာ….
တွင်တွင်လက်ညိုးထိုး အဆက်မပြတ် High light လုပ် …..
စစ်အစိုးရက တိုင်းပြည်ဖျက်ဆီးလိုက်ပြီလို့ ….
ငယ်သံပါအောင် အော် နေတဲ့ သူတွေကို ….
တစ်ချက်လောက် မေးကြည့်ချင်ပါတယ် …

ကျွန်တော်တို့  လက်ရှိအခြေအနေဟာ …
၁၉၈၈ ခုနှစ်ကထက် ပိုဆိုးလာခဲ့သလား ???
ပိုကောင်းလာခဲ့သလား ???? ။ ။
( ရဲမိုး )

( တတိယပိုင်း ဆက်တင်ပါမည် )
 
 
From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...