Tuesday, 2 September 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပ သုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ရန် ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းဖြင့် ထွက်ခွာသွားကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ဦးသန်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်အထိ ဥရောပ ငါးနိုင်ငံဖြစ်သော နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဥရောပ နှစ်နိုင်ငံ ဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ လည်းကောင်း သွားရောက်ခဲ့ပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက် ဥရောပ ခရီးစဉ်ဖြစ်သည်။


From:သမ္မတရုံး

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...