Tuesday, 30 September 2014

လော်ဘီအုတ်ခဲနှင့် သမ္မတလောင်း အရှုပ်တော်ပုံ



ဦးရွှေမန်းကို အန်အယ်လ်ဒီက သမ္မတအဖြစ် ထောက်ခံမည်ဟု နိုင်ဂျန်ဂါး သတင်းဌာနတစ်ခုက ခပ်တည်တည် ဖွလိုက်သည်။ နိုင်ငံရေးသမားများသာမက လူထုကြီးပါ မျက်စိလည်ကုန်သည်။ အန်အယ်လ်ဒီ တာဝန်ရှိသူတွေက အဲဒီလို ပြောပါသည်ဟု သတင်းမှာ ဖော်ပြလိုက်၍ သို့လော သို့လော ဖြစ်ကုန်သည်။ အန်အယ်လ်ဒီ ထောက်ခံသူများ ဘုရား ဘုရား တကုန်၏။ သမ္မတ စလွယ်ကြီး သိုင်းပြီး စပ်ဖြီးဖြီး ဖြစ်နေသည့် ဦးရွှေမန်း မျက်နှာကို မြင်ယောင်မိကုန်၏။ အန်အယ်လ်ဒီက တာဝန်ရှိသူ နှစ်ဦးကတော့ ထိုသတင်းကို “ဟေ့အေး... တို့မပြောဘူးနော်” ဟု ငြင်းချက်ထုတ်သည်။

ဘယ်လိုငြင်းငြင်း သတင်းကတော့ ပျံ့သွားလေပြီ။ ချင်းစိမ်းနှင့် မိဿလင် အခြေအနေဖြစ်သည့် ယှဉ်ပြိုင်ဘက် ထိပ်သီးပါတီကြီး နှစ်ခု ဖြစ်သောကြောင့် လူအများ စိတ်ဝင်စားကြသည်။ အခြေခံဥပဒေအရ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတ မဖြစ်နိုင်သေး။ သို့ဖြစ်ရာ ယှဉ်ပြိုင်ဘက်ဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံမည်ဟု သတင်းထွက်လာခြင်း ဖြစ်၏။

လော်ဘီအုတ်ခဲ တစ်ယောက် ထိုသတင်းကြားကြားချင်း ဆရာသခင် ပြည်သူ့သံချောင်းထံ ဖိုသီဖတ်သီ ပြေးလေ၏။ “ဟိုပါတီက ဒီပါတီကို ထောက်ခံမတဲ့ဆြာ” ဟု အကြောင်းစုံ ပြောပြလိုက်သော် ဦးသံချောင်းလည်း မျက်လုံးပြူးသွားလေသည်။ “ဟင်... ဒါ .. ဒါ တို့သံချောင်းပါတီကို လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုမှ အနိုင်မရအောင် အကွက်ဆင်တာပဲ။ ဒါ ပထမခြေလှမ်းပဲ ဖြစ်ရမယ်” ဟု ဦးသံချောင်းက မဆီမဆိုင် ဖျာဝင်ခင်းတော့သည်။

တကယ်တမ်းမှာတော့ ဟိုပါတီကြီးနှစ်ခုက အရက်သမားများဖြင့် အဓိက ဖွဲ့စည်းတည်ထောင်ထားသော သံချောင်းပါတီကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုတောင် မထင်။ ဂရုစိုက်ဖို့ နေနေသာသာ စကားထဲတောင် ထည့်ပြောတာ မဟုတ်။ သို့သော်လည်း သံချောင်းပါတီကတော့ ပါတီကြီးနှစ်ခု တစ်ခုခုထလုပ်တိုင်း သံချောင်းပါတီကို ခြေထိုးသည်ဟုသာ ခပ်တည်တည် အသားယူလေ့ ရှိ၏။ ဒီပါတီနှစ်ခုက အာပလာတွေ ပါကွာ... တို့ပါတီကို သိပ်လန့်နေတာ။ လာမယ့် ရွေးကောက်ပွဲမှာ တို့ပါတီကပဲ အပြတ်အသတ် နိုင်မှာပါဟု အရက်ဆိုင်တကာ ပတ်၍ ကြွားလုံးထုတ်လေ့ ရှိကြသည်။

အရက်သမားထုကြီးကလည်း သံချောင်းပါတီ အနိုင်ရရှိခဲ့ပါက နိုင်ငံအဝန်း အရက်ချက်စက်ရုံများ ဖောဖောသီသီ တည်ဆောက်ထုတ်လုပ်၍ ဈေးချိုချိုဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ အရက်သမား လူတန်းစားတို့ အခွင့်အရေးကို အစွမ်းကုန် ကာကွယ်သွားမည် ဖြစ်ကြောင်း မစားရဝခမန်း သံချောင်းပါတီဝင်တို့ မူးမူးနှင့် ပြောသမျှ အဟုတ်မှတ်ကာ အားတက်လျက် ရှိကြ၏။ အရက်သမားအစိုးရ... အယ်လ်ကိုဟောလစ် ဂါးဗားမန့်ကြီး တစ်ရပ်ကို အိပ်မက်မက်ကာ မျှော်တလင့်လင့် ရှိကြကုန်၏။ ယခုအခါတွင် ၂၀၁၅ ရွေးကောက်ပွဲကြီးကလည်း နီးလာချေပြီ။ ထိပ်သီးပါတီကြီး နှစ်ခုသာမက ပါတီငယ်များစွာလည်း ရွေးကောက်ပွဲကြီးအတွက် ကြိုတင် ပြင်ဆင်နေကြလေပြီ။ နိုင်ငံရေးသမားတို့သည်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကယောင်ကတမ်းတွေ ဖြစ်လာလေ၏။ သံချောင်းပါတီ တစ်ခုသာလျှင် မည်သည့်အရာကိုမှ မမှုဘဲ အရက်သမားထုကြီး၏ ထောက်ခံမှုကို အားကိုးကာ ဒူးတနန့်နန့် ပေါင်တနန့်နန့်ဖြင့် အရက်သောက် မပျက်ချေ။

ထိုသို့နေလာရာမှ အထက်ပါကဲ့သို့ ဦးရွှေမန်းကို အန်အယ်လ်ဒီက သမ္မတအဖြစ် ထောက်ခံမည် ဖြစ်ကြောင်း သတင်းဌာန၏ ဖော်ပြချက်ကြောင့် သံချောင်းပါတီဝင်များ သွေးပျက်ကုန်သည်။ ပါတီခေါင်းဆောင်ကြီး လူထု ဦးသံချောင်းပင်လျှင် မျက်လုံးကလေး ပေကလပ် ပေကလပ်ဖြင့် ဒူးချွန်ချွန်လေးကို တဆတ်ဆတ် လှုပ်ကာ ခေါင်းခြောက်မတတ် ဉာဏ်နီဉာဏ်နက် ထုတ်နေလေတော့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အခြေခံဥပဒေ မပြင်ဆင်ပေးပါက သမ္မတဖြစ်ရန် မလွယ်။ သူသာ သမ္မတမဖြစ်ပါက ဒုတိယခေါင်းဆောင် နေရာကို မည်သူ ဆက်ခံမည် ဆိုတာကို ဘယ်သူမှ မသိသေး။ နိုင်ငံရေး လေ့လာသူများကတော့ သူ့နေရာ ဆက်ခံနိုင်မည့်သူ မရှိသေးဟု ပြောနေသံကြားသည်။ ဒါကြောင့် သမ္မတဖြစ်ရန် အလားအလာ နည်းနည်းရှိသော ဦးရွှေမန်းကို အန်အယ်လ်ဒီက ထောက်ခံမည်ဟု သတင်းထွက်ပေါ်လာခြင်းကို အချို့က ယုံနေကြသည်။ ဦးရွှေမန်းကို ကြည့်မရသည့် အန်အယ်လ်ဒီ ပါတီဝင်များက တက်တခေါက်ခေါက်ဖြင့် မကျေမနပ် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကန့်ကွက်သည်။ ထိုသတင်းမဟုတ်ဟု အန်အယ်လ်ဒီဖက်က ငြင်းချက် ထွက်လာသဖြင့် ဦးသံချောင်းရင်ထဲ အလုံးကြီး ကျသွားသည်။

သို့သော် သိပ်တော့ စိတ်မချရသေး။ သံချောင်းပါတီဝင် အရက်သမားများကလည်း အစိုးရလုပ်ချင်စိတ် ပြင်းပြလျက်ရှိသည်။ သံချောင်းပါတီ အမှုဆောင်များဆိုလျှင် အနိုင်ရရှိ၍ အစိုးရ ဖြစ်လာပါက မည်သူက မည်သည့်ဝန်ကြီး နေရာ တာဝန်ယူမည် ဆိုသည်ကို သေချာ စနစ်တကျ ဖွဲ့စည်းထားပြီးသား။ ဒီနေ့ အနိုင်ရသည်နှင့် နောက်နေ့ အစိုးရ ဖွဲ့စည်းခြင်း ထုတ်ပြန်ရုံ။ အေးဆေး။ လော်ဘီအုတ်ခဲက သံချောင်းဂါးဗားမန့်တွင် ပြန်ကြားရေးဝန်ကြီး နေရာယူဖို့ စိတ်ကူးထားသည်။ ဒါကြောင့် ခုကတည်းက ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနည်း။ ဗြောင်လိမ်နည်း၊ စကားကို ဖာထေးနည်း၊ ငိုချင်းချနည်း၊ ပေါက်ကရ ပြောနည်း၊ ကက်ကက်လန်အောင် ရန်တွေ့နည်း စတာတွေကို စတင်လေ့လာနေပြီ ဖြစ်သည်။ ခုတစ်လော လက်ရှိ ပြန်ကြားရေး ဝန်ကြီးက ဂျာနယ်နှစ်စောင်ကို တရားစွဲမလိုလို သတင်းတွေ ကြားရသည်။ သမ္မတအပေါ် အကြည်အညို ပျက်စေမှုဆိုလား... ဂုဏ်သိက္ခာ ကျဆင်းစေခြင်းကြောင့် ဆိုလား ဘာလားမသိ။ အုတ်ခဲက ပြန်ကြားရေးဝန်ကြီး နေရာမှန်းနေသူ ဆိုတော့ ဒါတွေကို အတုယူထားရမည်။ သံချောင်းအစိုးရ ဖြစ်လာပါက သမ္မတကြီး ဦးသံချောင်းအပေါ် အကြည်အညို ပျက်အောင် ရေးသားသည့် ဂျာနယ်များကို တရားစွဲပစ်မည်ဟု တေးထားသည်။

အထူးသဖြင့် “အရက်သမားသမ္မတ”၊ “အရက်သမားအစိုးရ” “အရက်သမားတွေ အုပ်ချုပ်တဲ့တိုင်းပြည်” စသဖြင့် ရေးသားသူတွေကို “နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့်” ထောင်ထဲ ထည့်ရမည်ဟု စဉ်းစားသည်။ ဘိန်းစိုက်ပျိုးခြင်းကို နိုင်ငံစီးပွားရေး တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟု ဦးသံချောင်းက ရည်ရွယ်သည်။ ဘိန်းစိုက်ပျိုးပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကာ အမေရိကန်စသည့် အင်အားကြီး နိုင်ငံများကို တင်ပို့မည်။ သူတို့နိုင်ငံသားတွေ ဘိန်းစွဲပါက အုတ်ခဲတို့နိုင်ငံကို မျက်နှာငယ်လေးနှင့် အောက်ကျို့ကာ ဘိန်းဝယ်ရမည် ဖြစ်သည်။ ထိုဘိန်းတင်ပို့မှုမှ ရရှိလာသည့် ငွေဖြင့် လက်နက်စက်ရုံများ တည်ဆောက်မည်။ ခေတ်မီလက်နက်များ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့မှ စစ်ဖြစ်နေသည့် နိုင်ငံများသို့ တင်ပို့မည်။ စစ်မဖြစ်ပါက ဖြစ်အောင် နှစ်ဖက်စလုံးကို ပလီပလာ ကလိန်စေ့ငြမ်းဆင် ချောက်တွန်းရမည်။ ဒီလိုလမ်းစဉ်တွေကို ဦးသံချောင်းက အရက်ဆိုင်တွေမှာ ပြုလုပ်သော လူထုအစည်းအဝေးပွဲများမှာ အာပေါင်အာရင်း သန်သန် ပြောလေ့ရှိသည်။ ထိုမိန့်ခွန်းများကြောင့်ပင် ဦးသံချောင်း၏ မဟာဗျုဟာ အနာဂတ် ရည်မှန်းချက်များကို လေးစားလွန်းသည့် အရက်သမားထုက အပြတ်အသတ် ထောက်ခံထားကြခြင်းပင်။

ခုတော့ ရွေးကောက်ပွဲ အနိုင်ရဖွယ် များနေသည့် သံချောင်းပါတီကို တိုက်ခိုက်မည့်သူတွေ ပေါ်လာပြီ။ ပါတီကြီးနှစ်ခု ပူးပေါင်းသွားနိုင်သည်။ ပါတီငယ်များကလည်း တပ်ပေါင်းစု ဖွဲ့စည်းကာ တိုက်ခိုက်လာနိုင်သည်။ သံချောင်းပါတီ အနေနှင့် အဘက်ဘက်မှ ရန်သူတွေ ဝိုင်းနေချိန် ဖြစ်သည်ဟု ဦးသံချောင်း ခေါင်းဆောင်သော ပါတီအမှုဆောင်များ အရက်ဝိုင်းက ဆုံးဖြတ်လိုက်သည်။ သံချောင်းပါတီကို မနာလိုမရှုစိမ့်သည့် အတိုက်အခံပါတီ အချို့က ပညာရှင်များကို လက်သပ်မွေး၍ ပေါ်ပေါ်တင်တင် သွေးတိုးစမ်းလာသည်။ သတင်းဌာနတစ်ခုက ဖော်ပြသည့် သတင်းတစ်ပုဒ်ကြောင့် သံချောင်းပါတီ အနာဂတ်အတွက် ပါတီခေါင်းဆောင်များ ရင်လေးသွားကြသည်။ ထိုသတင်းမှာ- “ရန်ကုန်နှင့် မန္တလေးတွင် ၂၀၁၄ ခုနှစ်အတွင်း အရက်ကင်းစင် နယ်မြေများ သတ်မှတ်သွားမည် ဖြစ်ကာ မန္တလေးတိုင်း အစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီး ဖြစ်သည်ဟုလည်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားကြောင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့နယ်တစ်ခုတွင် စတင်ကာ အရက်ကင်းစင် နယ်မြေအဖြစ် သတ်မှတ်သွားမည်ဟုလည်း ၎င်းက ဆိုကြောင်း၊ အရက်ကင်းစင်နယ်မြေ သတ်မှတ်ပြီးပါက အမျိုးသမီးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို အရက်ရောင်းချခွင့် ကန့်သတ်ခြင်း၊ အသက် ၁၈ နှစ်ကျော်သော အမျိုးသားများကိုသာ အရက်ရောင်းချပေးရန်၊ ရောင်းချမည့်အချိန် ကန့်သတ်ခြင်း၊ အရက်မရောင်းရနေ့ အဖြစ် သတ်မှတ်ခြင်းကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ခြင်း ဖြစ်လေ၏။ “ဒါ အရက်သမား အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒါ အရက်သမားထု ဂုဏ်သိက္ခာကို စော်ကားတာပဲ။ ဒီကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းမှ ရတော့မယ်” ဟု ဦးသံချောင်းက ဆတ်ဆလူး နတ်ပူးသည့်နှယ် ပြောလေသည်။

အကြောင်းစုံကို သိရှိကုန်သော သံချောင်းပါတီဝင်များလည်း ဒေါက်တာသန်းစိန်အပေါ် အမျက်ချောင်းချောင်း ထွက်ကြလေ၏။ ဒေါက်တာသန်းစိန်ကို အရက်သမား သစ္စာဖောက်အဖြစ် သတ်မှတ်ရန် သံချောင်းပါတီ ထောက်ခံသူများက ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ သံချောင်းပါတီမှာ အဘက်ဘက်မှ ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်ခြင်း၊ ခြေထိုးခြင်း၊ စိန်ခေါ်ခြင်း၊ အပုပ်ချခံရခြင်း စသည့် နိုင်ငံရေး အကျပ်အတည်းကြီးနှင့် ကြုံတွေ့နေရာလေရာ ပါတီဥက္ကဋ္ဌ ဦးသံချောင်း အနေနှင့် သမ္မတလောင်းကို ဆင်နင်းသည်ဟူသည့် အိပ်မက်ဆိုးကြီးကို ညစဉ် မြင်မက်နေရသောကြောင့် ဘီယာပင် ကောင်းကောင်း မသောက်နိုင်သည့် အခြေအနေ ဖြစ်ရလေသည်။ ထိုစဉ် မကြာခဏ သတင်းမှားများ ထုတ်လွှင့်တတ်သော၊ ကောလာဟလ သတင်းများကို ခပ်တည်တည် ရေးသားဖြန့်ချိတတ်သော သတင်းဌာနကြီး တစ်ခုမှာ အောက်ပါ သတင်းတစ်ပုဒ် ပါဝင်လာလေရာ စိတ်ဓာတ်ကျနေသည့် ဦးသံချောင်းနှင့် ပါတီအမှုဆောင် အားလုံးမှာ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ကျန်ခွက်များကို ချီးယားစ်အော်၍ ခွက်ကွဲမတတ် တခွပ်ခွပ် တိုက်လိုက်ကြတော့သတည်း။ အဆိုပါ သတင်းမှာကား ... “မိမိတို့ သတင်းဌာနက ယခုလအတွင်း ကောက်ယူခဲ့သော စစ်တမ်းအရ ဤနိုင်ငံမှ ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို စိတ်ပျက်နေကြပြီ ဖြစ်ကြောင်း၊ ပါတီအများစုမှာလည်း ပြည်သူ့မျက်နှာမကြည့်၊ ပြည်သူ့အရေး ဦးစားပေး ဆောင်ရွက်ရမည့်အစား လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အပြတ်အသတ် အနိုင်ရရှိရေးကိုသာ ဦးစားပေး ဆောင်ရွက်နေကြသောကြောင့် ပါတီဟု အသံကြားလျှင်ပင် ပြည်သူများမှာ စိတ်ကုန်နေကြပြီ ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများက ဖြစ်စေချင်သည့် လူထုခေါင်းဆောင်မှာလည်း တားဆီးထားသည့် အခြေခံဥပဒေ ပုဒ်မအချို့ကြောင့် သမ္မတ ဖြစ်မလာနိုင်ရာ ပြည်သူများအနေဖြင့် မည်သူ့ကိုမှ သမ္မတ မဖြစ်စေချင်တော့ကြောင်း၊ မည်သည့်ပါတီကိုမှလည်း မဲမပေးလိုကြတော့ကြောင်း၊ သို့သော်လည်း ဤနိုင်ငံ၏ နိုင်ငံရေးအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ပြည်သူလူထုကြီးမှာ နိုင်ငံရေးကို အရွဲ့တိုက်သည့်အနေနှင့် အရက်သမားထုဖြင့် ဖွဲ့စည်းထားသည့် သံချောင်းပါတီကိုသာလျှင် အင်တိုက်အားတိုက် မဲပေးရန် ဆုံးဖြတ်ထားကြကြောင်း သိရှိရပါသည် ...” ဟူ၍။



လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့ ...


From: လော်ဘီအုတ်ခဲ (သံချောင်းပါတီ)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...