Friday, 12 September 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီးနောက် ယနေ့ နံနက် (၉) နာရီ မိနစ် (၂၀) တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးကျော်လွင်၊ ဦးခင်ရီ၊ ဦးမောင်မြင့်နှင့် ဦးမြတ်ဟိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ ဦးသန်းဆွေနှင့် တာဝန်ရှိသူများလည်း ပြန်လည် လိုက်ပါလာကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်မှ မတ်လ (၈) ရက် အထိ ဥရောပ ငါးနိုင်ငံဖြစ်သော နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင် (၁၄) ရက်မှ (၂၀) ရက်အထိ ဥရောပ နှစ်နိုင်ငံဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ လည်းကောင်း သွားရောက်ခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှ (၁၁) ရက်အထိ သွားရောက်ခဲ့သည့် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယမြောက် ဥရောပခရီးစဉ် ဖြစ်သည်။

From:သမ္မတရုံး

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...