Wednesday, 17 September 2014

သုံးချောင်း




သည်တစ်ခေါက် စခန်းကဟန်ကျသည်။ ရွာနှင့်မနီးမဝေး။ ယိုးဒယားနယ်စပ် မောတောင်
နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲမို့ လမ်းလုံခြုံရေးယူပေးနေရသည်။ အားလပ်ချိန် ရွာသူရွာသားများ၏ ကျန်းမာရေးကို စေတနာဖြင့်ကူညီရင်း ကုန်ဆုံးစေခဲ့သည်။

တစ်နေ့ ရွာထဲသွားရင်း ပိန်လှီနေသော ခွေးတစ်ကောင် ကိုသွားတွေ့သည်။ သနားကရုနာသက်မိသည့်အလျောက် မုန့်လေးကိုဖဲ့ကျွေးမိသည်။ ရွာထဲမှပြန်လာတော့ သူနောက်ကလိုက်လာလေသည်။စခန်းရောက်တော့ တပည့်ဆေးတပ်သားလေးက မောင်းထုတ်မည်ပြုရာ
"ဆရာမင်းဇော်လတ် ထားလိုက်ပါဗျာ။ သူ့မှာလည်းစားစရာအိမ်မရှိလို့တူပါတယ်။ သူ့ဘာသာနေပါစေ ထမင်းကျန်၊ ဟင်းကျန်လေးတွေကျွေးထားလိုက်ပါ"သူက အကင်းပါးသည့်အလျောက် စခန်းနှင့်မနီးမဝေး ဆီအုန်းပင်နားတွင် လှဲနေသည်။ ထပည့်ကလေး ထမင်းဟင်းသွန်တော့ လာစားသည်။ သည်လို့နှင့် ခွေးလေးမှာဝဖီးလာပြီး အနေကြာလာသည့်အားလျော်စွာ စခန်းရှိစစ်သည်များနှင့် ရင်းနှီးလာသည်။ စစ်သည်များက *ရဲဘော်*ဟု ချစ်စနိုးဖြင့် အမည်ပေးထားသည်။ အကျင့်ကောင်းသည်ဟု ဆိုရမည် မကျွေးသည့်အစာအား မည်သည့်အခါမျှခိုးမစား။

   မကြာမီ လုံခြုံရေးယူပေးရသော တာဝန်ပြီးဆုံးသွားပြီမို့ မူလတာဝန်ကျရာ ပွိုင့်1020 တောင်ကုန်းဆီသို့ ပြန်ရလေတော့သည်။ ခွေးလေးမှာ ကျွန်တော်တို့အဖွဲ့အား သံယောဇဉ်ရှိသည့်အားလျော်စွာ ရွာတွင်မကျန်ခဲ့ပဲ စခန်းဆီသို့  အတူလိုက်လာသည်။
စခန်းရောက်တော့ ကျွန်တော်၏တဲနဘေးနားတွင် သူ၏နားခိုရာအဖြစ် သူ့ဘာသာနေရာချထားသည်။ တပည့်လေးက အမဲလိုက်သွားရင်းခေါ်ခေါ်သွားသည်မို့ တောနှင့်ယဉ်ပါးစပြုလာပြီး များမကြာမီ အမဲလိုက်ရာတွင် အားကိုးလောက်အောင် အစွမ်းပြတော့သည်။ သူ့ကိုခေါ်လျှင် အမြီးလေးတနှံ့နှံ့ဖြင့် ခင်မင်တတ်သော သူ၏ အမူအရာကိုပြတတ်သည်။

တစ်နေ့ ရိက္ခာထုတ်သည့်အဖွဲ့နှင့် ကျွန်တော်လိုက်သွားမိသည်။ သူကလည်း ကျွန်တော်နှင့်အတူလိုက်
လာသည်။ ထိုနေ့ကရိက္ခာပို့အဖွဲ နောက်ကျသည်မို့ အပြန်ခရီးတွင်ညမှောင်လေတော့သည်။ မတတ်သာသည့်အဆုံး တပ်ရင်းမှူးထံ စက်ဖြင့်သတင်းပို့ပြီး လမ်းတွင်ညအိပ်စခန်းချရတော့သည်။
ညသည် အမှောင်ထုစိုးမိုးထား၏။ တောနက်သည်မို့ တစ်ချက်တစ်ချက် တောကောင်အော်သံများ ကြားနေရသည်။ ကျွန်တော်တို့ အားကိုးရာကား မီးလင်းဖိုလေးတစ်ဖို။ မီးလင်းဖ်ု ပတ်လည်တွင် ကျောပိုအိပ်များကိုမှီရင်း အနားယူနေကြရသည်။ ညစာကိုတော့ ဖြစ်သလိုဖြေရှင်းလိုက်ရသည်။

ပင်ပန်းလာသည့်အလျောက် အလိုလ်ုအိပ်ပျော်သွားကြသည်။ ကင်းသမားလည်း မနေသာ။ ခွေးလေးကတော့ ကျွန်တော်အနီးတွင် ခွေခွေလေး။ မီးဖိုမှာလည်း တဖြည်းဖြည်း အားလျော့စပြုလေပြီ။ရုတ်တရက် ၀ရုန်းသုန်းကားအသံများကြောင့် အနီးမှသေနတ်ကိုစွဲရင်း နေရာယူလိုက်သည်။ တပည့်များမှာလည်း အလျှိုလျှိုနေရာယူလိုက်ကြသည်။ အသံလာရာကား ကျွန်တော်၏နောက်ဖက်။ မီးထိုးလိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမင်သက်သွား၏။ ခွေးလေးနှင့် ကျားသစ်တစ်ကောင် လုံးထွေးနေသည်။ အားမတန်သည်မို့ ခွေးလေး၏ခြေတစ်ဘက်မှာ ကျားခဲခံနေရသည်။ သို့သော်လည်း သူကားမာန်မလျော့ ရှိသည့်အားဖြင့် ပြန်လည်ခုခံနေသည်။ အကယ်၍သာ သူသာမရှိခဲ့လျင် ကျွန်တော်တို့၏ ကံကြမ္မာကား မတွေးရဲ။ တပည့်က သေနတ်ချိန်ရင်း မောင်းဖြုတ်လိုက်သည်။ "ဒိန်း"ဟူသော သေနတ်သံက တော့တွင်း
အမှောက်ထုကို ခွဲထွက်သွားလေသည်။

ကျားသစ်မှာ သေနတ်ဒဏ်ရာဖြင့် ဇီဝိန်ချွေသွားလေပြီ။ ကျွန်တော်တို့ စိတ်မ၀င်စား။ အားလုံးလိုလို့ ခွေးလေးကို လိုက်ရှာကြသည်။ ခြုံတစ်ခု၏ အနီးတွင် ခွေခွေလေးညဉ်းညူနေသော ခွေးလေး။ ဘယ်ခြေထောက် ပြတ်ကျလုနီးပါးဒဏ်ရာနှင့်။ မတတ်နိုင် ဒူးခေါင်းမှဖြတ်လိုက်ပြီး ပတ်တီးစီးပေးထားလိုက်သည်။ဒဏ်ရာမျာုး ဆေးများထည့်ပေးရင်းထမင်းကျွေးသောသခင်များ၏အသက်အား
သူ၏အသက်ပင်ပဓာနမထားပဲ ကာကွယ်ပေးသောခွေးလေးကို အားလုံးကရုဏာသက်မိကြသည်။
မနက် ခွေးလေးကိုအလှည့်ကျထမ်းရင်း စခန်းပြန်ခဲ့လေသည်။

ဒဏ်ရာများကို ဆေးထည့်ကုသပေးရာ များမကြာမီသက်သာလာခဲ့သည်။ အစက ခွေးလေးမှာ လမ်းမလျောက်နိုင်။ နောက်တော့ သူကြိုးစားထသည်။ လမ်းလျှောက်ဖို့ ကြိုးပမ်းသည်။ နောက်...သူအောင်မြင်သွားသည်။ ခြေသုံးချောင်းဖြင့် ကောင်းကောင်းလမ်းလျှောက်နိုင်ချေပြီ။ သူ၏သတ္တိအား အားလုံးလေးစားကြသလို့ သူ၏အမည်မှာလည်း *သုံးချောင်း* ဟုအမည်တွင်သွားလေတော့သည်။

အချိန်လေးလတာကာလကား ကုန်ဆုံးသွားလေပြီ။ စခန်းချိန်းပြီး နောက်တန်းပြန်ရတော့မည်မို့ စစ်သည်များ၏မျက်နှာကား အပြုံးကိုယ်စီနှင့်။ ကားကိုယ်စီစထွက်လေပြီ။ မြေနီလမ်းခရီးအတိုင်း ကားကတရွေ့ရွေ့။ သို့သော် ကားများ၏နောက်မှ ခွေးတစ်ကောင်က မမောတမ်းပြေးလိုက်နေသည်။ ဟုတ်ပါသည် သုံးချောင်း။ ကျွန်တော်မနေနိုင်တော့ တပ်ရင်းမှူးထံ သုံချောင်းအကြောင်းသတင်းပို့ပြီး နောက်တန်းခေါ်ယူခွင့်တောင်းလိုက်သည်။ တပ်ရင်းမှူးခွင့်ပြုသည်နှင့် သုံးချောင်းကို ကားပေါ်တင်လိုက်သည်။ သူ့ခဗျာ ပင်ပန်းသည်ကို ကရုမစိုက်အား၊ အလွန်ပျော်ရွှင်နေပုံရသည်။ အမြီးကလေးတနှံ့နှံ့။

တပ်ရင်းရောက်တောလ့ည်း သူကားဆေးခန်းတွင်နေသည်။ အချိန်တန် စားဖိုဆောင်သွားစားသည်။ ပြီးလျှင်ဆေးခန်းတွင်သာနေသည်။ ကျွန်တော်တပ်တွင်း ဘယ်သွားသွား နောက်ကအမြဲပါသည်။ ခုတော့ တပ်ရင်းတစ်ခုလုံး သူနှင့်ရင်းနှီးသွားလေပြီ။
မကြာပါ။ ကျွန်တော်ပြောင်းရွှေ့ တာဝန်ပါသည်။ ၂နှစ်တာကာလ လက်တွဲခဲ့သည်မို့ တပ်ကိုသံယောဇဉ်တွယ်မိသည်။ သို့သော်လည်း ၀န်ထမ်းပေမို့ တာဝန်ကျရာသွားရပေတော့မည်။ ရဲဘော် ရဲမေများမှာ စိတ်မကောင်း။ သုံးချောင်းလည်း သဘောပေါက်သည်ထင်သည်။ ကျွန်တော့ကို မျက်ခြေပျက်မခံ။ ကျွန်တော်ဘယ်သွားသွား သူနောက်ကလိုက်သည်။
ကျွန်တော်သွားခါနီး သုံးချောင်းကိုမတွေ့။ ထို့နောက် ကားထွက်တော်မှ မည်သည့်နေရာကထွက်လာသည်မသိ သုံးချောင်းနောက်က ပြေးလိုက်လာသည်။ ကားကို မြန်ခိုင်းလည်း သူကမလျော့တန်း ပြေးလိုက်သည်။
ကျွန်တော်ကားကို ရပ်ခိုင်းလိုက်သည်။ ကျွန်တော့်ကို မှီတော့ခြေထောက်ကို ပွတ်သပ်ရင်း အမြီးကလေးတနှံ့နှံ့။
"အော်.....သုံးချောင်းရယ်"
ထို့နောက် တပည့်ကလေးကိုခေါ်ပြီး ကြိုးချည်ခိုင်းလိုက်သည်။ ကားထွက်တော့ သူရုန်းသည်။ မရ။ သူကြိုးစားရုန်းသည်။ ကြိုးကို ကိုက်ဖြတ်သည်။ ပတ်ချာလည် လှည့်နေသည်။ ကြိုးကိုကိုက်ဖြတ်နေသည်မှာ ပါးစပ်မှပင်သွေးကျသည်။
တပည့်များက ခွေးလေးကိုကြည့်ပြီး စိတ်မကောင်း။ ကားလေးသည် ထွက်ခွါလာလေပြီ။ သုံးချောင်း၏မြင်ကွင်းကား မှုန်ဝါးလာခြင်းမှသည်။ တစစပျောက်ကွယ်နေသည်။ ရုတ်တရက် ဆွဲဆွဲငင်ငင်အူလိုက်သော သုံးချောင်း၏အသံကို ကြားလိုက်ရလေသည်။ ထိုအခြင်းအရာသည် ကျွန်တော့်ကို ကြေကွဲစွာနှုတ်ဆက်ခြင်းလေလော။ ကျွန်တော် ဖြေမဆည်သာ။ ကျွန်တော်၏ မျက်ဝန်းတစုံမှ မျက်ရည်တို့က ပါးပြင်ပေါ်မှသည် နှလုံးသားဆီသို့.........။ ။


လေးစားစွာဖြင့် 
From: Dr.မင်းလုလင်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...