Tuesday, 9 September 2014

ပြည်သူ့ဆန္ဒပေါ် မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတနှင့်အတူ စက်တင်ဘာ ၅ ရက်ကတွေ့ရစဉ် (PETER SCHNEIDER/ EPA)
တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှုအပေါ် မူတည်၍ သမ္မတသက်တမ်း နောက်တစ်ကြိမ်လုပ်ကိုင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။
သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လက်လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တရားဝင် တိတိကျကျပြောကြားခဲ့ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
 ဂျာမနီ ဝန်ကြီးချုပ်နှင့် သမ္မတ၊ ဆွစ်ဇာလန်သမ္မတတို့နှင့် တွေ့ဆုံရာ၌ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် မည်သို့ဆက် လက်လုပ်ဆောင်မည်နည်းဆိုသည့် မေးခွန်းများကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဂျာမနီမှာရော ဆွစ်ဇာလန်မှာပါ ခေါင်းဆောင်တွေ၊ မီဒီယာတွေက သမ္မတကြီး ၂၀၁၅ မှာ ဘာဆက်လုပ်မလဲဆိုတဲ့အချက်ကို အရမ်းသိချင်ကြတယ်။ ဒါပဲ မေးနေတယ်။ ၂၀၁၅ မှာ သမ္မတ အဖြစ် ဆက်ပြီးတာဝန်ယူဖို့ စိတ်ဆန္ဒရှိ၊ မရှိ မေးတဲ့မေးခွန်းတွေနဲ့ ကြုံတိုင်း သမ္မတကြီးက တိုင်းပြည်ရဲ့အခြေအနေနဲ့ ပြည်သူတွေ ရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ဖြေခဲ့တယ်’’ဟု ၎င်းက ပြောကြားသည်။
ယခင်က သမ္မတဦးသိန်းစိန်အား ၂၀၁၅ အလွန် နိုင်ငံရေး မျှော်မှန်းချက်ကို မေးမြန်းတိုင်း လက်ရှိအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်းဆုံးအာရုံစိုက်ထားပြီး ၂၀၁၅ အတွက် ကြိုတင်စဉ်းစားထားခြင်းမရှိဟု မကြာခဏဖြေကြားခဲ့ သည်။
ယခု ဥရောပခရီးစဉ်တွင်မူ သမ္မတဒုတိယသက်တမ်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုဆန္ဒ ပေါ် မူတည်ဆုံးဖြတ်မည်ဟု ပြော ကြားလာခြင်းဖြစ်သည်။
ထို့အပြင် သမ္မတဦးသိန်းစိန်သည် ယခုဥရောပခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကိုလည်း စိတ်ဝင်တစား လေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် စီရင်ပိုင်ခွင့်အာဏာကို အစိုးရနှင့် ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် စက်တင်ဘာ ၅ ရက် နံနက်တွင် အချိန်သီးသန့်ပေး၍ ဆွေးနွေးလေ့လာခဲ့သည်။
‘‘ဖက်ဒရယ်ကိစ္စမှာ မှတ်သားစရာကတော့ ဆွစ်ဇာလန်မှာ ၁၈၄၈ လောက်ကစပြီး အဆင့်ဆင့်ပြောင်းခဲ့ရတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုဖွဲ့စည်းပုံကို ၂၀၀၈ မှာ အကြီးဆုံး အပြောင်းအလဲလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ဖို့အတွက် ၁၅ နှစ်လောက် ပြင်ဆင်ရတယ်။ ဒါ တောင်မှ ပြင်ပြီးသားအချက် တချို့ကို ချက်ချင်းမလုပ်နိုင်ဘူး။ ဘဏ္ဍာရေးကိစ္စတချို့ကို ဆယ်နှစ်ကျော်လောက် အချိန်ဇယားဆွဲ ပြီး လုပ်ရမယ်လို့ပြောတယ်။ သူတို့ဆိုလိုတာက ကျွန်တော်တို့ဆီမှာလည်း ရေတို ချက်ချင်းလုပ်ရမယ့်ကိစ္စ၊ ရေရှည် အဆင့်ဆင့် လုပ်ရမယ့်ကိစ္စစသဖြင့် စဉ်းစားသင့်တယ်လို့ဆိုတယ်’’ဟု ဦးရဲ ထွဋ်က ဆွစ်ဇာလန်ဖက်ဒရယ် ကောင်းမှုကို ပြောကြားသည်။
ပြီးခဲ့သည့် အာဇာနည်နေ့က အာဇာနည်ခေါင်းဆောင်များအား သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွမ်းကပ်လှူပွဲတွင် သမ္မတဦးသိန်းစိန်က အနားယူသည့်အခါ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးအသိုင်းအဝိုင်းအား ပြောကြားခဲ့သည်။
၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း ပြောကြားထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန် အနေဖြင့် နောက်တစ်ကြိမ်သက်တမ်းအတွက် ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ပြောကြားစဉ်ကလည်း နောက်သက်တမ်း ဆက်လုပ်၊ မလုပ်ကို သမ္မတကိုယ်တိုင်သာ ပြည်သူသို့ အသိပေးမည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် သမ္မတဦးသိန်းစိန်က တုံ့ပြန်ခဲ့သည်။
ပြည်ပခရီးစဉ်သွားတိုင်း ဝေဖန်ခံရသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခုဥရောပခရီးစဉ်မတိုင်မီကတည်းက ဒုက္ခသည်နှစ်ထောင်ကျော် ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူလိုက်ခြင်းကလည်း ယခုဥရောပခရီးစဉ်အတွင်း ဆွေးနွေးပွဲများကို ပိုမိုချောမွေ့စေခဲ့သည်။
‘‘ဒီတစ်ခေါက်ခရီးစဉ်မှာ နှစ် နိုင်ငံလုံးမှာ မြန်မာလို့ပဲသုံးတယ်။ ရခိုင်ကိစ္စ ဆွေးနွေးတဲ့အခါမှာလည်း ရိုဟင်ဂျာစကားလုံး မသုံးဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေလို့ပဲ သုံးတာ သတိထားမိတယ်’’ဟု ဦးရဲ ထွဋ်က ဆိုသည်။
လာမည့်ရွေးကောက်ပွဲအတွင်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားသူများမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရသည်။
 
From:7day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...