Saturday, 6 September 2014

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခြင်းအား ဂုဏ်ယူပါ


ကျမသည် ယနေ့ည ၇ နာရီတွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ပထမတန်းဖြင့် ၇ နာရီကြာ လိုက်ပါလာခဲ့သည်။ ဂျပန်နိုင်ငံမှာ လေယာဉ်ပြောင်းစီးရန် ခေတ္တာနားခြင်းဖြစ်ပြီး ထိုမတိုင်ခင်တွင် အမေရိကနိုင်ငံ ချီကာကိုမြို့မှ ၁၃ နာရီကြာ လေယာဉ်စီးလာခဲ့သည်။

ဂျပန် နာရီတာလေဆိပ် လေယာဉ်အတွင်းသို့ ၀င်ရန် ဂိတ်မှာ First Class, Business Class ပထမတန်း၊ ဘစ်စနက်စ်တန်းတို့ကို ခေါ်တဲ့အခါ ကျမ၀င်လာခဲ့ပါတယ်။ လေယာဉ်အ၀င်ပေါက်ဂိတ်မှာ ကျမစာအုပ်ကို သိမ်းထားလိုက်ပြီး ကျမကို ခဏစောင့်ပါလို့ ပြောပါတယ်။ ကျမလဲ စောင့်နေလိုက်ပါတယ်။ ၅ မိနစ်လောက်ကြာတော့ အထူးတန်းခရီးသည်တွေလဲ လေယာဉ်ထဲ ၀င်ကုန်ပြီ။ ရိုးရိုးတန်းခရီးသည်တွေ စတင်ဝင်လာကြပါပြီ။

ကျမရပ်စောင့်နေရင်း ဘာကြောင့် ကျမစာအုပ်ကို ယူသွားရတာလဲလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နာရီတာလေဆိပ်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်သတိရစေတဲ့အတွက် ကျမစာအုပ်ယူသွားသူ ၀င်သွားတဲ့အခန်းထဲ ကျမ၀င်သွားပါတယ်။ (အဲဒီတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ ဒီစာရဲ့အဆုံးနားမှ ဖေါ်ပြပါမယ်)

အဝေးကနေ သားလေးကတော့ စိုးရိမ်းတကြီးနဲ့ ပြေးလာပြီး မေမေ ဘာမှ သွားမပြောနဲ့ မကြာတော့ပါဘူး။ စောင့်လိုက်ပါဦးလို့ လာပြောပါတယ်။ သာလေး အဝေးမှာသွားရပ်နေ မေမေသိတယ်။ ဖြေရှင်းလိုက်မယ်လို့ ပြောတော့ သားက မသွားဘဲ ကျမဘေးကနေ လိုက်လာပါတယ်။

ကျမစာအုပ်ယူသွားတဲ့သူက အသက်ကြီးပိုင်း ဂျပန်အမျိုးသမီး ဖြစ်ပြီး ကျမစာအုပ်ကိုကြည့်လိုက်၊ ကွန်ပြူတာထဲကြည့်လိုက်၊ စာရိုက်လိုက် လုပ်နေပါတယ်။ ကျမတို့ အပြန်အလှန်ပြောတဲ့စကားကို အောက်ပါအတိုင်း ဖတ်ပါ။
ကျမ - ကျမ စာအုပ်ကို ဘာကြောင့် ရွေးပြီး စစ်တာလဲ
ဂျပန်ဝန်ထမ်း - ရွေးပြီး စစ်တာတော့ မဟုတ်ပါဘူး
ကျမ - ဒါဆိုဘာလို့ ယူသွားတာလဲဆိုတာ မရှင်းပြနိုင်ရင် ကျမစာအုပ်ကို အခုချက်ချင်း ပြန်ပေးပါ။
ဂျပန်ဝန်ထမ်း - သင်ရဲ့ အကျိုးအကြောင်းကို မှတ်တမ်းယူထားမလို့ပါ။
ကျမ - ဒါဆို အခု ကျမနဲ့ လေယဉ်တစီးတည်း စီးမယ့် ခရီးသည်အားလုံးရဲ့မှတ်တမ်းကော မလိုဘူးလား။ သူတို့ စာအုပ်ကိုလဲ တောင်းလေ။
ဂျပန်ဝန်ထမ်း - သူတို့က မလိုဘူး။ သင့် ဒါထာက United Airline ယူနိုက်တက်လေယာဉ်ကနေ ANA Airline အနာလေယာဉ်ကို ပြောင်းစီးတဲ့အခါ တက်မလာလို့ပါ
ကျမ - ဒါဆို ကျမနဲ့အတူတူ Check In (ချက်အင်) အတူတူ ၀င်ခဲ့သူတွေက ဘာကြောင့် ၀င်ခွင့်ရတာလဲ။ Data (ဒါထာ) တက်လာတာ အတူတူဘဲလေ။

ဂျပန်ဝန်ထမ်း မျက်နှာတွေ ပျက်လာပြီ။

ကျမ - မြန်မာစာအုပ်ကိုင်တဲ့သူဆို အဲလိုဘဲ ခွဲခြားဆက်ဆံသလား။ ကျမက ဂျပန်ပြည်ကနေ ခရီးစထွက်တာလဲ မဟုတ်ဘူး၊ ဂျပန်ပြည်ကိုလဲ မ၀င်ခဲ့ဘူး။ transit (ထရန်စစ်) ဘဲ ၀င်ခဲ့တာ။ အထူးတလည် စစ်ဆေးစရာမလိုဘူး။ မြန်မာနိုင်ငံလဲ အကြမ်းဖက်သမားတွေ နေတဲ့နိုင်ငံ မဟုတ်ဘူး။

သားလေးက ကျမလက်ကိုဆွဲပြီး မေမေ ဘာမှမပြောပါနဲ့လို့ ဘေးမှာ ခုန်ဆွခုန်ဆွဖြစ်နေပါပြီ။ ၀န်ထမ်း ကျမရှေ့မှာ လာရပ်ပြီး စာအုပ်ကို ချက်ချင်းပြန်လာပေးတယ်။

ကျမ - မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြားပြီး မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ကျမပြောတော့ မျက်လုံးပြူးနဲ့ ကျမကို ကြည့်နေပါတော့တယ်။

အရပ်အမောင်းအားဖြင့်ဆိုလဲ ကျမက ၅ ပေ ၆ လက်မ မြင့်တော့ ဂျပန်ဝန်ထမ်းအမျိုးသမီးက ကျမရင်ဘတ်လောက်သာ ရှိပါတယ်။ ကျမကို မော့ကြည့်ပြီး သူမ တုန်တုန်ယင်ယင်လဲ ဖြစ်လာပါတယ်။ ကျမရှေ့မှာ ဒူးမထောက်ရုံတမယ် ခေါင်းကို ငုံ့ချလိုက် ကျမကို မော့ကြည့်လိုက်နဲ့။ ဆောရီးလို့သာ တထွင်ထွင်ပြောပါတယ်။

မြန်မာတွေကို နှိမ်တယ်လို့ နာမည်ကြီးတဲ့ လေဆိပ် ၂ ခု ရှိပါတယ်။ ဘန်ကောက်လေဆိပ်နဲ့ ဂျပန် နာရီတာလေဆိပ်တို့ ဖြစ်ပါတယ်။ အခုတော့ မြန်မာပြည်လဲ ပွင့်လင်းလာပြီမို့ တော်တော်လေး သက်သာလာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် ၇ နှစ်လောက်က လေဆိပ်မှာ အနှိမ်ခံရတဲ့ မြန်မာတွေ ဇတ်လမ်းတွေ ရင်နာစရာကောင်းလှပါတယ်။

ဂျပန်လေဆိပ်ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကျမရဲ့ ခရီးသွား ထရန်စစ်အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။ တခါတလေ ၇ ရက်အတွင်း ၂ ကြိမ် ၀င်တဲ့အချိန်လဲ ရှိခဲ့ပါတယ်။ ဗီဇာလျှောက်ချိန်မရခဲ့ရင်လဲ လေဆိပ်မှာ ဗီဇာထုပေးပါတယ်။ ထိုအချိန်မှာ မြန်မာစာအုပ်ကို ဗီဇာမပါရင် ၀င်ခွင့်မပေးတဲ့အချိန် ဖြစ်ပါသော်လည်း ကျမအနေနဲ့ အခက်အခဲ မကြုံတွေ့ဖူးပါဘူး။ ဒါပေမယ့် မြန်မာမိတ်ဆွေများဆီကနေ မြန်မာစာအုပ်ကို ဘယ်လိုနှိမ်ကြောင်း ကြားဖူးပါတယ်။

ဘာကြောင့် ဂျပန်ဝန်ထမ်းကို အဲလို ပြောခဲ့တယ်ဆိုတာ အခု ရှင်းပြပါမယ်။ လေယာဉ်ပေါ်တက်ပြီးနောက် အဲဒီ အဖြစ်အပျက်ကို ပြန်သတိရပြီး မျက်ရည်များ တလိမ့်လိမ့်ဆင်းလာပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကျမတို့ မိသားစု ဂျပန်ပြည်ကနေ ပြန်လည်ထွက်ခွါခါနီး နာရီတာလေဆိပ်မှာ မြန်မာအမျိုးသမီးနဲ့ အမျိုးသား ၃၀ ခန့်ကို လက်ထိတ်ခတ်ပြီး ရဲများမှ ခေါ်လာတာကို ကျမမြင်ခဲ့ရတယ်။ သူတို့အချင်းချင်းစကားပြောတာ ကြားမိလို့ မြန်မာပြည်ကဆိုတာ သိတာပါ။ အစောင့်ရဲကို ကျမချဉ်းကပ်ပြီး ဘာအမှုလဲလို့ မေးတော့ တရားမ၀င်အလုပ်လုပ်တဲ့ မြန်မာတွေကို ဖမ်းပြီး လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့တာ လို့ ပြောပါတယ်။

ကျမချက်ချင်း တွေဝေသွားပါတယ်။ သူတို့ကို စကားပြောချင်တယ်လို့ ရဲကိုခွင့်တောင်းတော့ ပြောခွင့်မပေးပါဘူး။ တွေးမိတာပေါ့ သူတို့တွေ ငွေကုန်ခံပြီး ဂျပန်မှာ အလုပ်လာလုပ်ကြတာ။ မိသားစုကို ထောက်ပံ့ကြတာ။ အခုသူတို့ပြန်ပို့ခံရတော့ ဘယ်လို ဘ၀ပြန်စမလဲလို့ တွေးပြီး အလိုလိုဝမ်းနည်းပြီး ငိုခဲ့ပါတယ်။ ကျမ ပြန်လှည့်လာခဲ့ပြီး ဒေါ်လာ ၅၀ ဆီ ပေးပေးပါလို့ ရဲကို ခွင့်ထပ်တောင်းတော့ ဘာမှ မပေးရဘူးလို့ ထပ်ပြောပါတယ်။ စိတ်အနာဆုံးအချက်က ဒုစရိုက်သမား မဟုတ်ရပါရက်နဲ့ မြန်မာတွေကို အများရှေ့မှာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်နေတာကို ဖြစ်ပါတယ်။

အထူးတန်း နားနေဆောင်ထဲ ၀င်သွားပြီး သားလေးနဲ့ အမျိုးသားက တခုခုစားပါလို့ ပြောရင်လဲ လက်ထိတ်ခတ်ခံရတဲ့ မြန်မာတွေကို မြင်ယောင်ပြီး မစားနိုင်။ လူတွေကသာ မသိတာ သူတို့အတွက် ထပ်တူထပ်မျှ ခံစားခဲ့တာကို ဂျပန်လေဆိပ်ရောက်တိုင်း ပြန်သတိရစေပါတယ်။ ဒါကြောင့် ကျမစာအုပ်ကိုမှ ရွေးပြီး ခဏယူ စစ်ဆေးနေတာကို ကျမ လက်သင့်မခံတာလဲ ဖြစ်ပါတယ်။ (ကျမအထင်လွဲတာလဲ ဖြစ်မှာပေါ့လေ)

မြန်စာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြား မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ပြောခဲ့တာကို ပြန်တွေးရင်း ကျမကျေနပ်တယ်။ အနာဂါတ်မှာ ဂျပန်လေဆိပ်ကို မြန်မာစာအုပ်ဖြတ်သန်းသွားခဲ့သော် ကျမနဲ့ တွေ့တဲ့ အဆိုပါဝန်ထမ်းမှ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလို့ တွေးမိပါတယ်။

ကျမကို နိုင်ငံတော်တော်များများ သွားလာနိုင်တာကို တခြားနိုင်ငံသားခံယူထားလို့ အထင်ခံရပါတယ်။ မြန်မာနိုင်ငံကူးစာအုပ်ကို ယနေ့ထိ အခက်အခဲကြားမှ ထိန်းသိမ်းထားဆဲပါ။ ဘယ်နိုင်ငံကဘဲ နှိမ်ပါစေ မြန်မာစာအုပ်ကိုင်ရတာ ဂုဏ်ယူတယ်။ မရှက်ပါဘူး။

နီနီရဲရဲလေးနဲ့ မြန်မာနိုင်ငံကူးစာအုပ်ဆိုတာ ရဲရင့်ပါတယ်။
ကမ္ဘာ့လှည့်တဲ့ သတ္တိရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ဖြစ်ပါတယ်။
သင်လဲ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်တာ ဂုဏ်ယူလိုက်ပါ။

မှတ်ချက်
တချို့က ထင်ကြတယ် မြန်မာနိုင်ငံသားဖြစ်တာကို စွန့်လွှတ်လိုက်တဲ့သူတွေကို မြန်မာနို်င်ငံကို မချစ်ဘူးလို့ ယူဆကြမယ်။ ကျမ မိတ်ဆွေတွေ မြန်မာစာအုပ်ကို အခြေအနေအရ မတတ်သာလို့ စွန့်လွှတ်ခဲ့ကြတာ မြန်မာပြည်ကို ကျမချစ်သလောက် သူတို့ အမိနိုင်ငံကို အချစ်မလျော့ဘူးဆိုတာ သိစေချင်ပါတယ်။


From: လီဗီဆပ်နိုင်ထန်း

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...