Sunday, 7 September 2014

ကျွန်တော် ကို ဆက်သွယ်လိုက်ပါ



ဘွဲရ ဆိုတာကို စုတ်ပြတ် သတ်နေအောင် လုပ်နေတဲ့ ကျောင်းသားဆိုတဲ့ ချာတိတ်တွေ အတော် ဥာဏ်နုံတဲ့ ကလေးတွေပါလားလို့ ဂရုဏာ သက်မိပါတယ်..။

ကျွန်တော် ဥပဒေ ဒုတိယနှစ်မှာ ဆယ်တန်းအမှတ်နဲ့ GTI လျှောက်တာ အင်းစိန်မှာ မြို့ပြ ရတော့ ကျောင်းသွားတက်တယ်ပေါ့။


အဲ့ဒီတုန်းက သေသေချာချာ ပြန်စဉ်းစားတော့ AGTI ဒီပလိုမာတွေ အတော်ဖောင်းပွနေပါပြီ။ ဒီလောက်ပေါတဲ့ ဒီပလိုမာ ငါမယူရင်ကောင်းမယ်ဆိုပြီး ဦးလေးတစ်ယောက်ကို တိုင်ပင်ပါတယ်။

ဦးလေးက ကျွန်တော့်ကို ဂရုဏာအပြုံးနဲ့ ကြည့်ပြီး။ ငါ့တူ အဲ့လောက်ပေါတဲ့ဟာ တစ်ခုတောင် မင်းရမထားရင် မင်းက ပေါတဲ့လူတွေထဲမှာတောင် မပါသေးဘူးမှတ်ပါ တဲ့။

ကျွန်တော့် ခေါင်းထဲမှာ အသိဥာဏ်တစ်ခု ပွင့်လင်းသွားခဲ့ပါတယ်။ အင်းစိန်မှာ တက်ခဲ့တယ် အင်းစိန်မှာ ၅ နှစ်လောက် ကျောင်းပိတ်ခံရပြီး သန်လျှင်ကို ပင်ပင်ပန်းပန်း ကျောင်းတက်ခဲ့ပြီးမှ အဲ့ဒီပေါပါတယ်ဆိုတဲ့ ဒီပလိုမာတစ်ခုရခဲ့တာပါ။

ဒီပလိုမာအကျိုးနဲ့ ပြင်ပမှာ အင်/ယာ ပညာတွေပိုလေ့လာဖြစ်ခဲ့ပါတယ်။ အစိုးရ၀န်ထမ်း အင်/ယာ အနေနဲ့လည်း ၅ နှစ်လောက် လုပ်ခဲ့ပြီး လမ်းခင်းတဲ့ ပညာကို အတော်ကျွမ်းကျင်ခဲ့ပါတယ်။

ပြင်ပ ဆရာတွေနဲ့ စာအုပ်တွေဖတ်ပြီး ကိုယ်အိမ်တွေ ကိုယ်ဆောက်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ ကုသိုလ်ဖြစ် ဆောက်ပေးနိုင်ခဲ့တယ်။ အကြီးစား ပြင်ဆင်မှုတွေ လုပ်ပေးနိုင်ခဲ့တယ်။ မိတ်ဆွေ ကုမ္ပဏ္ဍီတွေမှာ ကန်ထရိုက်အနေနဲ့ အဆောက်အဦးတွေ ဆောက်တာ ပြင်တာ အစုံလုပ်နိုင်ခဲ့ပါတယ်။

အလုပ် လုပ်ရင် ပိုက်ဆံက ရတာပါပဲ။ ပညာနဲ့ လုပ်စားတာကို ဥာဏ လုပ်သားခေါ်ပြီး။ ကိုယ်အားစိုက်ပြီး လုပ်တာကို ကာယ လုပ်သားလို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသိပညာရှင် ဥာဏလုပ်သားတွေဟာ အတက်ပညာရှင် ကာယလုပ်သားတွေထက် ၀င်ငွေကောင်းကြပါတယ်။

ကာယပဲဖြစ်စေ ဥာဏပဲဖြစ်စေ ကိုယ်ပိုင်လေ့လာအားနဲ့ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ပေါ်လိုက်ပြီး ၀င်ငွေနဲ့ အောင်မြင်မှုဆိုတာ ကွာခြားသွားမှာပါ။ GTI ဒီပလိုမာ ကျေးဇူးရယ် တခြားစီးပွားရေး လုပ်ငန်းငယ်အချို့ကျေးဇူးကြောင့် အဖေမရှိတော့တဲ့ ကျွန်တော့် အမျိုးသမီးကို YTU မှာ ကျောင်းထားနိုင်ခဲ့တယ်။ ME ဘွဲအထိ ယူနိုင်ခဲ့ပါတယ်။

ကျွန်တော်မြင်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ကျွန်တော့်အမျိုးသမီး လျှောက်လှမ်းစေရင်း ခုဆို အထိုက်အလျှောက်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာခဲ့ပြီး ကျွန်တော့်ထက်ကို ၀င်ငွေ ကောင်းလာခဲ့ပါပြီ။ ကျွန်တော်က အတက်ပညာရှင်ဒီပလိုမာလောက်မှာ ရပ်နေခဲ့ပြီး ပညာပိုတက်တဲ့ သူက အသိပညာရှင်အနေနဲ့ ၀င်ငွေပိုကောင်းတာ မဆန်းပါဘူး။

ဆိုလိုရင်းက ဘွဲ့ဆိုတာ ပညာရပ်တစ်ခုရဲ့ မာတိကာပါ။ အဲ့ဒီမာတိကာမှ အထူးပြုတွေအပေါ်လိုက်ပြီး ကျွမ်းကျင် တက်မြောက်အောင် လေ့လာသင့်ပါတယ်။ တကယ်ကျွမ်းကျင်လို့ ပညာရှင်အဆင့် ရောက်လာခဲ့မယ်ဆိုရင် ဆိုက်ကားလည်း နင်းစရာမလိုပါဘူး ရေစည်လှည်းလည်းတွန်းစရာမလိုပါဘူး ပဲပြုတ်လည်းရောင်းစရာမလိုပါဘူး။ တကယ့် အနှစ်ကိုမြင်အောင် မလေ့လာနိုင်ရင်တော့ ကျွန်တော့်ဆီကို ဆက်သွယ်လိုက်ပါ လူကြမ်းနေ့စား တရက် ၅၀၀၀ ပေးပါ့မယ် ခင်ဗျာ..

From: ကိုရင်သူ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...