Thursday, 11 September 2014

မြန်မာနိုင်ငံ နှင့် စစ်အစိုးရ လက်ထက် အရှုပ်တော်ပုံများ ( ၁ )


ကျွန်တော် ဟာ ၂၀၁၂ လောက်ကတည်းက …
ဖေ့စ်ဘုတ်မှာ ...
နိုင်ငံရေး နဲ့  ဆိုင်တဲ့  စာတိုပေစလေးတွေ …
တစိုက်မတ်မတ် ရေးလာတယ်လို့  ဆိုနိုင်ပါတယ် ….

ဘာလို့ ရေးခဲ့သလဲ …
ဘာတွေရေးခဲ့သလဲဆိုတာကတော့ …
ကျွန်တော့်စာတွေကို ….
တောက်လျောက်ဖတ်လာတဲ့ သူတွေ အဖို့  …
အတော်များများလဲ …
သိသင့်သလောက် သိနေကြပါပြီ….

တစ်ချို့ ကလဲ အခုအထိကို …
ကျွန်တော့် ဆိုလိုရင်းကို …
နားမလည်နိုင်ကြသေးပါဘူး …..

လက်ရှိ ကျွန်တော့်ရဲ့ နိုင်ငံရေးအယူအဆကို …
ဒီဆောင်းပါးလေးနဲ့ အပိုင်းသုံးပိုင်းခွဲ….
ပြန်အကျဉ်းချုပ်ပြီး ဖော်ပြပါရစေ….

ပထမပိုင်းမှာ …
၁၉၄၈-၁၉၈၈ ကာလ …
ဒုတိယပိုင်းမှာ …
၁၉၈၈-၂၀၁၀ ကာလ …
တတိယပိုင်းမှာ …
လက်ရှိ နိုင်ငံရေးအခင်းအကျင်း ..
စတာတွေကို ဖော်ပြရေးသားချင်ပါတယ် …

ပထမပိုင်း ( ၁၉၄၈ - ၁၉၈၈ )
================

၁။ ကျွန်တော်တို့  နိုင်ငံဟာ …
ပထ၀ီအနေအထား နဲ့  သမိုင်းကြောင်းအရ ….
မညီမညွတ် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး…
လွတ်လပ်ရေး မရခင်ကတည်းက …
စစ်ဖြစ်ဖို့ တာစူနေပြီး ဖြစ်ပါတယ် …
ဒီစစ်ကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ပါဘူး …

၂။ လွတ်လပ်ရေး ရပြီး သုံးလအကြာမှာ …
၁၉၄၈ မတ်လမှာ ကွန်မြူနစ်ပါတီ စပြီးတောခိုပါတယ် …
တပ်မတော်က တပ်ရင်းတစ်ချို့ လဲ ပါသွားပါတယ် …
ဦးနု ရဲ့  နုမူ ၁၄ ချက်ကြောင့် …
ပြည်သူ့ ရဲဘော်အဖွဲ့ နှစ်ခြမ်းကွဲသွားပြီး …
တဖွဲဖွဲ နဲ့  တောခိုစ ပြုလာပါတယ် ….
ဇူလိုင်လမှာ တော့ ….
သထုံကို ကရင်စစ်ရဲတပ်တွေက စသိမ်းလိုက်ပါတယ် …
သြဂုတ်မှာ သထုံခရိုင်တစ်ခုလုံး သိမ်းခံလိုက်ရပါတယ် …
အဲဒီနောက်မှာတော့ …
အနှစ်၆၀ကျော် ပြည်တွင်းစစ်ကြီး စဖြစ်ပါပြီ ….

၃။ ဦးနု အစိုးရလက်ထက် မှာ …
တိုင်းပြည် အရမ်းချမ်းသာ တိုးတက် ခဲ့တယ် ဆိုရင် …
ကျွန်တော် လုံးဝ ( လုံးဝ ) လက်မခံနိုင်ပါ …
အာရှမှာ အဆင့်ဘယ်လောက် …
တက္ကသိုလ်က ဘယ်လို …
လေဆိပ်က ဘယ်လို စသဖြင့် …
မစားရ ၀ခမန်းပြောနေတဲ့  သူတွေဟာ …
တိုင်းပြည်တစ်ခုလုံး ရဲ့ အခြေအနေကို …
ပြန်ပြီး ခြုံငုံလေ့လာဖို့ လိုပါတယ် ….

တစ်ပြည်လုံးမှာ တက္ကသိုလ် ဘယ်နှစ်ခုရှိသလဲ …?
ဆေးရုံ ဘယ်နှစ်ခု ရှိခဲ့သလဲ …?
လူဦးရေ ရဲ့  ဘယ်နှစ်ယောက် စာသင်ကြားနိုင်လဲ …?
တစ်ပြည်လုံးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု …
ဘယ်လောက်ရှိခဲ့သလဲ … ?
ပြည်နယ်တွေမှာ တရားဥပဒေစိုးမိုးရေး ….
ဘယ်လိုအခြေအနေ ရှိနေခဲ့လဲ ….?
ဆန်စပါးထုတ်လုပ် တင်ပို့ နိုင်မှုဟာ …
၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အတွင်း …
တိုးတက်လာလား …?
တစ်စထက် တစ်စ ကျဆင်းသွားလား ?
ပြည်တော်သာ စီမံကိန်းဟာ အောင်မြင်ခဲ့သလား … ?
ကျရှုံးခဲ့သလား ….?
လမ်းပန်း ဆက်သွယ်ရေးဟာ တစ်နိုင်ငံလုံးနီးပါး …
ကောင်းမွန်ခဲ့သလား ပြတ်တောက်နေခဲ့သလား …?
မီးရထား နဲ့ သင်္ဘောတွေဟာ …
လက်နက်အပြည့်အစုံပါတဲ့  အစောင့်အရှောက်တွေနဲ့ မှ …
ပြေးဆွဲလို့ ရတာ ဟုတ်လား .. မဟုတ်ဘူးလား … ?
ဒါတွေကို မချွင်းမချန် အမှန်အတိုင်း …
လေ့လာသုံးသပ်ရဲဖို့  လိုပါတယ် …

ပြည်တွင်းစစ်ကြီး အကြီးအကျယ်ဖြစ် …
မန်းလေး မိတ္ထီလာလို မြို့ ကြီးတွေတောင် …
သိမ်းခံသွားရတဲ့  အခြေအနေမှာ …
တစ်ပြည်လုံးက တောင်သူလယ်သမားတွေဟာ …
စပါး အေးအေးလူလူ စိုက်ပြီး…
ပြည်ပတင်ပို့ ရောင်းချနေမယ် ဆိုတဲ့ အတွေးမျိုးဟာ …
အတော့်ကို စိတ်ပျက်ဖွယ်ကောင်းလွန်းပါတယ် …

ဆရာသန့် မြင့်ဦး ရဲ့  …
ခြေရာပျောက်မြစ် စာအုပ်မှာဖော်ပြထားချက်အရ …
ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုဟာ…
ပေါင်သန်း၅၀၀၀ကျော် လောက်ရှိခဲ့တယ်လို့  ဆိုပြီး…
အချို့ စာတမ်းတွေမှာတော့ …
တစ်ပြည်လုံး စိုက်ပျိုးဧရိယာ ၃၀ရာခိုင်နူန်းဟာ …
စစ်ကြောင့် ပျက်စီးသွားခဲ့တယ်လို့  ဆိုပါတယ် …
ဆရာသန့် မြင့်ဦး ရဲ့ စာအုပ်မှာ …
အဲဒီခေတ် ရဲ့ အခြေအနေကို အထင်ဟပ်ဆုံး …
စာပိုဒ် တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါတယ် ….

ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း နဲ့  …
တိုင်း မဂ္ဂဇင်း ရဲ့  အင်တာဗျူးပါ ….
ဦးကျော်ငြိမ်းကတော့ ခပ်ရှင်းရှင်းပဲ ပြောသွားခဲ့ပါတယ် …
ဘယ်သူမဆို ….
လက်နက်အပြည့်အစုံနဲ့  လူ၃၀၀ လောက်ရှိရင် …
ရန်ကုန်က လွဲလို့  …
တစ်နိုင်ငံလုံး ကြိုက်တဲ့  ဘယ်မြို့ ကို မဆို ….
အချိန်မရွေး သိမ်းလိုက်လို့ ရတယ်လို့  ဆိုပါတယ် ….

ခြုံပြီးပြောရရင်တော့ …
ဦးနု လက်ထက် ….
တိုင်းပြည် ရဲ့  စီးပွားရေး အခြေအနေဟာ …
၁၉၄၈ လွတ်လပ်ရေး မရခင်ကထက် …
အများကြီး ထိုးဆင်းသွားခဲ့ တယ်လို့  ဆိုနိုင်ပါတယ် ..

၎။ ပြည်တွင်းစစ်မှာ …
အစိုးရက အသာစီးရစပြုလာတဲ့  အချိန်မှာ ….
တစ်လက်စတည်းဆက်ပြီး ရင်ဆိုင်ရတာက …
အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့  ….
တရုတ်ဖြူ ကျူးကျော်မှု ဖြစ်ပါတယ် …
၁၉၅၀ ခုနှစ် က အစပြုလာတဲ့ ဒီကျူးကျော်မှုကို …
မြန်မာ့တပ်မတော်က ၁၁ နှစ်လောက်…
အပြင်းအထန် တိုက်ခိုက် ခဲ့ရပါတယ် …

ဒီစစ်ဆင်ရေးတွေဟာ …
ရှမ်းပြည်နယ် မှာ အဓိကဖြစ်ပွားခဲ့ပြီး …
ရှမ်းပြည်နယ် တစ်ခုလုံး ….
စစ်ဒဏ် အပြင်းအထန် သင့်ခဲ့ရပါတယ် …
အဆိုးရွားဆုံးကတော့ …
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ..
အဲဒီဒေသမှာ အခုအချိန်အထိ ….
အမြစ်တွယ် အရိုးစွဲသွားခဲ့တာပါပဲ ….

၅။ ၁၉၆၂ ခုနှစ်မှာ …
တော်လှန်ရေးကောင်စီ က အာဏာသိမ်းလိုက်ပါတယ် ….
ဒီ အာဏာသိမ်းမှု ဖြစ်ရတဲ့ ကိစ္စဟာ …
အတိုက်အခံ အုပ်စုတွေ တွင်တွင်စွပ်စွဲနေသလို …
ဦးနေ၀င်းဟာ အာဏာရူးပြီး အာဏာသိမ်းခဲ့တယ်လို့  …
ကျွန်တော် မယူဆပါဘူး ….
နောက်ပိုင်းမှာတော့ …
ဘယ်သူ့ အကြံပေးချက်ကိုမှ လက်မခံဘဲ …
အာဏာရှင် ဆန်သွားခဲ့တယ် ဆိုရင်တော့ လက်ခံပါတယ် …

အဓိကကတော့ တိုင်းပြည်ကို ကောင်းအောင်လုပ်ဖို့  ကြိုးစားရင်း ….
မူဝါဒ အမှားတွေ နည်းလမ်းအမှားတွေ ….
ထပ်ဆင့်ထပ်ဆင့် မှားကာ….
သူ့ ဇာတ်သူ မနိုင်တော့တဲ့  အခြေအနေကို ….
ရောက်သွားခဲ့တာလို့  ကျွန်တော် သုံးသပ်မိပါတယ် ….

အာဏာသိမ်းအစိုးရကို …
ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေဟာ…
ဗြိတိန် ၊ အိန္ဒိယ နဲ့  …
အာရပ်စော်ဘွားများ ပြည်ထောင်စု ဖြစ်ပါတယ် …
ဒုတိယ မတ်လ ၆ ရက်နေ့ မှာ…
အမေရိကန် ၊တရုတ် ၊ပါကစ္စတန် တို့ က …
အသိအမှတ်ပြုပါတယ် …
ယိုးဒယားက တော့ ….
ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာပါ လှမ်းပို့ ခဲ့ပါတယ် ….

ကျွန်တော့်  အယူအဆအရ …
အာဏာသိမ်းရတဲ့  ပထမအချက်ဟာ …
ပြည်နယ်တွေ ခွဲထွက်ဖို့ ကြိုးစားတဲ့  လှုပ်ရှားမှုတွေကို …
စိုးရိမ်လာတဲ့  အတွက် ဖြစ်ပါတယ် ….

ဒီနေရာမှာ ခွဲထွက်မယ် မထွက်ဘူး ….
အငြင်းပွားနေကြတာတွေ ရှိနေကြပေမယ့် ….
ခွဲထွက်ဖို့ လိုလားတဲ့  …
ခွဲထွက်ဖို့  ကြိုးစားခဲ့ကြတဲ့  …
လက်နက်ကိုင် အုပ်စုတွေရော …
နိုင်ငံရေးသမားတွေပါ ရှိခဲ့တာကတော့ …
အထင်အရှားပဲ ဖြစ်ပါတယ် ….

ဘာပဲဖြစ်ဖြစ် တပ်က ခေါင်းဆောင်ပိုင်းတွေကတော့…
ပြည်နယ်တွေက နိုင်ငံရေးသမားတွေဟာ ….
ခွဲထွက်ဖို့ ကြိတ်ကြံစည်နေကြတယ်လို့  ….
ယူဆစရာ အကြောင်းတွေက ရှိနေခဲ့ကြပါပြီ ….

ဒုတိယ ရည်ရွယ်ချက်ကတော့ …
ပထမပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်….
မရရင်လဲ ကိုယ့်လက် ကိုယ့်ခြေ နဲ့  …
အပြတ်တိုက်လိုတဲ့  သဘောရှိပါတယ် ….
၁၉၆၃ ဧပြီ ၁ရက်နေ့ မှာ …..
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်လိုက်ပြီး ….
ငြိမ်းချမ်းရေးဆွေးနွေးဖို့  …
တောတွင်းအဖွဲ့ တွေကို စဖိတ်ခေါ်ပါတယ် ….
ကရင်တော်လှန်ရေးကောင်စီ နဲ့  လက်မှတ်ထိုးနိုင်ခဲ့တာကလွဲလို့  …
ကျန်တဲ့  အဖွဲ့ တွေ နဲ့  မအောင်မြင်ခဲ့ပါဘူး ….

အဲဒီနောက်မှာတော့ တော်လှန်ရေးကောင်စီဟာ ….
ပြည်တွင်း သောင်းကျန်းမှုကို …
အမြစ်ပြတ် ချေမှုန်းဖို့ သာ
ကြိုးစားလာပါတော့တယ် …

ဒီရည်မှန်းချက်ဟာ …
အစပိုင်းမှာ အောင်မြင်ခဲ့ပါတယ် …
ပဲခူးရိုးမ ဗဟို ပြိုကွဲသွားပြီး …
ဗကပ ခေါင်းဆောင်တွေ အားလုံးကို …
ကောက်သင်းကောက် ….
လိုက်ကောက်နိုင်နေပြီ ဖြစ်တဲ့ အနေအထားပါ …
ဒါပေမယ့် ဒါဟာ …
ပြည်ပစွက်ဖက်မှုတွေရဲ့ အောက်မှာ …
အဆုံးသတ် ဇာတ်သိမ်းသွားခဲ့ပါတယ် …

၁၉၆၆ ခုနှစ်မှာ …
တရုတ်မှာ ယဉ်ကျေးမှုတော်လှန်ရေး စပါတယ် …
ပြောင်းလဲသွားတဲ့  တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒအရ …
ဗမာပြည် ကွန်မြူနစ်ပါတီကို စပြီး အကူအညီပေးပါတယ် …
၁၉၆၇ ရန်ကုန်မှာ တရုတ်-ဗမာ အရေးအခင်းဖြစ်ပါတယ် …
တရုတ် -မြန်မာ ဆက်ဆံရေး အရမ်းတင်းမာနေပါပြီ …
၁၉၆၈ မှာ တရုတ်တပ်တွေပါတဲ့  …
ဗကပ အရှေ့ မြောက် ဗဟိုဟာ …
မုံးကိုးကို စတိုက်ပါတော့တယ် ….
ဒီတိုက်ပွဲစဉ်တွေဟာ ၁၉၈၉ ခုနှစ် အထိ …
တောက်လျောက် ဆက်ဖြစ်နေတော့မှာပါ ….
ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့  ဒုတိယ ရည်မှန်းချက် …
မအောင်မြင်နိုင်တော့ဘူး ဖြစ်ပါတယ် …

အာဏာသိမ်းရတဲ့  တတိယ ရည်မှန်းချက်ဟာ …
နိုင်ငံခြားသားများ လက်ကို ကျရောက်နေတဲ့  ….
တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ရယူလိုတဲ့  …
သဘော ရှိဟန်တူပါတယ် ….

ဒီ ရည်မှန်းချက်ကို …
(က) အရင်းရှင် လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခြင်း
(ခ) ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ထူထောင်ခြင်း …
စတဲ့  လုပ်ဆောင်ချက် နှစ်ခုနဲ့  …
အကောင်အထည် ဖော်ပါတယ် ….
ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် …
နည်းလမ်းတွေ လွဲချော်ခဲ့တဲ့ အတွက် ….
မအောင်မြင်ဘဲ အဆုံးအရှုံး နဲ့ သာ ….
ရင်ဆိုင်ရပါတော့တယ် ….

၁၉၆၃ကနေ ၁၉၇၂ အတွင်း ….
ပြည်သူပိုင် သိမ်းလိုက်တဲ့  လုပ်ငန်းစဉ်တွေက ..
ဒါကို သက်သေပြပါတယ် …
ဒီ ပြည်သူပိုင် သိမ်းလိုက်တဲ့ လုပ်ငန်းတွေ နေရာမှာ …
ကုန်သွယ်ရေး ကော်ပိုရေးရှင်း ၂၂ ခု ဖွဲ့ စည်းပြီး …
ကုန်ထုတ်လုပ် ဖြန့် ဖြူးဖို့ ကြိုးစားခဲ့ပေမယ့် ….
မအောင်မြင်ခဲ့ဘဲ …
မှောင်ခိုဈေးကွက်ကိုသာ ဖြစ်ပေါ်စေခဲ့ပါတယ် ….

တစ်ခါ …
အရင်းရှင် ကုန်သည်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ….
၁၉၆၄မှာ ငါးဆယ်တန် နဲ့  တစ်ရာတန်တွေကို ….
တရားမ၀င်ကြေငြာခဲ့ပါတယ် …
ဒီပမာဏဟာ ပြည်တွင်းသုံးစွဲနေတဲ့  ငွေကြေး …
၂၇ ကုဋေကို လျော့ကျသွားစေတယ်လို့ …
အစိုးရ ကြေငြာချက်မှာ ဖော်ပြထားပါတယ် …
ဒီကိစ္စဟာ အရှင်းရှင်တွေကို …
ထိခိုက်သင့်သလောက် ထိခိုက်ခဲ့ပေမယ့် …
ပြည်သူတွေကိုလဲ ရောယောင် ထိခိုက်ခဲ့ပါတယ်….

၁၉၈၇ ခုနှစ် မှာ ထပ်ပြီး …
ငွေစက္ကူတရားမ၀င် ကြေငြာချိန်မှာတော့ …
လူထုက အစိုးရအပေါ် …
အယုံအကြည် လုံးဝ မရှိသလောက် ….
ဖြစ်လာတော့တာပါပဲ …

စတုတ္ထ ရည်မှန်းချက်ကတော့ …
တရားစီရင်ရေး စနစ်ကို ပြင်ဆင်ဖို့ ကြိုးစားတာပါ …
ကောင်းတာတွေ ရှိသလို ဆိုးတာတွေလဲ ဖြစ်ခဲ့ပါတယ် …
စနစ်ဟာ လယ်သမား အလုပ်သမားတွေကို ….
ဦးစားပေးတဲ့ စနစ် ဖြစ်လို့  …
လယ်ယာမြေ ဝေခြမ်းရေး အစီအစဉ် …
လယ်လုပ်သူသာ လယ်ပိုင်ခွင့်ရှိသည် ဆိုတဲ့  …
ဥပဒေမျိုး ကို စထုတ်ပါတယ် …
လယ်သမားတွေ အနေချောင်လာပေမယ့်  …
လယ်ပိုင်ရှင်ကြီးတွေ အထိနာကုန်ပါတယ် …

၁၉၆၃ တောင်သူလယ်သမား အခွင့်အရေး …
ကာကွယ်ရေး အက်ဥပဒေအရ …
လယ်သမားတွေလုပ်ကိုင်နေတဲ့  …
လယ်ယာ ၊ကျွဲနွား၊ထွန်တုံး ၊ ထွန်စက် စတာတွေကို …
ဝရမ်းကပ်လို့ မရ ၊ သိမ်းလို့ မရ ဆိုတဲ့  အတွက် …
လယ်ပိုင်ရှင်တွေ ထပ်ပြီးအထိနာပါတယ် …

တစ်နည်းပြောရရင် …
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ …
အထိနာကုန်တာဖြစ်ပါတယ် …
လယ်သမားတွေ ချောင်လည်သလိုလို ဖြစ်သွားပေမယ့် …
ရေရှည်မှာတော့ ...
ပြသနာ ပြန်တက်လာတော့တာပါပဲ …
လယ်သမားတွေကို ထုတ်ချေးတဲ့  …
စိုက်ပျိုးစားရိတ်ကြွေးကျန်ဟာ …
၁၉၆၆-၆၇ ခုနှစ်မှာ …
ကျပ်သန်းပေါင်း ၃၉၈သန်းကျော် ကျန်ရှိနေတာကိုထောက်ရင် …
လယ်သမားတွေရဲ့ ဘ၀ဟာလဲ တိုးတက်မလာခဲ့ပါဘူး ….

အလုပ်သမား၊လယ်သမား နှီးနှောဖလှယ်ပွဲတွေ …
အများကြီးကျင်းပခဲ့ပါတယ် …
အလုပ်သမား လယ်သမားတွေကို ဦးစားပေးတဲ့  ဥပဒေတွေ …
အများကြီး ထုတ်ပြန်ခဲ့တာလဲ အမှန်ပါ …

ဒါပေမယ့် အဓိက ပြသနာဟာ ..
တိုင်းပြည်စီးပွားရေးကို တိုးတက်လာအောင် …
မလုပ်နိုင်တာပဲ ဖြစ်ပါတယ် …
ကျန်တာ ဘယ်လောက်အဆင်ပြေပြေ …
စားဝတ်နေရေး ကျပ်တည်းလာတဲ့  အခါ …
အလုပ်သမား ၊လယ်သမားတွေကလဲ …
မဆလ အစိုးရကို အကောင်းမမြင်နိုင်ကြတော့ပါဘူး ….

၁၉၆၂-၁၉၈၈ အတွင်းမှာ …
ဆိုရှယ်လစ်စနစ် သဘောအရ …
ပြည်သူပိုင် စီးပွားရေးကိုပဲ ဦးစားပေးပြီး …
ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို …
လုံးဝ အားမပေး ဖိနှိပ်တဲ့ အတွက် …
ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတစ်ခုလုံး …
ရစရာ မရှိအောင် ပျက်စီးခဲ့ရပါတယ် ….

ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ ပျက်စီးတဲ့ အတွက် …
အလုပ်လက်မဲ့  ပြသနာကလဲ မြင့်တက်လာခဲ့ပါတယ် …
လူထုရဲ့ အထွေထွေ မကျေနပ်မှုကလဲ …
တောက်လျောက် မြင့်တက်လာခဲ့ပါတယ် ….

တံခါးပိတ်ဝါဒ ဖြစ်တဲ့အတွက် …
ပြည်တွင်းမှာ လဲ လုံလောက်အောင်မထုတ်လုပ်နိုင် …
ပြည်ပကသွင်းဖို့  ကလဲ နိုင်ငံခြားငွေက မရှိ နဲ့  …
၁၉၈၈ အရောက်မှာတော့ …
ဆိုရှယ်လစ် စနစ်လဲ မအောင်မြင် ….
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေလဲ …
ဘာတစ်ခုမှ ကြီးကြီးမားမား မကျန်ရှိတော့ပါဘူး ….

တစ်ခုပြောစရာ ရှိတာကတော့ …
လာဘ်ပေး လာဘ်ယူ ကိစ္စတွေဟာ …
အဲဒီခေတ်ကာလ အချိန်က …
အံသြစရာကောင်းလောက်အောင် နည်းပါးပြီး ….
လုံးဝနီးပါး မရှိသလောက် ဖြစ်ခဲ့တာပါပဲ …. ။ ။



( ဒုတိယပိုင်း ဆက်တင်ပါမည် )
 
From: ( ရဲမိုး )

www.mmdailystar.com

1 comments:

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...