Monday, 15 September 2014

တပတ်အတွင်း သတင်းကောက်နုတ်ချက်

အဆက်အသွယ်ပြတ်နေသည့် တောင်တက်သမားနှစ်ဦး ကူညီရှာဖွေရန် တရုတ်တောင်တက်အဖွဲ့ရောက်ရှိ

အဆက်အသွယ်ပြတ်နေသည့် ခါကာဘိုရာဇီတောင်ထိပ်ရောက် အဖွဲ့ဝင်နှစ်ဦးကိုရှာဖွေရာတွင် ကူညီမည့် တရုတ်နိုင်ငံမှ ကျွမ်း ကျင်တောင်တက်သမားအဖွဲ့ဝင် ကိုးဦးပါဝင်သော အပြာရောင် မိုးကောင်းကင်အမည်ရှိ အကြီးဆုံးအရပ်သားရှာဖွေကယ်ဆယ် ရေးအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက်ကရောက်ရှိလာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့်ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ခါကာဘို ရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီတွင် အောင်မြင်စွာရောက်ရှိပြီးနောက် အဆက်အသွယ်ပြတ်တောက် သွားခဲ့ခြင်းဖြစ်သည်။

ကန်ထရိုက်တိုက်များ အရည်အသွေးညံ့ဖျင်းကြောင်း တိုင်ကြားမှုမြင့်လာ

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်းများ အရည်အသွေးညံ့ဖျင်းမှုများရှိနေသဖြင့် စည်ပင်သာယာသို့လာရောက်တိုင်ကြားမှုနှုန်းမြင့်တက် လျက်ရှိသောကြောင့်  စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက် အအုံဌာနမှ ဌာနမှူးဦးသန်းဌေးက ပြောသည်။ အဆိုပါ စစ်ဆေးမှုတွင် အထူးသဖြင့် အမည်ပျက်စာရင်းဝင်သွားသည့် ကန်ထရိုက်တာ များ၊ နောက်ပိုင်းတည်ဆောက်လျက်ရှိသည့်တိုက်များကို ကြပ်မတ်စစ်ဆေးနေသည်ဟုဆိုသည်။ ပြီးခဲ့သည့် ၂၀၁၂ မှ ၂၀၁၃ အထိ အစိုးရက အဆောက်အအုံပေါင်းလေးထောင်ကျော်ခွင့်ပြုခဲ့ပြီး ယခုနှစ် ဧပြီမှ ဇွန်လအထိ နှစ်ထောင်ကျော်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ရည်းစားစကားပြောသည်ကို ငြင်းပယ်၍ ရှစ်တန်းကျောင်းသူကို ရေနှစ်သတ်

တောင်ငူမြို့နယ် လယ်ဘူးကျေးရွာအုပ်စုအတွင်း စက်တင်ဘာ ၁၂ ရက်က ကျောင်းမှ မိုင် ၄၀ ခန့်ကွာဝေးသောနေအိမ်သို့ပြန်လာ သည့် အသက် (၁၃)နှစ်အရွယ် ကျောင်းသူတစ်ဦးကို လမ်းတွင် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ရည်းစားစကား ပြော ဆိုခဲ့ရာကျောင်းသူကဆဲဆို ပြီး ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ၎င်းအမျိုးသားမှ ကျောင်းသူကို ဆွဲခေါ်ပြီး ရေမြောင်းအတွင်း ငါး မိနစ်ခန့်ကြာရေနှစ်သတ်ခဲ့သောကြောင့် ၎င်းအား တောင်ငူမြို့ အမှတ်(၂)ရဲစခန်းတွင် လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးချုပ် နှောင်ထားကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲမကျင်းပတော့

ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပရန်လျာထားသောကြား ဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ကြောင်း စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီပေါင်း ၃၅ ခုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ ၌ ထည့်သွင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ မပြုလုပ်ရခြင်းသည် လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင် မည့် ကိစ္စအပါအဝင် ရွေးကောက် ပွဲစနစ်အတွက် လေ့လာသုံးသပ်မှုများဖြင့် အလုပ်များနေသည့် အပြင် ကြားဖြတ်ရွေးကောက်ပွဲပြု လုပ်ခြင်းဖြင့် လွှတ်တော်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်နိုင်ခြင်းမရှိ၍ ဥက္ကဋ္ဌတစ်ဦး၏ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်ကြေးတိုးကောက်

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို လိုင်စင်အာမခံကြေးစပေါ်ငွေ တိုးမြှင့်ကောက်ခံ မည်ဖြစ်ကြောင်း အလုပ်သမားဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ လိုင်စင်ရအေဂျင်စီအချို့မှာ ယခုနောက်ပိုင်းတွင် စည်းကမ်းချိုး  ဖောက်မှုများရှိပြီး လိမ်လည်မှုရှိ ခြင်းကြောင့် လိုင်စင်အာမခံကြေး စပေါ်ငွေကို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုအခါ အေဂျင်စီ အသင်းချုပ်က လိုင်စင်ရအေဂျင်စီ များကိုလိုင်စင်ကြေးတိုးမြှင့်ကောက်ရန်အတွက် ပြန်လည်ညှိနှိုင်းဆွေးနွေးကာ သဘောထားကောက်ခံလျက်ရှိကြောင်းသတင်းရရှိသည်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်

မြန်မာ့တပ်မတော်၏ အရေးပါသော ထိပ်ပိုင်းရာထူးအချို့ကို စက်တင်ဘာ ၈ ရက်က အပြောင်း အလဲပြုလုပ်ခဲ့သည်။ စစ်ဦးစီးအရာရှိချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးအား စစ်ဘက်ရေး ရာလုံခြုံရေးအရာရှိချုပ်နှင့် စစ် ဆင်ရေးအထူးအဖွဲ့မှူး (ကစထ မှူး)အဖြစ် ပြောင်းလဲတာဝန်ပေး အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၏နေရာကို စစ်ဘက်ရေး ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေအား တာဝန်ပေးခဲ့ပြီး ကစထမှူးအဖြစ် ပူးတွဲတာဝန်ယူစေခဲ့သည်။ စစ် ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ခင် ဇော်ဦးအား စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကာ ၎င်း၏နေရာကို ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ဆန်းဦးအားရာထူးတိုးမြှင့်တာဝန်ပေးခဲ့သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင်အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ပေးအပ်ခဲ့ကာတပ်မ (၆၆) တပ်မမှူးဗိုလ်ချုပ်ဝင်း ဘိုရှိန်အား ၎င်း၏နေရာတာဝန်ပေးအပ်ခဲ့သည်။

ထိုင်းအစိုးရဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

ထိုင်းနိုင်ငံ အာဏာသိမ်းစစ်ခေါင်း ဆောင်ဟောင်းဖြစ်ပြီး လက်ရှိတွင် ဝန်ကြီးချုပ်တာဝန်ယူထားသည့် ပရာယွတ်ချန်အိုချာသည် ဝန်ကြီး ချုပ်တာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာမည့်အောက်တိုဘာတွင် လာရောက်မည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများ၌ ခေါင်းဆောင်သစ်တက်ပြီးနောက် အိမ်နီးချင်းနိုင်ငံ များသို့ လည်ပတ်သည့်ထုံးတမ်း စဉ်လာအရ အိမ်နီးချင်းနိုင်ငံဖြစ် ပြီး အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် မြန်မာနိုင်ငံသို့ ဦးစွာလာ ရောက်ခြင်းဖြစ်သည်။

ဂျော့ဘုရင်(၂)အား အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ မြန်မာသို့ပြန်ပေး

မြန်မာဘုရင်အလောင်းမင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင် ပါယာ၏ ဒုတိယမြောက်ဂျော့ ဘုရင်ထံသို့ တန်ဖိုးကြီးမားသော ပတ္တမြား ၂၄ လုံး၊ ရွှေစင်ရွှေသား ဖြင့်ပြုလုပ်ထားသည့် ရွှေပေလွှာ ဒစ်ဂျစ်တယ်မိတ္တူကို ဂျာမနီ-မြန်မာ သံတမန်ဆက်ဆံရေးနှစ် (၆၀) အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည်။ ရွှေပေလွှာဒစ်ဂျစ်တယ် မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြ ၍ နေပြည်တော်ရှိ အမျိုးသားပြ တိုက်တွင် ပြသထားမည်ဖြစ်သည်။

တစ်နှစ်ကျော်ကြာ လစ်လပ်နေသည့် တိုင်းနှင့် ပြည်နယ်ဒုတိယတပ်ဖွဲ့မှူးများပြန်ခန့်

ပဋိပက္ခနှင့် အကြမ်းဖက်မှုကိုင်တွယ်ရာတွင် အစဉ်ဝေဖန်ခံနေရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တစ်နှစ်ကျော်ကြာမခန့်အပ်ဘဲ လစ်လပ်နေသော တိုင်းနှင့်ပြည် နယ်ဒုတိယတပ်ဖွဲ့မှူးနေရာများ တွင် ရဲမှူးကြီး ၂၁ ဦးအား တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေ အနေအရ ခန့်အပ်လိုက်သည်။ အဆိုပါရာထူးမှာ တိုင်းနှင့်ပြည် နယ်တွင် ဒုတိယလုပ်ပိုင်ခွင့်အရှိ ဆုံးရာထူးဖြစ်ပြီး ယင်းအပေါ်တွင် တပ်ဖွဲ့မှူးတစ်ဦးသာရှိတော့သည်။
From:7day


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...