Sunday, 7 September 2014

သတိထားရတော့မယ့် ကလေးသူငယ် လိင်ခရီးသွားလုပ်ငန်း




လက်ဖက်ရည်ဆိုင်ရှေ့ရှိ ကွမ်းယာဆိုင်မှ ခပ် ရွယ်ရွယ် အမျိုးသမီး နှစ်ဦးသည် စူးရိုင်းသော မျက်လုံး များဖြင့် သူတို့ကိုကြည့်နေ၏။ တစ်ဦးက ခါးထောက်ထား၏။ ဆိုင်တွင်းရှိ အခြားသော စားပွဲ တွင် ထိုင်နေကြသူများလည်း အလားတူပင်။

သူတို့တစ်တွေ အာရုံစူးစိုက် ကြည့်နေကြသည်မှာ အခြား မဟုတ်။ အသက်(၇၀)ခန့် နိုင်ငံခြားသားအဘိုးကြီးတစ်ဦးက(၁၃) နှစ်အရွယ် ကလေးမလေးနှင့်အတူတွဲထိုင်နေ၍ဖြစ်သည်။

ထိုနိုင်ငံခြားသားအဘိုးကြီး ၏ ညာလက်သည် ကလေးမလေး ၏ ထိုင်ခုံနောက်မှီကို အပြည့်တင် ထားကာ ကိုယ်ကိုလည်း ကလေးမလေးဘက်သို့ ယိုင်ထား၏။

ကလေးမလေးက ကိုယ်ကို ယို့ကာ အရှေ့သို့ တိုးထိုင်နေရင်း လက်ထဲက ဇွန်းကလေးဖြင့် သူမ ရှေ့မှ လက်ဖက်ရည်ပန်းကန်ကို အဓိပ္ပာယ်မဲ့ ထပ်ခါထပ်ခါ မွှေနေ လေသည်။ ကလေးမလေးမှာ အထက်မြန်မာပြည်တွင် တွေ့ရ တတ်သော သာမန်(၁၃)နှစ်သမီး လေးများအတိုင်းပင်။ အရပ်မနိမ့် မမြင့်၊ ကိုယ်ခန္ဓာသေးသေးသွယ် သွယ်နှင့် သူမ၏ ဆံပင်နီကြောင် ကြောင်လေးများကို သပ်ရပ် အောင် ကြိုးစားပြီး စည်းနှောင် ထားသည်။

မျက်နှာတွင် သနပ်ခါးထူထူ လူးထားပြီး သစ်ရွက်ပုံ ပါးကွက် တင်ထားလေသည်။ မိမိအိမ်မှာ ရှိသော အသစ်လွင်ဆုံး၊ အကောင်းဆုံး အ၀တ်အစားကို ၀တ်ဆင်လာ ပုံ ရှိသော်လည်း ကလေးမလေး ၏ မျက်နှာသည် နွမ်း၏။ ညှိုး၏။ ရှက်ဟန်၊ စိတ်ကျဉ်းကျပ်ဟန်ပေါ် ၏။ ထိုစဉ်တွင် ကျောင်းဆင်းလာ သည့် အဖြူ၊ အစိမ်းဝတ် ကျောင်းသူ၊ ကျောင်းသားလေးများသည် လက်ဖက်ရည်ဆိုင်ရှေ့မှ အုပ်စု လိုက် ဖြတ်လျှောက်သွားကြ၏။

ကလေးများ၏ တခစ်ခစ် ရယ်သံ၊ စနောက်သံ၊ ပြေးလွှားသံ တို့ဖြင့် လမ်းမထက်တွင် စီစီညံ ၏။ ကလေးမလေးသည် သူမနှင့် ရွယ်တူ ကျောင်းသူ၊ ကျောင်းသား ကလေးများကို ငေးကြည့်နေ၏။

သူမ၏ မျက်လုံးကလေးများ သည် ဖျတ်ခနဲ တဖျပ်ဖျပ်လက် သွားပြီး ချက်ချင်းပြန်လည် ဖျော့ မှိန်သွား၏။ ကျောင်းသူ၊ ကျောင်း သားကလေးများကလည်း နိုင်ငံ ခြားသားကြီးနှင့် တွဲထိုင်နေသော သူတို့နှင့် ရွယ်တူကလေးမလေး ကို ၀ိုင်းကြည့်ကြ၏။ အချင်းချင်း လက်ညှိုးထိုးပြကြ၏။ တီးတိုးဆို ၏။ ပြီး တခစ်ခစ် ရယ်မောကြ ပြီး ရှေ့ဆက်လျှောက်သွားကြ ကာ စက္ကန့်ပိုင်းအတွင်း ထိုအ ကြောင်းအရာသည် သူကလေးတို့ ၏ ခေါင်းထဲတွင် မရှိတော့ချေ။ ကလေးမလေး အဖို့ကား နာကျင် ကာကျန်ခဲ့ပုံရလေသည်။

အရွယ်တူ ကလေးငယ်များ ကျောင်းတက်နေချိန်တွင် ကြီးစွာ သော မိသားစုဝန်ထုပ် ၀န်ပိုးကြီး ကြောင့် နိုင်ငံခြားသားကြီးအား ဧည့်ထောက်ခံနေရသည့် သူမ ကိုယ်သူမ ၀မ်းနည်းနေမည်လား မသိပေ။

ပုဂံမြို့တွင် ထိုသို့သော မြင် ကွင်းမျိုးက မထူးဆန်းတော့ပြီ။ အလားတူ ကမ္ဘာလှည့်ခရီးသွား များ ၀င်ထွက်သွားလာနေသော မြန်မာပြည်၏ အခြားမြို့များတွင် လည်း အလားတူ အဖြစ်အပျက် များ မြင်တွေ့ရလွန်းချေပြီ။

ရန်ကုန်မြို့လယ်တွင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မြင်တွေ့ခဲ့ရသည်မှာ မြန်မာခရီး သွားလုပ်ငန်း ပြန်လည်စန်းထ လာခဲ့သည့် ၂၀၁၁ ခုနှစ်လောက် ကပင် ဖြစ်သည်။

ထို အဖြစ်အပျက်သည် ကျွန်မတို့အား မြန်မာပြည်ခရီး သွားလုပ်ငန်း တိုးတက်လာမှု၏ ဘေးထွက်ဆိုးကျိုး တစ်ခုအား မီးမောင်းထိုးပြနေသကဲ့သို့ပင်။ မကြာမီပင် ကျွန်မတို့ မြန်မာပြည် မှာ Child Sex Tourism (ကလေး သူငယ်လိင်ခရီးသွားလုပ်ငန်း) ကူးစက်လာချေတော့မည်လားဟု တွေးတောမိလေသည်။

ထိုကဲ့သို့ စိုးရိမ်ရခြင်းမှာ လည်း အခြားသော ဆက်စပ်နေ သည့် အကြောင်းအရာများ ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူငယ်များ တွင် အလုပ်လက်မဲ့နှုန်းမြင့်မားနေ ခြင်းတို့ကြောင့် ဖြစ်သည်။ ၀မ်း ရေးအတွက် ကောင်းရာမွန်ရာ လုပ်ကိုင်စားသောက်ကြသော် လည်း အဆင်မပြေကြသဖြင့် ရရာ အလုပ်လုပ်ကိုင်ရာမှ အမျိုးသမီး ငယ်အချို့ ကေတီဗီနှင့် အနှိပ် ခန်းများသို့ ရောက်သွားကြသည် မှာ ယခုအချိန်ထိပင် ဖြစ်သည်။

ကျွန်မတို့ရှေ့တွင် နမူနာ များစွာ တွေ့ခဲ့ရပြီးလေပြီ။ အထူး သဖြင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီး ယားနိုင်ငံတို့တွင် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နာမည်ကြီးလှသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သည် အရွယ်မရောက်သေးသော ကလေးငယ်များစွာ၏ ဘ၀ကို Child Sex Tourism အနေအ ထားသို့ တွန်းပို့ခဲ့သည်။

ထိုင်းနိုင်ငံ၏ လူကြားသူ ကြားတွင် ထူးပြီးမဆန်းလှသည့် လိင်ဇာတ်လမ်း များစွာတွင် အသက်မပြည့်သေးသော ကလေးငယ် လိင်လုပ်သားများစွာသည် နိုင်ငံအနှံ့အပြားတွင် အလုပ်လုပ် ကိုင်နေကြလေသည်။ အချို့ထိုင်းနိုင်ငံ၏ လိင်လုပ်သား ကလေး ငယ်များသည် ဆင်းရဲသော အိမ်နီးချင်း နိုင်ငံများမှ ၀င်ရောက်လာ ခြင်း ဖြစ်သည်။

အဓိကသူတို့၏ ဖောက် သည်များမှာ ကမ္ဘာလှည့်ခရီးသည် များ (လိင်ခရီးသွားတိုးရစ်များ-Travelling Sex Offenders) ဖြစ် လေသည်။

အများအားဖြင့် ဆင်းရဲ သော နိုင်ငံများရှိ ကလေးလိင် လုပ်သားတို့သည် ဆင်းရဲလွန်း ခြင်း၊ အမြဲငွေလိုနေပြီး ပညာ မတတ်သော၊ ကျန်းမာရေး မကောင်းသော မိဘဆွေမျိုးများ ကို လုပ်ကိုင်ကျွေးမွေးနေရခြင်း၊ ပတ်ဝန်းကျင်၏ လျစ်လျူရှုခံရ ခြင်းစသည့် တူညီသော အခြေခံ အချက်များ နောက်ခံအကြောင်း များကြောင့် ယင်းဘ၀သို့ ရောက်ရှိကြရလေသည်။

ထို့အပြင် အချို့သော ကလေးငယ်များမှာ မိဘများ၏ ကြွေးမြီတို့ကို ဆပ်ပေးရန် အလို့ ငှာလမ်းပေါ်ရောက်ခြင်း၊ ရောင်း စားခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ ရသည်။ လိင်လုပ်သားကလေး ငယ် တစ်ဦးသည် တစ်နေ့လျှင် အရွယ်ရောက်သူ ၃၀ ခန့်အထိနှင့် ပင် အလုပ်အကျွေးပြုနေကြရပြီး အချို့ ကလေးငယ်များသည် အသက် ငါးနှစ်ကျော်ကျော်အ ရွယ်မျှသာ ရှိကြသေးလေသည်။

ငွေကြေးဖြင့် ကလေးလိင် လုပ်သား(၀ါ) ကလေးလိင်ကျွန် အဖြစ် ခိုင်းစေခြင်းသည် ကမ္ဘာ ပေါ်တွင် လွန်စွာဆိုးရွားလှသော ရာဇ၀တ်မှု ဖြစ်လေသည်။

၁၉၉၆ ခုနှစ်က စတော့ဟုမ်း မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် ကမ္ဘာ့ညီလာခံက လည်း ငွေကြေးဖြင့် ကလေးလိင် လုပ်သား (၀ါ)ကလေးလိင်ကျွန် အဖြစ် ခိုင်းစေခြင်းကို ပြင်းထန် စွာ ဆန့်ကျင်ရှုတ်ချခဲ့လေသည်။

ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) အချက် အလက်များအရ ကမ္ဘာအနှံ့ လိင် လုပ်သားများမှာ ၁၂ ဒသမ ၃ မီလီယမ်ရှိပြီး ၎င်းပမာဏ၏ ၄၀ (သို့) ၅၀ ရာခိုင်နှုန်းမှာ အတင်း အဓမ္မ ခိုင်းစေခြင်းခံရသော ကလေးသူငယ် လိင်လုပ်သားများ ဖြစ်လေသည်။

Child Sex Tourism တည် ရှိရာ နိုင်ငံအများစုမှာ အာရှ၊ အာဖရိက၊ အရှေ့ဥရောပ၊ လက်တင်အမေရိကနှင့် ပစိဖိတ်ကျွန်း နိုင်ငံများ ဖြစ်ကြလေသည်။

ယင်းနိုင်ငံတို့တွင် ဈေးချို ပြီး ရောဂါကင်းသော လိင်လုပ် သားကလေးငယ်များ ရနိုင်ခြင်း သည် လိင်ရည်ရွယ်ချက်ဖြင့်လာ သော ခရီးသွားများအတွက် ဆွဲ ဆောင်မှုတစ်ခု ဖြစ်ပြန်လေသည်။

ထို့အပြင် HIV/AIDS ဖြစ် ပွားခြင်းမှ ရှောင်ရှားနိုင်ရန် ရည် ရွယ်ခြင်းကလည်း ကလေးများ၏ ငယ်ရွယ်၊ သန့်စင်မှုကို ခြိမ်း ခြောက်လေသည်။

တိုးတက်ခေတ်မီလာသော အင်တာနက်နှင့် လူမှုကွန်ရက်က လည်း ကလေးလိင်အပြာကား များကို ကမ္ဘာအနှံ့သို့ ပိုမိုပျံ့နှံ့စေ ပြီး အသက်မပြည့်သော ကလေး ငယ်များစွာအား လိင်လုပ်သား အဖြစ်သို့ စောစောစီးစီးရောက်ရှိ စေလေသည်။

မိမိတို့ မိခင်နိုင်ငံများရှိ တင်း ကျပ်လှသည့် ကလေးသူငယ် ကာကွယ်တားဆီးထားသော ဥပဒေများကြောင့် နိုင်ငံများစွာမှ လိင်ခရီးသွားကမ္ဘာလှည့်များ သည် ဆင်းရဲသော နိုင်ငံများသို့ ခြေဦးလှည့်ကြလေသည်။

အနည်းဆုံး ကမ္ဘာ့ ၂၅ နိုင်ငံ မှ လိင်ခရီးသွား ကမ္ဘာလှည့်များသည် Child Sex Tourism တည်ရှိရာ နိုင်ငံများသို့ ၀င်ထွက်သွားလာနေကြပြီး ကမ္ဘာလှည့်ခရီးသွားနှင့် ဆက်နွှယ်သည့် Child abuse (ကလေးသူငယ်လိင်အလွဲသုံးစား ပြုလုပ်ခြင်း) ရာဇ၀တ်မှုခင်းပေါင်း ၏ ၃၁ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ တွင် ဖြစ်ခဲ့လေသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၌ ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဆန်းစစ်ချက်များအရ အရှေ့ တောင် အာရှရှိ မဲခေါင်ဒေသ လိင်လုပ်သားအားလုံး၏ ၃၅ ရာ ခိုင်နှုန်းသည် အသက်(၁၂)နှစ်မှ(၁၇)နှစ်အရွယ် ကလေးလိင်လုပ် သားများ ဖြစ်ကြလေသည်။

လိင်ရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှသို့ လာ ရောက်သော ဧည့်သည်အများစု သွားလေ့ရှိသော နိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ Sex Worker လိင်လုပ်သားများ၏ သုံးပုံတစ်ပုံမှာ အရွယ်မရောက် သေးသော ကလေးငယ်များဖြစ် လေသည်။ ထိုသို့ဆိုလျှင် မြန်မာ ပြည်မှာကောဟု မေးစရာ မေးခွန်းရှိလာလေသည်။

ထို Child Sex Tourism မြန်မာပြည်ကို ဘယ်လိုဝင်လာ နိုင်သလဲ။ ဘယ်လိုသတိထား စောင့်ကြည့်ကြမလဲ။ ဘယ်လို ကာကွယ်မလဲ။ အကယ်၍ ယင်း ပြဿနာဖြစ်လာခဲ့သော် ဘယ်လို ဖြေရှင်းကြမလဲ စသည့် မေးခွန်း များ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာ ရလေသည်။

Child Sex Tourism, Child Abuse မြန်မာပြည်ကို ဘယ်လို ၀င်လာနိုင်သလဲ။ ဘယ်လိုသတိ ထား စောင့်ကြည့်ကာကွယ်ကြ မလဲ။ ဟိုတယ်နှင့် ခရီးသွားလာ ရေး ၀န်ကြီးဌာန၏ ထုတ်ပြန် ထားသော စာရင်းဇယားများအရ မြန်မာပြည်သို့ ၂၀၁၃-၁၄ ကမ္ဘာလှည့်ရာသီတွင် ဧည့်သည် နှစ်သန်းကျော် ၀င်ရောက်ခဲ့သည်ဟု ဆိုသည်။

၂၀၁၄-၁၅ ခရီးသွားရာသီ ချိန်အတွက် ဧည့်သည် သုံးသန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြ ၏။

ထိုသို့ အလုံးအရင်းဖြင့် တိုး တက်ဝင်ရောက်လာသော ဧည့် သည်များကြောင့် ဖြစ်လာနိုင် သော နောက်ဆက်တွဲ ဆိုးကျိုး ပြဿနာများအား ခရီးသွားလုပ် ငန်းခွင်မှ လုပ်ငန်းကျွမ်းကျင်သူ များက စတင်စိုးရိမ်လာကြလေ သည်။

အထူးသဖြင့် Child Sex Tourism မြန်မာပြည်သို့ သိမ်မွေ့ စွာ ၀င်ရောက်လာမည်ကို ဖြစ် လေသည်။

အဓိက သတိထားပြီး စောင့် ကြည့်ကာကွယ်သင့်သော နေရာ များသည် နိုင်ငံ၏ မြို့ကြီးများဖြစ် ပြီး ယင်းမြို့ကြီးများတွင် Sex Worker များ အလုံးအရင်းဖြင့် ရှိနေကြပြီဖြစ်လေရာ ငယ်ရွယ်သူ ကလေးငယ်လေးများ ရောနှော ၀င်ရောက်လာရန် မခဲယဉ်းတော့ ချေ။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့တို့သည် သတိ ထားစောင့်ကြည့်သင့်သည့် အဓိက မြို့ကြီးများဖြစ်သည်။ ကျန်သည့် ပုဂံဒေသ၊ မင်းကွန်း ဒေသတို့သည်လည်း အထူးစောင့် ကြည့်သင့်သည့် ခရီးသွားဒေသ (Touristic Area) များဖြစ်ကြပြီး တစ်ဖန် ရှမ်းပြည်နယ် Trekking ဒေသများတွင် ခရီးကြမ်းလမ်း လျှောက် ညအိပ်ခရီးစဉ်များတွင် လည်း အရွယ်မရောက်သေးသူ ကလေးငယ်များအား အသုံးပြု လာမည်ကို သတိထားစောင့် ကြည့် ကာကွယ်သင့်ပါသည်။

ပို့စကတ်၊ သော့ချိတ်၊ ပန်းချီကား၊ မုန့်၊ သစ်သီးမျိုးစုံ စသည်ဖြင့် ဈေးရောင်းဈေးဝယ် ပြုကာ အသက်မွေးဝမ်းကျောင်း နေကြသည့် ကလေးငယ်များ၊ နိုင်ငံခြားဘာသာစကားများကို နှုတ်ရေးတက်တက် ရွတ်ဆိုကာ ကမ္ဘာလှည့်ခရီးသွားများနှင့် တွဲသွားတွဲလာပြုလုပ်နေကြသည့် ကလေးငယ်များစွာ မျက်စိအောက်တွင် မြင်နေကျမို့ မိမိတို့အတွက် မဆန်းလှသော်လည်း အခွင့်အလမ်းရှာနေသူများအတွက်မူ အခြေအနေကောင်းဖြစ်လာနိုင်သ ဖြင့် ထိုကလေးငယ်များအားလည်း နည်းလမ်းရှာဖွေစောင့်ရှောက် ခြင်း၊ ပညာပေးခြင်းများ ပြုလုပ်သင့်လေသည်။

ယင်းသို့ သတိထားစောင့် ကြည့် ကာကွယ်ရာတွင် ပတ်ဝန်းကျင်ရပ်မိရပ်ဖများ၏ ကာကွယ်စောင့်ရှောက်မှုနှင့် ကြိုတင်သတိ ပေးမှုသည်လည်းကောင်း၊ နိုင်ငံ ခြားသားများ တည်းခိုရာနေရာ များမှ တာဝန်ရှိသူများ၊ ၀န်ထမ်း များ၏ ပူးပေါင်းပါဝင် သတင်း ပေးမှုသည်လည်းကောင်း၊ ခရီး သွားအ၀င်အထွက်များရာ နေရာ များတွင် ဆိုင်းဘုတ်များ စိုက်ထူ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းဖြင့်လည်းကောင်း၊ သတင်းရုပ်သံမီဒီယာများတွင် အပတ်စဉ် သတင်းထုတ်ပြန်မှုဖြင့် လည်းကောင်း ဆောင်ရွက်အ ကောင်အထည်ဖော်သင့်လေ သည်။

အကယ်၍ ယင်းပြဿနာဖြစ် လာခဲ့သော် ဘယ်လိုဖြေရှင်းကြ မလဲ။ Child Sex Tourism ကို ကာကွယ်တားဆီးရေးအတွက် လွန်ခဲ့သော ၂၀၀၄ ခုနှစ်ခန့်မှ စတင်ကာ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သော သြစတြေးလျနိုင်ငံ အခြေစိုက် Child Wise Tourism(CWT) Program ပူး ပေါင်းပြီး ပညာပေးအစီအစဉ်များ ကို ရန်ကုန်၊ ပုဂံနှင့် ပုပ္ပားဒေသ တို့တွင် နယ်ပယ်စုံမှ တက်ရောက် သူများဖြင့် ပြုလုပ်ခဲ့ဖူးလေသည်။

ယခုကဲ့သို့ မြန်မာပြည် ခရီး သွားလုပ်ငန်း တိုးတက်လာချိန် တွင် Stakeholders (သက်ဆိုင် သူအားလုံး) အားလုံးပူးပေါင်း ကာ အရှိန်မြှင့်တင်ပြီး CWT ကဲ့ သို့သော ပညာပေးအစီအစဉ်များ၊ ဖိုရမ်များ၊ တွေ့ဆုံပွဲများ၊ ပြန် လည်လေ့လာတွေ့ဆုံခြင်းများ စသည်တို့ ပြုလုပ်သင့်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) ၏ လုပ်ငန်းတာဝန်များမှ အမှတ်စဉ် နံပါတ် (၆)တွင် ‘‘Tourist များမှ Child Sex၊ လူကုန်ကူး၊ Sexual Tour လုပ်ငန်းများ ဆောင်ရွက်မှု မရှိ ရေး၊ ဟိုတယ်ခရီးဌာနမှ သတ် မှတ်ချက်ဖော်ထုတ်မှုများ ရှိ၊ မရှိ စောင့်ကြည့်ထိန်းသိမ်းခြင်း’’ဟူ၍ ထည့်သွင်းပါရှိလေသည်။

ပုဂံမြို့ရှိ Tourist Police ရုံး နှင့် လုပ်ငန်းခွင်သို့ သွားရောက် လေ့လာခဲ့ရာတွင် အဆိုပါ တာ ၀န်ကို ဂရုပြုဆောင်ရွက်လျက် ရှိနေပြီး Child Abuse အခြေခံ သဘောတရားအား နားလည်နေ ကြသည်ကို တွေ့ရလေသည်။ Tourist Police များ ကိုယ်တိုင် လိုလိုလားလားဖြင့် မြို့နေလူထု နှင့် လက်တွဲအကောင်အထည် ဖော် စောင့်ကြည့်နေခြင်း၊ အကာ အကွယ်ပေးနေခြင်းတို့ကိုလည်း တွေ့မြင်ခဲ့ရလေသည်။

သို့သော်လည်း မပြဋ္ဌာန်းရ သေးသော၊ အားနည်းသော ဥပဒေများကြောင့် အကယ်၍ Child Abuse ဖြစ်စဉ်ဖြစ်ပွားလာ ပါက မည်ကဲ့သို့ ဖမ်းဆီး၊ တရား စွဲဆိုကာ မည်သည့်ဥပဒေ ကြောင်းအရ အရေးယူရမည်ကို တိတိကျကျ မသိရှိပါကြောင်းနှင့် လောလောဆယ်တွင် ပုဒ်မ-၃၇၂ အရ အရွယ်မရောက်သေးသော ကလေးသူငယ်များအား ပြည့် တန်ဆာ ကိစ္စအလို့ငှာ ခိုင်းစေ ခြင်းစသည့် ပုဒ်မဖြင့်သာ အရေး ယူဆောင်ရွက်ခွင့်ရှိသကဲ့သို့ ဖြစ် နေသဖြင့် အခက်အခဲရှိပါ ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ် ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့လေ သည်။

ထိုအချက်သည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဥပဒေပြန်လည်ပြင်ဆင်ရေးဆွဲရာ တွင် ပါဝင်သင့်သည့် Substai−nable Tourism ဆိုင်ရာ အရေးကြီးအချက်အလက် ဖြစ်ပေသည်။

ပညာရှင်များ၏ ခြုံငုံသုံး သပ်ချက်အရ ‘‘မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကြောင့် ကာလတိုအတွင်း Child Sex Tourism (၀ါ) Child Abuse လျင်လျင်မြန်မြန်ဖြစ်ပွား ကူးစက် လာဖွယ် မမြင်သေးကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများမှာ ဒေသခံ များ၏ မျက်လုံးထဲတွင် စိမ်းနေ သေးကြောင်း၊ ပတ်ဝန်းကျင်က သတိထားစောင့်ကြည့်မိနေကြ ကြောင်း၊ ထိုအခြေအနေသည် Child Abuse ကို အတားအဆီး တစ်ခုဖြစ်စေကြောင်း၊ လိင်ခရီး သွားတိုးရစ်များ၏ မသမာသော အပြုအမူရှိလာပါက ထင်သာမြင် သာရှိကြောင်း၊ သို့သော်လည်း ရေရှည်တွင် အိမ်နီးချင်းနိုင်ငံများမှ ယင်းပြဿနာသည် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်လာနိုင် ကြောင်း၊ ပြည်ပနိုင်ငံအချို့တွင် မြန်မာလိင်လုပ်သားကလေးငယ် များလည်း ရှိနေနိုင်ကြောင်း၊ ၎င်းတို့သည် လူကုန်ကူးမှုနှင့် ဆက်နွှယ်ပတ်သက်နေခဲ့ကြပြီး ပြည်ပနိုင်ငံများတွင် စီးပွားရှာရန် အခြေအနေ မပေးတော့ပါက မိမိတိုင်းပြည်တွင်း ပြန်လည်ဝင်ရောက် အလုပ်လုပ်ခိုင်းခြင်းများ ရှိလာနိုင် ကြောင်း တွက်ဆကြလေသည်။

မြန်မာလူမျိုးတို့၏ အမြင် တွင် နိုင်ငံခြားသားဟူသည် အမြင်မဆန်းတော့သော တစ်နေ့ သို့ ရောက်လာပါက ယင်း Child Abuse ပြဿနာမှာ တွဲလျက်သား ကြီးထွားဖြစ်ပေါ်လာနိုင်မည့် ပြဿနာဖြစ်ကြောင်း မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၏ အလား တူအဖြစ်အပျက်နှင့် နှိုင်းယှဉ်ကာ သုံးသပ် သတိပေးလိုက်ရပါ သည်။

From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...