Monday, 1 September 2014

ကာလသား ရောဂါနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

မေး။ ။ ကာလသား ရောဂါဆိုတာ ဘာကို ခေါ်တာပါလဲ။

ဖြေ။ ။ လိင်တူ လိင်ကွဲ ဆက်ဆံရာက ကူးစက်တဲ့ ရောဂါတွေကို “လိင်ဆက်ဆံမှုကြောင့် ကူးစက်တဲ့ ရောဂါများ” လို့ ခေါ်ပါတယ်။ ရှေးယခင်ကတော့ “ကာလသားရောဂါ” လို့ ခေါ်ပါတယ်။ ကာလသားရောဂါအမျိုးမျိုး ရှိပါတယ်။ဆစ်ဖလစ်ရောဂါ၊ ဂနိုရောဂါ၊ ရှန်ကရွိုက်၊ လင့်ကျိတ်ရောင် ရောဂါ၊ လိင်အင်္ဂါ ရေယုန်၊ လိင်အင်္ဂါ မက်ခရု၊ လိင်အင်္ဂါဝဲ၊ ရီဖြူဆင်းရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ အပါအဝင် ရောဂါ အမျိုးပေါင်း နှစ်ဆယ်ကျော် ရှိပါတယ်။ လိင်အင်္ဂါ တန်ဆာ အနီးတဝိုက်မှာ လှိုက်စားနာ၊ ပွန်းပဲ့နာ၊ အဖု၊ အပိန့်၊ အကျိတ်၊ အလုံး တွေဖြစ်တာ။ ဆီးသွားရင် ပူတာ၊ နာကျဉ်ကိုက်ခဲတာ၊ ဆီးလမ်းကြောင်း၊ စအို၊ မိန်းမကိုယ်က ညောင်းကျတာ၊ ရိဖြူရိနီ ဆင်းတာ၊ လိင်အင်္ဂါ အနီးတဝိုက်မှာ ရောင်ရမ်း နာကျင် ကိုက်ခဲတာတွေဟာ ကာလသား ရောဂါလက္ခဏာ တွေပဲ ဖြစ်ပါတယ်။

မေး။ ။ ကာလသားရောဂါနဲ့ အေအိုင်ဒီအက်စ် ရောဂါ ဘယ်လို ဆက်စပ်နေပါသလဲ။

ဖြေ။ ။ ရောဂါ နှစ်ခုစလုံးဟာ လိင်ဆက်ဆံရာကနေ အဓိက ကူးပါတယ်။ ရောဂါပိုး ရှိတဲ့ သွေးသွင်းမိရင် ကူးတယ်။ ရောဂါရှိနေတုန်း၊ ဆီးပူညောင်းကျ ဖြစ်နေတုန်း လိင်ဆက်ဆံရင် အိတ်ခ်ျအိုင်ဗွီပိုးဟာ ပိုပြီး အလွယ်တကူ ကူးစက်နိုင်တယ်။ ကာလသား ရောဂါရှိတဲ့သူဟာ အေအိုင်ဒီအက်စ် ရောဂါလည်း ရှိလာဖို့ အခွင့်အလမ်း များပါတယ်။

မေး။ ။ ကာလသား ရောဂါကို ပျောက်အောင် ကုသနိုင်ပါသလား။

ဖြေ။ ။ ကာလသား ရောဂါ တော်တော်များများကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ကိုယ့်ဘာသာ ဆေးဝယ်သောက်တာတို့၊ ဆေးမြီးတို သုံးပြီး ကိုယ့်ဟာကိုယ် ကုတာတို့၊ မလုပ်ပါနဲ့။ ငွေလဲကုန် အန္တရာယ်လဲ ရှိပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ဆေးပတ်လည်အောင် သောက်ပါ။

မေး။ ။ ရောဂါ လက္ခဏာ ပေါ်လာရင် ဘာလုပ်ရပါမလဲ။

ဖြေ။ ။ ရောဂါ လက္ခဏာ ပေါ်လာရင် ဖြစ်ဖြစ် ရောဂါ ရှိတယ်လို့ သံသယ ရှိရင်ဖြစ်ဖြစ်၊ ကျန်းမာရေး ဝန်ထမ်းနဲ့ အမြန်ပြပါ။ ရောဂါ မပျောက်မခြင်း လိင်ဆက်ဆံခြင်း မပြုပါနဲ့။ ကိုယ့်ရဲ့အိမ်ထောင်ဘက် (သို့မဟုတ်) လိင်ဆက်ဆံဖက် အဖော်ကိုလည်း ဆေးကုသဖို့ လိုပါတယ်။ ဒါမှ သူ့ဆီက ရောဂါ ပြန်မကူးမှာ ဖြစ်ပါတယ်။

မေး။ ။ ကာလသား ရောဂါကို စနစ်တကျ မကုရင် ဘာဖြစ်ပါမလဲ။

ဖြေ။ ။ ကာလသား ရောဂါ ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရဖို့ အန္တရာယ် အလွန်များတဲ့အတွက် သူများတွေထက် အေအိုင်ဒီအက်စ် ရောဂါပိုပြီး ဖြစ်လွယ်ကြပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သားပျက်သားလျောတာ အပြင် ကလေးအသေ မွေးနိုင်တယ်။ ကာလေး အရှင်မွေးခဲ့ရင်လည်း ရောဂါပိုးတွေဟာ ကလေး မျက်လုံးထဲဝင်ပြီး မျက်စီကွယ်သွားနိုင်တယ်။ သားအိမ်ထဲပိုးဝင်ပြီး သားသမီး မရနိုင် ဖြစ်တတ်သလို သားအိမ်ကင်ဆာလည်း ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာလည်း ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးမသွားနိုင်အောင် ဖြစ်တတ်ပါတယ်။ ရောဂါပိုး တွေကြောင့် သုတ်မထုတ်နိုင်တဲ့ အတွက် သားသမီး မရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့မှာ လိင်တံကင်ဆာ ဖြစ်တဲ့အထိ ခံစားရပါတယ်။ ရောဂါပိုး ဦးနှောက်ထဲ ရောက်သွားရင်လည်း ရူးသွတ်တတ်ပါတယ်။

မေး။ ။ ကာလသား ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရပါမလဲ။

ဖြေ။ ။ လိင်အပျော်အပါး ရှောင်ပါ။ လိင်ဆက်ဆံဘက် အဖော်များတာ၊ လိင်ဆက်ဆံဘက် တစ်ယောက်ပြီး တစ်ယောက်ပြောင်းတာ၊ ငွေကြေးအတွက် လိင်ဆက်ဆံတာတွေဟာ ရောဂါ အလွယ်တကူ ရစေနိုင်ပါတယ်။ ဒါတွေ မရှောင်နိုင်ရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပြီး ကာကွယ်နိုင်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသေ စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

From: HIM

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...