Monday, 22 September 2014

မမှောက်ခင်က ပျောက်နေသော ဆီးသီးဗန်း


ငါးတန်းကျောင်းသူ ညီမအငယ်ဆုံး မယ်ရွစိ က အော်ကြီးဟစ်ကျယ်ပြောပြီး ဂျာနယ်တစ်ခု လာထိုးပြသည် ။
ဘယ်နှယ့်..ကြံကြံဖန်ဖန် လွှတ်တော်ထဲ ဘယ်က ဆီးသီးသည်က ရောက်နေတာတုန်း ဆိုပြီး ဗြိတိသျှတစ်ယောက် ရုတ်တရက် အံသြမိသွားသေးသည် ။
သတင်းကို သေချာဖတ်ကြည့်မှ အော် ဂလိုကိုး ဟု ရေရွတ်မိသည် ။
“ကိုကြီးရေ…လွှတ်တော်ထဲမှာ ဆီးသီးဗန်း မှောက်ကျလို့တဲ့..ဒီမှာ သတင်းထဲပါလာတယ်”

သတင်းက “ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ ၊ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ် နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲကျန်တယ် ၊ဘတ်ဂျက်က အဲ့ဒီလိုဖြစ်နေတယ်” ဟုပြီး ပြည်ထောင်စုလွှတ်တော်ဥက္ကဌကြီးက ၀န်ကြီးဌာနဘတ်ဂျတ်များကို ဥပမာပေးသွားတဲ့သတင်းဖြစ်နေလေ၏ ။
အစိုးရ၀န်ကြီးဌာနတွေကို လွှတ်တော်က ခွင့်ပြုချပေးတဲ့ ဘတ်ဂျတ်တွေ အောက်ခြေကို မရောက်ခင်မှာပဲ တစ်ဝက်လောက်ပျောက်သွားလေသည်တဲ့…။
ဥက္ကဌကြီး၏ ဥပမာလေးကောင်းသော်လည်း မှားနေသည်ဟု ဗြိတိသျှ ထင်သည် ။
ဒီ ဆီးသီးပျောက်သည့် ကိစ္စက အခုမှဖြစ်နေတာမဟုတ် ။ ဟိုးအစိုးရလက်ထက်အဆက်ဆက်ထဲက ဆီးသီးတွေ ပျောက်ဆုံးနေခြင်းပင် ။
ဒါကို အခုမှ သိသည့် လွှတ်တော်ဥက္ကဌကြီးနှင့် လွှတ်တော်အမတ်များကိုလည်း ဗြိတိသျှ အံသြမိသည် ။
ပြီးတော့ ဥက္ကဌကြီး ပြောသလို ဆီသီးဗန်း မှောက်မှ ပျောက်သည် မဟုတ် ။ ဆီသီးဗန်းမမှောက်ခင် ဆီသီးတွေက ပျောက်နေခြင်းဖြစ်သည် ။
အနှီ ဆီးသီးပျောက်မှုသည်ကား ရှားလော့ဟုမ်းတို့ ၊ ဆားပုလင်းနှင်းမောင်တို့ပင် လက်မှိုင်ချရမည့်ကိစ္စ ။
အဘယ်ကြောင့်ဆိုသော် ဆီးသီးခိုးသူတို့ကား ဒေးဗစ်ကော်ပါဖီးတို့ ၊ စက္ကောမတို့လို မျက်လှည့်ဆရာများထက်ပင် အဖျောက်အဖျက် မျက်လှည့်တော်သူများဖြစ်သည် ။
တစ်ချို့များဆို ဘိလပ်မြေအိတ်များ ၊ သံချောင်းများကို ကားအစီးလိုက်ဖျောက်ပြနိုင်ရုံမက
ကိုယ်ရောင်ပင် ဖျောက်နိုင်သည်ဟု ဗြိတိသျှ ကြားဖူးသည် ။
အံသြဖွယ်ကောင်းပေစွ..။
လွှတ်တော်ဥက္ကဌကြီး စကားကို ဖတ်မိတော့ ဗြိတိသျှတို့ ရွာက ဇီးသီးသည် မ၀င်း အဖြစ်ကို သွားသတိရသည် ။


မ၀င်း အဖြစ်ကလည်း လွှတ်တော်ဘတ်ဂျက်ကိစ္စနှင့် ခပ်ဆင်ဆင် ။
မ၀င်းက တကယ်တော့ ဈေးသည်မျိုးရိုးမဟုတ် ။ ကလေးနှစ်ယောက်အမေ ၊ မုဆိုးမ ဖြစ်သည် ။
တစ်နေ့ ရွာမှ ဘုရားပွဲလုပ်မည်ဆိုတော့ မ၀င်း လည်း ဈေးရောင်းဖို့ကြံစည်သည် ။
အရင်းအနှီးသိပ်မစိုက်ရသည့်ပစ္စည်းကို မ၀င်းရွေးချယ်သည် ။
မ၀င်းရွေးချယ်လိုက်တာက ရွာဦးဘုရားဝန်းထဲက ဆီးပင်ကြီးဖြစ်သည် ။ ဆီးပင်ကြီးတွင် ဇီးသီးတွေပြွတ်နေအောင်သီးနေသည် ။
ဆီးပင်ဆိုတာက ဆူးတွေအများကြီး ၊ ပြီးတော့ ဒီဆီးဇီးပင်ကြီးမှာက ပျားတွေကရှိသေးသည် ။
ဒီတော့ ဇီးသီးကို ဘယ်သူမှ အပင်ပေါ်တက်မခူး ။ ကြွေကျသည်ကိုသာစားကြသည် ။
ဘုရားပွဲနေ့မတိုင်မီတွင် မ၀င်းက ဆီသီးရောင်းဖို့ ဗန်းတစ်ခုအကြွေးနဲ့ဝယ်သည်။
ပြီးတော့ သူ့သားနှစ်ယောက်နှင့်အတူ ပျားတုပ်ခံ ဆူးဆူးခံပြီး ဆီးပင်ပေါ်တက်ပြီး ဆီးသီးလှုပ်ချသည် ။
မနက်ဖြန်ပွဲဈေးတွင်ရောင်း၇န်အတွက် ဆီသီးတော်တော်များများရတော့ အိတ်ထဲထည့်ပြီး ဘုရားဝန်းထဲကထွက်သည် ။
အဲဒီမှာ ဘုရားဂေါပကလူကြီးတွေက မ၀င်းကိုလှမ်းခေါ်တော့သည် ။
ဘုရားဝန်းထဲက ဆီးသီးကို ခူးသည့်အတွက် ဂေါပကအဖွဲ့နှင့်ဆိုင်သည်ဆိုကာ ဂေါပကလူကြီးသုံးယောက်က တစ်ယောက် လက်တစ်ဆုပ်ဝိုင်းနှိုက်ထားသည် ။
ကျန်သည့်ဇီးသီးလေးနှင့် မ၀င်း အိမ်ပြန်သည် ။
လမ်းမှာ ရွာသူကြီး နှင့်တွေ့သည်။ ရွာမြေမှာ ပေါက်သည့်ဆီးပင်က ဆီးသီးဖြစ်သည့်အတွက် လက်တစ်ဆုပ် ၊ ယာအိမ်မှူးနှင့်တွေ့သည် လက်တစ်ဆုပ် ၊ ဆယ်အိမ်မှူးနှင့်တွေ့သည် လက်တစ်ဆုပ် ၊ နောက်ဆုံး ဘုန်းကြီးကျောင်းက ကပ်ပိယကြီးကပင် ဆရာတော်ကြီးကပ်ဖို့ ဟုဆိုကာ တစ်ဆုပ်နှိုက်ထားလိုက်သေးသည် ။
နောက်ဆုံးတော့ ဘုရားပွဲနေ့အတွက်ရောင်းဖို့ မ၀င်းကောက်ထားသည့် ဆီးသီးက နည်းနည်းသာကျန်တော့သည် ။
ဘုရားပွဲနေ့ရောက်တော့လည်း ဈေးတန်းနေရာလေးရဖို့အရေး အရံမီးသတ်က ဆီးသီးတစ်ဆုပ်နှိုက် ၊ ကျေးရွာပြည်သူစစ်က တစ်ဆုပ်နှိုက်ဖြင့်နောက်ဆုံးတော့ အရင်းမရှိပဲ ဆီးသီးခူးရောင်းသည့် မ၀င်း အရင်းပြုတ်ပြီး ဆီးသီးဗန်းဖိုးသာ အကြွေးတင်သွားသည် ။
အဲ့ဒီကတည်းက မ၀င်း ရွာမှာ ဘယ်တော့မှ ဆီးသီးရောင်းမစားတော့တာ အခုထိဖြစ်သည် ။
မ၀င်းက ဆီးသီးဗန်းမမှောက်ပဲ ဆီးသီးပျောက်သွားခြင်းသာ ။
အခု လွှတ်တော်ဥက္ကဌကြီးသည် မ၀င်း ဇာတ်လမ်းကို သိနေသဖြင့် ဆီသီးဥပမာပေးခြင်းဖြစ်နိုင်သည် ။
လွှတ်တော်ဥက္ကဌကြီးသည် မ၀င်းနှင့် အမျိုးများတော်နေမလားဟု ဗြိတိသျှတွေးမိသေးသည် ။
ဘာပဲဖြစ်ဖြစ် ဗြိတိသျှတို့ မြန်မာနိုင်ငံကြီးတွင် ဆယ်စုနှစ်နှင့်ချီ ပျောက်နေသည် ဆီးသီးများကိစ္စကို အခုလို အရေးတယူထောက်ပြလာ သည်က တော့ ပြည်သူလူထုအတွက် ၀မ်းသာဖွယ်ဖြစ်သည် ။
ခေတ်အဆက်ဆက် ဆီးသီးသူခိုးများကတော့ စားလို့ဝလို့ ဆီးသီးတွေပင် အ၀ှာတစ်တွင်းပြည့်နေလောက်ပြီ ဟု တစ်ချို့က ဆိုကြသည် ။


လက်ရှိ ဆီးသီးခိုးစားနေသူများကတော့ စားလက်စ ဆီးသီးလေးပင် လည်ပင်းတွေ တစ်နေလောက်ပြီဟု ဆိုသူလည်းရှိသည် ။
အကောင်းမြင်သမား ဗြိတိသျှကတော့ ဒီလိုမမြင်..။
အစိုးရမှ ချပေးသော ဘတ်ဂျက်အများစုသည် သက်ဆိုင်ရာ ၀န်ကြီးဌာနအဆင့်ဆင့်သို့ ဖြတ်ကျော်ပြီးနောက် အောက်ခြေမြေပြင်အဆင့်တွင် ဘတ်ဂျက်၏ သုံးပုံတစ်ပုံသာ ရောက်သည်မှာ မြန်မာ့ဝန်ထမ်းလောက၏ ထုံးစံလို ဖြစ်နေသည်ကို သာမန်ပြည်သူတွေတောင် သိပြီးကိစ္စဖြစ်သည် ။
ရှေးထုံးလည်း မပယ်နှင့် ၊ ဈေးသုံးလည်းမကြွယ်နှင့်ဆိုသော မြန်မာစကားပုံရှိသည်မဟုတ်လား။
ဒီတော့ ၀န်ကြီးဌာနမှ ၀န်ကြီး ၊ ညွှန်ကြားရေးမှူးများမှအစ ၀န်ထမ်းများအနေဖြင့်လည်း ရှေးထုံးကို လွယ်လွယ်နှင့် ပယ်ချင်မည်မဟုတ် ။
ဒါကလည်း မြန်မာတို့၏ ထုံးတမ်းစဉ်လာကို ထိန်းသိမ်းသည့် ချစ်စရာဓလေ့လေးတစ်ခုဟု ဗြိတိသျှက ကြံဖန်ချီးကျူးချင်သည် ။
နောက်ပြီးတော့ ၀န်ကြီးဌာနများအနေဖြင့်လည်း အောက်ခြေ၀န်ထမ်းများကို ငွေကြေးနည်းနည်းဖြင့် စီမံကိန်းအောင်မြင်နိုင်သည့် အရည်အသွေးမျိုးပိုင်ဆိုင်အောင် တမင်တကာ ဆီသီးကျွေးပြီး ပြုစုလေ့ကျင့်ပေးခြင်းဖြစ်နိုင်သည် ။
သိန်းငါးထောင်ဖြင့် အက်စတီမိတ်တွက်ချက်ထားသော တံတားတစ်စင်းကို သိန်းနှစ်ထောင်လောက်ဖြင့် အပြီးဆောက်နိုင်သည့် အင်ဂျင်နီယာအတတ်ပညာမျိုးကား ဘယ်နိုင်ငံမှာမှ မရှိသေး။
ဗြိတိသျှတို့ မြန်မာပြည်တစ်ခုတည်းတွင်ရှားရှားပါးပါးတွေ့မြင်နိုင်မည်ဖြစ်သည် ။
ဒါတင် ဘယ်ဟုတ်သေးလို့လဲ..။
စီမံကိန်းကြီးပြီးသည်နှင့် အနှီဝန်ကြီးဌာနမှ ရာထူးကြီးငယ်အဆင့်ဆင့်တို့၏ နေစရာတိုက်အိမ်များကိုပင် တစ်ပြိုင်နက်ဆောက်သွားနိုင်ကြသည်လည်း တွေ့ရသည် ။
ယင်းကား ဆီသီးစားပြီး ဖန်တီးပြသွားသည့် အံမခန်း ဗိသုကာအတတ်ပညာမျိုးဖြစ်သည် ။ ရွှေမြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာပင် ။


ဆီးသီး အကြောင်းတွေးနေရင်း နောက်သတင်းတစ်ပုဒ် ထပ်ဖတ်မိပြန်သည် ။
မြန်မာအစိုးရမှ နိုင်ငံခြားသို့ ကြွေးမြီ ဒေါ်လာ (၉)ဘီလီယံ ပေးရန် ရှိ ဟူ သည့် သတင်းပင် ။
ဒီ (၉)ဘီလီယံသော ဆီးသီးတွေကတော့ တကယ် ချီးပန်းမည့် ကိစ္စဖြစ်သည် ။
ဘယ်သူက ဘယ်လို ဘယ်တုန်းက နှိုက်စားသွားပါလိမ့်ဟုလည်း တွေးမိသေးသည် ။
ဗြိတိသျှ တို့လို ခပ်ချာချာ ပြည်သူတွေ နှိုက်မစားခဲ့တာတော့ သေချာလေ၏ ။
ခက်တော့လည်း ခက်သည် ။
ကြွေးတင်ရှင်ဘုရင်ဆက်လိမ့်မည် ဆိုသည်စကားပုံအစား အခုတော့ ရှင့်ဘုရင့်ကြွေး တိုင်းပြည်ဆပ်ပေးရတော့မလိုပင် ။
ဆီးသီး ဥပမာလေးကြားရတော့ ဦးခင်အောင်မြင့် ၏ ဆီးသီးလေးနှင့် ဦးလှဆွေ၏ ငံပြာရည်လေး တို့စားလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးမိကာ ဗြိတိသျှတစ်ယောက်သွားရည်ပင် ယိုမိသေးသည် ။
ဘာပဲဖြစ်ဖြစ် ဒီလို ဥပမာလေးတွေကြားရလျှင် လွှတ်တော်ထဲမှ ဗြိတိသျှ၏ မိတ်ဆွေကြီး ဦးလှဆွေကို သတိရမိသေးသည် ။
မိတ်ဆွေကြီးဆိုလျှင် မမှောက်ခင်က ပျောက်ချင်နေသော ဆီးသီးဗန်းကိစ္စ ဘယ်လို ဥပမာပေးလေမည်မသိ ။
အခုတော့ သူ့ခမျာ ဖေ့ဘွတ်ပေါ်မှာ ရေခဲရေလောင်းချိုးပြပြီးကတည်းက ပျောက်ကွယ်သွားရှာသည် ။
ဘူးလက်ကြီး ၏ နာမည်ကျော်ကြားမှုကို အဘယ်မနာလိုသူ လူ့သရမ်းအချို့ကများ ဖျက်လို့ဖျက်ဆီး နေကြသည်ထင် ။
ဘာပဲဖြစ်ဖြစ် ဆီးသီးဗန်းတွေထဲက ဆီးသီးပျောက်သည့်ကိစ္စကို သက်ဆိုင်ရာတွေက ကော်မတီဖွဲ့ ကိုင်တွယ်မည်ဟု ဆိုနေပြီဖြစ်သည် ။
မြန်မာပြည်လောက် ကော်မတီများသည့် နိုင်ငံကမ္ဘာမှာ ရှိမည်ဟု ပင်မထင် ။
အရေးကြီးသည်က ဆီးသီးပျောက်တရားခံရှာမည်ဆိုသည့် ဆီးသီးကော်မတီဝင်တွေ ဆီးသီးစားပြီး အီအီး ပန်းမသွားဖို့ပင်။
သို့သော် အခု ဆီးသီးသည် ဗြိတိသျှ တို့ ငယ်ငယ်က စားသည့် ဆီးသီးလို့ အစားများလျှင် အီအီးပန်းသည့် ဆီးသီးမဟုတ် ။
အခု ဆီးသီးကား….
အစားများလျှင်….တံတားကြီး ကြိုးသွားနိုင်သည့် ဆီသီး ။
အစားများလျှင်…အဆောက်အဦးကြီး ပြိုသွားနိုင်သည့် ဆီးသီး ။
အစားများလျှင်….လမ်းများ ပေါက်ပြဲသွားနိုင်သည့် ဆီးသီး..။
အစားများလျှင်…….အင်းစိန်မော်စကိုတွင် သက်ပြည့်ပင်စင်သွားယူရမည့် ဆီးသီး မျိုးဖြစ်လေသတည်း….။
ဥုံ သျှရီ.သျှရီ….မြန်မာပြည် ဆီးသီးဗန်းများ အန္တရာယ်ကင်းကြစေသော်ဝ်……


ဗြိတိသျှကိုကိုမောင် (သံချောင်းပါတီ)
From:Koko Maung

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...