Monday, 1 September 2014

တပ်မတော်အရာရှိ ဟန်ဆောင်ကာ ငွေကြေးလိမ်လည်သူ လေးဦးတွင် တစ်ဦး စတင်ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်  သြဂုတ်လ ဒုတိယပတ်က လျှပ်စစ်ပစ္စည်း ရောင်း
ဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ ကျပ် သိန်း ၄၀  ကျော်ကို တပ်မတော်အရာရှိများ ဟန်ဆောင်
 လိမ်လည်ခဲ့သော အဖွဲ့မှ ဗိုလ်မှူး အယောင်ဆောင် သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကို


သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးမှုကြောင့် ပျက်စီးခဲ့သော တပ်ပေါင်းစုံရှိ အရာရှိ ရိပ်သာများအတွက် မီးအလှဆင်ရန် ပိုက်ခွေ ၈၀၀ ကျော်ကို ဝယ်ယူလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ လျှပ်စစ်ပစ္စည်းဆိုင် တစ်ခုသို့ ဗိုလ်မှူး အယောင်ဆောင်ထားသူ ဦးအေးနိုင်နှင့် ဗိုလ်ကြီး အယောင်ဆောင်ထားသူတို့ နှစ်ဦးမှာ သြဂုတ်လ ၁၂ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းကဲ့သို့ ဆက်သွယ် မှာယူမှုကြောင့် ပစ္စည်းနမူနာပြရန် သြဂုတ်လ ၁၄ ရက်နေ့က လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဇနီးမောင်နှံမှာ ပဲခူးမြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းဟိုတယ်သို့ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး အပါအဝင် လေးဦး ရောက်ရှိလာပြီး ၎င်းတို့အနက် ဗိုလ်မှူးနှင့် ဗိုလ်ကြီး အယောင်ဆောင်ထားသူ နှစ်ဦးက လှည်းကူးမြို့ရှိ အမှတ် (၁) ပင်မစစ်လက်နက် ပစ္စည်းထိန်းသိမ်းရေးတပ်မှ G1 (စစ်ဦးစီးမှူး ပထမတန်း) နှင့် တွေ့ဆုံရန်ဆိုကာ ဆိုင်ရှင်ဇနီးမောင်နှံကို လှည်းကူးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါ တပ်ထိပ်တွင် အသင့်စောင့်နေသော အသက် ၄၀ ဝန်းကျင်ခန့် ရှိသည့် G1 ဟု ဆိုသော အမျိုးသားနှင့်အတူ ဇရပ်ကွင်းတာဆုံထိပ်ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံကာ တပ်အသီးသီးသို့ လျှပ်စစ်ပစ္စည်းများ တင်သွင်းရန် ပါမစ် လျှောက်ထားရမည် ဖြစ်ကြောင်း၊ လျှောက်ထားရန် ၎င်းတို့နှစ်ဦးကို ငွေကျပ် ၂၅ သိန်းနှင့် G1 ကို ငွေကျပ် ၁၅ သိန်း အကျိုးဆောင်ခ ပေးရမည် ဖြစ်ကြောင်း ပြောဆိုကာ ကျပ်သိန်း ၄၀ ကို ယူဆောင်သွားကြောင်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်၏ တိုင်တန်းချက်အရ သိရှိရသည်။

“ပိုက်ခွေနမူနာ လာပြပေးဖို့ ဖုန်းဆက်ခေါ်လို့ ဆိုင်ပိုင်ရှင်က ကားနဲ့ ဆင်းလာတာ။ သူတို့က စားသောက်ဆိုင်တစ်ခုမှာ ချိန်းပြီး တပ်ရင်းတွေကို လျှပ်စစ်ပစ္စည်း တင်သွင်းခွင့် ပါမစ်လုပ်ဖို့ ကျပ်သိန်း ၄၀ ကုန်ကျမယ်ဆိုလို့ ဆိုင်ပိုင်ရှင်က စိုက်ထုတ်ပေးခဲ့တာ။ အဆက်အသွယ်မရလို့ လိုက်စုံစမ်းကြည့်မှ လူလိမ်တွေမှန်းသိပြီး စခန်းမှာ လာအမှုဖွင့်ခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါအမှုကို စုံစမ်းစစ်ဆေးရာမှ ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက်တွင် နေထိုင်သော ဗိုလ်မှူးအယောင်ဆောင်ခဲ့သူဟု တိုင်ကြားခံရသူ ဦးအေးနိုင်ကို သြဂုတ်လ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးကို ဖမ်းမိရေးအတွက် လှည်းကူး မြို့မရဲစခန်းမှ (ပ) ၃၈၂/၁၄၊ ပုဒ်မ ၄၂၀/ ၁၄၀/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

From: The Voice Weekly

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...