Friday, 19 September 2014

ငွေစက္ကူ အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် ပုံစံမပြောင်းသည့် ငါးထောင်တန် ငွေစက္ကူ အသစ်ထုတ်လုပ် ယခုလက်ရှိ ငါးထောင်တန်များ တရားဝင်အဖြစ် ဆက်လက်တည်ရှိ



ငွေစက္ကူ သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်  လုံခြုံရေး ကြိုးပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ မျက်နှာပြင်ကို Varnish  (အရောင်တင်ဆီ) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့်  ပုံစံမပြောင်းသော ၅၀၀၀ ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှ စတင်ထုတ်ဝေမည်ဟု စက်တင်ဘာ ၁၈ ရက် ညရှစ်နာရီ သတင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်သည်။

မူလက ငါးထောင် ကျပ်တန် ငွေစက္ကူ ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြုပ်နှံထားသည့် လုံခြုံရေး ကြိုးအစား အသစ် ထွက်ရှိလာမည့်  ၅၀၀၀ ကျပ်တန် ငွေစက္ကူတွင် အရောင် ပြောင်းလဲနိုင်သည့် လုံခြုံရေး ကြိုးအသစ်ကို အကန့်လိုက် ဆစ်ပိုင်းပြီး ပြောင်းလဲ ထည့်သွင်း ထားသည်။

၎င်း လုံခြုံရေး ကြိုးအသစ်သည် ယခင်အရွယ်အစားထက်  ပိုမိုကြီးပြီး အရောင်လည်း ပြောင်းလဲနိုင်ကာ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေး ကြိုး၏ အနေအထားသည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။
ငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်သည်။
ယခုထုတ်လုပ်မည့် ငွေစက္ကူတွင် ထည့်သွင်းပါဝင်မည့် ဗားနစ် အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ အရည်များနှင့် အရောင် စွန်းထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ အရည် အသွေး နိမ့်ကျ၍ ပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ အသုံးပြုနိုင်သည့် သက်တမ်းကို ပိုမို ရှည်ကြာ စေမည် ဖြစ်သည်။

ယခု ထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူသည် လုံခြုံရေး ကြိုးပုံစံသစ်၊ ရေစာသစ်နှင့် မျက်နှာပြင်နှစ်ဘက်ကို  Varnish  အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်းမှ အပ ငွေစက္ကူ၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင် သတ်မှတ်ချက်များသည် မူလ ငါးထောင် ကျပ်တန် ငွေစက္ကူအတိုင်း ဖြစ်သည်။
လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင် ငွေအဖြစ် ဆက်လက် တည်ရှိမည် ဖြစ်သည်ဟုလည်း သတင်းတွင် ထည့်သွင်းကြေညာသည်။


From: (မဇ္ဈိမ)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...