Wednesday, 17 September 2014

Eleven Media လို နာမည်ကြီး သတင်းဌာနတစ်ခုအနေနဲ့ ယခု ကိုယ်ဖော်ပြထားတဲ့သတင်းကို ကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းမှာလား.. ?


မရေးချင်ပေမယ့်လည်း ရေး၊ မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။

Eleven Media မှာ ဖော်ပြထားတဲ့ “တရုတ်တောင်တက်အဖွဲ့ အဆင့်မမီသောကြောင့် ပြန်လွှတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းကိုပါ။

ပထမဆုံးပြောချင်တာက အဆိုပါ စကားအသုံးအနှုန်းအား ယခုလက်ရှိ Htoo Foundationရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ လုံးဝထုတ်ပြန် ပြောဆိုခြင်းမရှိဘူး ဆိုတာပါပဲ။

အခြားသတင်းမီဒီယာများက ကျွန်တော့်ဆီ တိုက်ရိုက်ဆက်သွယ် သတင်းမေးမြန်းကာ ပြန်လည် ဖော်ပြကြပေမယ့်လည်း ယနေ့အထိ ကျွန်တော့်အား Eleven Media မှ လုံးဝဆက်သွယ်မေးမြန်းခြင်း မရှိခဲ့ပါဘူး။

တစ်ခုမေးချင်ပါတယ်။ Eleven Media အနေနဲ့ ကာယကံရှင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့ ပုတ်ခတ်မှု ဆန်ဆန် စာသားမျိုးတွေ သုံးပြီး ကာယကံရှင် ကိုယ်တိုင် ပြောပြသယောင် သတင်းကို ကိုယ့်စိတ်ကြိုက်တည်ဆောက် ဖော်ပြခွင့်ရှိပါသလား။ ကိုယ့်ဂျာနယ်၊ ကိုယ့်သတင်း ရေးချင်သလို ရေးမယ်ဆိုရင်တော့ စာနယ်ဇင်းကျင့်ဝတ်၊ သတင်းကျင့်ဝတ် ဘယ်မှာလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။

ကျွန်တော် တစ်ခုချင်း ပြန်လည် ဖြေရှင်းပြောပြပါ့မယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းနှင့် တရုတ်သံရုံးတို့၏ ကမ်းလှမ်း စီစဉ်မှုဖြင့် ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ကယ်ဆယ်ရာမှာ စေတနာနဲ့ လာရောက်ကူညီသော အဖွဲ့အစည်းပါ။ သဘောတရား တစ်ခုအနေနဲ့ ပြောရရင် ဧည့်သည်က အိမ်ရှင်ကို လာရောက်ကူညီပေးခဲ့တာပါ။ သူတို့အနေနဲ့ ပူတာအိုရှိ ထူးဖောင်ဒေးရှင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းနဲ့ စစ်ဘက်နယ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှ ရာသီဥတုနဲ့ တခြားအခက်အခဲတစ်ချို့ကြောင့် အခြေအနေမပေးလို့ တရုတ်နိုင်ငံဘက်ကနေ ခါကာဘိုရာဇီတောင်တက်ရန် သူတို့နည်း၊ သူတို့ဟန်နဲ့ ကြိုးစားမယ်ဆိုပြီး နောက်ဆုတ်ခဲ့တာပါ။

ယခုလို Eleven က သုံးနှုန်းထားတဲ့ “အဆင့်မမီသောကြောင့် ပြန်လွှတ်” ဆိုတာမျိုးကတော့ အတော်ကို ရိုင်းစိုင်းပါတယ်။ ဧည့်ဝတ်ကျေတယ်ဆိုပြီး နာမည်ကြီးတဲ့ အိမ်ရှင် ရွှေမြန်မာတို့အတွက် မသုံးသင့်တဲ့ အသုံးအနှုန်းမျိုးနဲ့ လာရောက်ကူညီတဲ့သူတွေကို ရင်ဝ ဆောင့်ကန်သလိုဖြစ်သွားပါတယ်။ အကြောင်းချင်းရာ တိတိကျကျ မသိပဲ သတင်းရေးမယ်ဆိုရင်တော့ ယုံကြည်ရတဲ့ သတင်းဌာနတစ်ခု ဖြစ်နိုင်စရာမမြင်တော့ပါဘူး။ သတင်းဌာနတစ်ခုအတွက် စာဖတ်ပရိသတ်ရဲ့ ယုံကြည်မှုက ဘယ်လောက် အရေးကြီးသလဲဆိုတာ သိသင့်ပါတယ်။

Eleven Media လို နာမည်ကြီး သတင်းဌာနတစ်ခုအနေနဲ့ ယခု ကိုယ်ဖော်ပြထားတဲ့သတင်းကို ကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းမှာလားလို့ မေးခွန်းထုတ်လိုက်ပါရဲ့ဗျာ
 
 
From: Phyo Ko

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...