Sunday, 7 September 2014

ဒေသခံခိုလုံလီရှောတိုင်းရင်းသား (၂)ဦးအား KIA နှင့် TNLA အဖွဲ့မှ ခြိမ်းခြောက်ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ ကုန်ကန်ကျေးရွာနေ ရွာသား(၂)ဦးအား စက်တင်ဘာ(၃)ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
ပူးပေါင်းအဖွဲ့မှ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါအဖွဲ့မှ ဖမ်းဆီးသွားသော ရွာသားနှစ်ဦးမှာ ဦးဝမ်လော(ဘ)ဦးရှန်ရှင်း၊
(၅၅)နှစ်၊ ခိုလုံလီရှော/ ဗုဒ္ဓနှင့် မောင်ဝမ်အန်း (ဘ)ဦးကျင်အန်း၊(၂၁)နှစ်၊ခိုလုံလီရှော /ဗုဒ္ဓတို့ဖြစ်ကြောင်း သိရသည်။

`` ငါတို့ကို လူနည်းစုတိုင်းရင်းသားတွေဆိုပြီး အနိုင်ကျင့်တာလေ၊ ငါတို့လူမျိုးတွေက လက်နက်ကိုင်ပြီးသူပုန်မလုပ်တော့ ကာကွယ်ပေးမယ့်သူမရှိဘူး၊ သူတို့လုပ်သမျှခံနေရတာဟု ´´ ကုန်ကန်ရွာသားတစ်ဦးက ပြောသည်။

KIA နှင့် TNLAအဖွဲ့သည် ဦးဝမ်လောအား ဒေသခံများအပေါ် ၄င်းတို့အဖွဲ့မှ လူသစ်စုဆောင်းနေမှုနှင့် ပတ်သတ်ပြီး လိုက်ပါခြင်းမပြုရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်နေခြင်းကြောင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူမောင်ဝမ်အန်းကိုလည်း ၄င်းတို့တောင်းခံထားသော လူသစ်အမည်စာရင်းတွင် ပါဝင်နေသောကြောင့် လာရောက် အပ်နှံခြင်းမပြုသည့်အတွက် ယင်းအဖွဲ့မှ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

KIA နှင့် TNLA အဖွဲ့(၂)ဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပြုလုပ်နိုင်သော အဖွဲ့များဖြစ်ပြီး ယခုကဲ့သို့ လူနည်းစုတိုင်းရင်းသားများအပေါ် အနိုင်ကျင့်နေမှုများက မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ကိုယ်ပိုင်ဖက်ဒရယ်ပြည်ထောင်စု ၊ ကိုယ်ပိုင်တပ်မတော်များ ပေးလိုက်ပါက ၄င်းတို့၏ဖိနှိပ်အုပ်ချုပ်သမျှကို လူနည်းစု တိုင်းရင်းသားများ ခံကြရမည်သာဖြစ်ကြောင်း ၊ သို့ဖြစ်၍ KIA နှင့် TNLAတို့၏ လုပ်ရပ်များကို ခိုလုံလီရှော တိုင်းရင်းသား များက ကျေနပ်မှုမရှိကြောင်း နမ့်ခမ်းမြို့ခံ ခိုလုံလီရှော တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

နန်းနုနုရွှေ
From: Kachin Daily News

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...