Monday, 13 October 2014

B4 ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပြီးနောက် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ဦးရွှေရင်တော်ကြီးတို့ ကြုံတွေ့ခဲ့ရသည့် မှတ်တမ်း




စက်တင်ဘာလ(၂၇)ရက်နေ့ (မွန်းလွဲ ၂း၀၀ နာရီ ၀န်းကျင်)
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် တဟွန်ဒန်းရွာ ၌ ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ရှာဖွေနေသည့်အဖွဲ့များကို ကြီးကြပ်ကွပ်ကဲရင်း ရိက္ခာပို့လာမည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်ကို မျှော်နေခဲ့သည်။ မွန်းလွဲ ၂ နာရီခန့်တွင် နောင်မွန်းမြို့ကို ရဟတ်ယာဉ် ဖြတ်သွားကြောင်း သိရပြီး မွန်းလွဲ ၂း၄၀ တွင် ရဟတ်ယာဉ်နှင့် မြေပြင်အဖွဲ့များ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
(မွန်းလွဲ ၂း၄၀ နာရီနောက်ပိုင်း)
B4 ရဟတ်ယာဉ်သည် မတော်တဆမှု ဖြစ်ခဲ့ပြီး ရွှေရင်တော်ကြီးသည် ကံကောင်းထောက်မစွာဖြင့် ပြင်ပ ဒဏ်ရာ အနည်းငယ်သာ ရသော်လည်း ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူးတို့မှာ ပြင်းထန်သည့် ဒဏ်ရာများ ရခဲ့ကြသည်။ ဦးအောင်မြတ်တိုး ဒဏ်ရာအခြေအနေမှာ ပိုမိုပြင်းထန်ပြီး လှုပ်ရှားရန်ပင် အခက်အခဲရှိနေသည်။ ယင်းတို့နှင့် အတူပါလာသော ဆက်သွယ်ရေးစက်အားအလုံးမှာလည်း ရဟတ်ယာဉ် မတော်တဆမှုနှင့် အတူ ပျက်စီးခဲ့သည်။ ထိုင်းရဟတ်ယာဉ်မှူး၊ မြန်မာရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီး တို့ (၃) ဦးသည် စက်တင်ဘာ (၂၇)ရက်၊ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မတော်တဆမှုဖြစ်ပွားခဲ့သည့် နေရာနှင့် မလှမ်းမကမ်းမှာပင် အချမ်းသက်သာစေရန် အ၀တ်များပတ်၍ ပလပ်စတစ်အစကို ခေါင်းပေါ်ခြုံပြီး တစ်ညလုံး မအိပ်ဘဲနေခဲ့ရသည်။
စက်တင်ဘာလ(၂၈)ရက်နေ့
ထိုင်းနှင့်မြန်မာ ရဟတ်ယာဉ်မှူး နှစ်ဦးတို့သည် ဒဏ်ရာအသီးသီးရရှိထားသော်လည်း အားတင်း၍ ရွှေရင်တော်ကြီးနှင့်အတူ တောင်အောက်သို့ ခြုံနွယ်များအကြား တိုးပြီး ခက်ခက်ခဲခဲ အတူဆင်းခဲ့ကြသည်။ ရွှေရင်တော်ကြီးသည် ရှေ့မှ ဦးဆောင် လမ်းရှာပြီး ရဟတ်ယာဉ်မှူးနှစ်ဦးကို ပြန်လာခေါ်၍ နံနက်(၁၀:၀၀) နာရီခန့်တွင် ချောင်းငယ်လေး တစ်ခုသို့ ရောက်ခဲ့ကြသည်။သူတို့သုံးဦးသည် ချောင်း၏ အဆုံး၌ ရွာရှိနိုင်သည်ဆိုသော မျှော်လင့်ချက်ဖြင့် ချောင်းရိုးအတိုင်း ဆက်လျှောက်ခဲ့ကြသည်။ ချောင်းငယ်လေး၏ဘေးရှိ ဌက်ပျောပင်များ ပေါက်ရောက်နေသော ချိုင့်အတွင်း သုံးဦးစလုံး ထိုနေ့ည အိပ်စက်ခဲ့သည်။ အိပ်စက်ရာတွင် အခင်းအဖြစ် အသုံးပြုနိုင်ရန် ရွှေရင်တော်ကြီးက ဌက်ပျောရွက်များကို သွားဖြင့် ကိုက်ဖြတ်ပြီး ရဟတ်ယာဉ်မှူး နှစ်ဦးအတွက် ခင်းပေးခဲ့သည်။
စက်တင်ဘာလ (၂၉)ရက်နေ့
ယင်းနေ့ မနက်ခင်းတွင် မြန်မာရဟတ်ယဉ်မှူး ဦးအောင်မြတ်တိုး၏ ဒဏ်ရာအခြေအနေမှာ ဆိုးရွားလာပြီး လမ်းလုံးဝမလျှောက်နိုင်သည့် အခြေအနေသို့ရောက်ခဲ့သည်။ ထို့ကြောင့် ရွှေရင်တော်ကြီးက အားတင်းပြီး သုံးယောက်အတူ ဆက်သွားကြရန် ဦးအောင်မြတ်တိုးအား အားပေးပြောဆိုခဲ့သည်။ သို့သော်လည်း ဦးအောင်မြတ်တိုးက လမ်းလုံးဝ မလျှောက်နိုင်တော့သဖြင့် ၎င်းအား ထားခဲ့ရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များထံ အကြောင်းကြားပြီး အမြန်ဆုံး ပြန်လာခေါ်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ရွှေရင်တော်ကြီးသည် ကယ်ဆယ်ရေး အဖွဲ့များအား ဦးအောင်မြတ်တိုး စောင့်ဆိုင်းနေရန်အတွက် လုံခြုံသည့် နေရာ တစ်ခု ရှာဖွေခဲ့ရာ
ချောင်းငယ်ဘေးတွင် ကျောက်ဂူတစ်ခု တွေ့ရှိပြီး ဦးအောင်မြတ်တိုးအား ဂူအတွင်းသို့ ပြောင်းရွှေ့ထားပေးခဲ့သည်။ ထို့အပြင် လက်ဝယ်ရှိသမျှ ရိက္ခာအားလုံးကိုလည်း ဦးအောင်မြတ်တိုးအားပေး၍ ရွာရောက်သည်နှင့် ချက်ချင်းပြန်လာခေါ်မည်ဟု ရွှေရင်တော်ကြီးက ပြောခဲ့သည်။ ထိုနောက် ဦးအောင်မြတ်တိုးအား ပြန်လည်ခေါ်ဆောင်နိုင်ရန် အဆိုပါ ကျောက်ဂူအား အမှတ်အသားများပြုလုပ်ခဲ့သည်။
ထိုနောက် ထိုင်းရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီးတို့သည် နံနက် ၆:၃၀ တွင် လမ်းရှာရန် ချောင်းရိုးအတိုင်း ဆက်လက်ထွက်ခွာခဲ့သည်။ သို့သော် အချို့နေရာများတွင် ချောက်ကပါးများရှိနေသဖြင့် တောင်ပေါ်သို့ ခက်ခက်ခဲခဲ ပြန်တက်ကြရပြန်သည်။ထိုသို့ တက်ရောက်ရာတွင် ရွှေရင်တော်ကြီးက ရှေ့မှ လမ်းရှာတက်ပြီမှ ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လာခေါ်ဆောင်ရခြင်းဖြစ်သည်။ ယင်း ချောင်း နဘေး၌ ၄င်းတို့နှစ်ဦး ညအိပ်ခဲ့ရသည်။ ညအိပ်ရာတွင် အခင်းနှင့် မိုးရွာပါက ကာရန်အတွက် ဌက်ပျောရွက်များကို ရွှေရင်တော်ကြီးက သွားဖြင့် ကိုက်ပြီး ထိုင်းရဟတ်ယာဉ်မှူးအားပေးခဲ့သည်။ အိပ်သည်ဆိုသော်လည်း နှစ်ယောက်စလုံးသည် ထိုင်လျှက်အနေအထားဖြင့်သာ ကြက်အိပ်ကြက်နိုးအိပ်ကြရခြင်းဖြစ်သည်။ ထိုအချိန်တွင် ရိက္ခာအနေဖြင့် သူတို့နှစ်ဦးတွင် ၀ီစကီတစ်ပုလင်းနှင့် ရေဆူဆေးပြား တစ်ဘူးသာ ရှိသည်။
စက်တင်ဘာလ (၃၀)ရက်နေ့
ရွှေရင်တော်ကြီးနှင့် ထိုင်းရဟတ်ယာဉ်မှူးတို့သည် ချောင်းရိုးအတိုင်း ဆက်လက်သွားခဲ့ကြသည်။ ယင်းနေ့ တစ်နေ့လုံး ချောင်းရိုးအတိုင်း ကြိုးစားပြီး ခရီးဆက်ခဲ့ကြရသည်။ တစ်ချို့နေရာများတွင် ချောင်းရိုးအတိုင်း ဆက်လျှောက်ရန် လမ်းမရှိသောကြောင့် တောင်ပေါ်သို့ တက်ကြရပြန်သည်။ တောင်စောင်းအတိုင်း ခက်ခက်ခဲခဲသွားကြရပြီး လမ်းပြန်မြင်ရချိန်မှ ချောင်းဆီသို့ ပြန်ဆင်း ကြရခြင်းဖြစ်သည်။ထို့အပြင် ချောက်ကမ်းပါးများကိုလည်း သစ်ကိုင်းများထိုး၍ ခက်ခဲစွာ ဖြတ်ကြရပြန်သည်။ ညအိပ်ချိန်ရောက်သောအခါ ချောင်းအထိ ပြန်ဆင်းရန် အလှမ်းဝေးသဖြင့် တောင်စောင်း၌ ဌက်ပျောပင်များကို ခြေကန်၍ မှီအိပ်ခဲ့ကြရသည်။
အောက်တိုဘာလ (၁)ရက်နေ့
အောက်တိုဘာ (၁)ရက်နေ့တွင်လည်း လမ်းရှာရန် ရွှေရင်တော်ကြီးက ဦးဆောင်၍ ထိုင်းရဟတ်ယာဉ်မှူးကို ခေါ်ယူကာ တောင်စောင်းအတိုင်း ဆက်လက်ထွက်ခွာခဲ့သည်။ ယင်းနေ့ မွန်းတည့် (၁၂:၀၀) နာရီတွင် ၄င်းတို့နှစ်ဦးသည် တောင်ကုန်းတစ်ခုအပေါ်ရောက်ခဲ့ကြပြီး မိနစ်(၃၀)ခန့် နားကာ မီးဖိုပြီး အချက်ပြနိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုင်းရဟတ်ယာဉ်မှူးကလည်း အရေးပေါ်အချက်ပြရန် ကြိုးပမ်းသည့်အနေဖြင့် မီးဖိုရန်ပြောခဲ့သည်။ ထိုနောက် ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းငယ်နဘေးနားသို့ ပြန်ရောက်ခဲ့ကြသည်။ ညပိုင်းအရောက်တွင် ချောင်းဘေး၌ အိပ်ခဲ့ကြသည်။ ယင်းညက မီးဖိုရန်ကြိုးစားသော်လည်း မည်သို့မျှမရဖြစ်ခဲ့သည်။ အချမ်းသက်သာစေရန် သစ်ကိုင်းခြောက်များနှင့် ဌက်ပျောဖက်များကိုအသုံးပြု၍ အိပ်ခဲ့ကြရသည်။
အောက်တိုဘာလ (၂)ရက်နေ့
ယင်းနေ့နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးက ဒဏ်ရာနာကျင်သည်ဟု ပြောသဖြင့် ရွှေရင်တော်ကြီးက အနာကျတ်ဆေးဖြင့် လိမ်းပေးခဲ့သည်။ ထိုနောက် ဆက်လက်လျှောက်ခဲ့ကြရာ ထိုင်းရဟတ်မှူးက တောင်အတက်အဆင်း ပြုလုပ်ရန် မိမိမတတ်နိုင်တော့ကြောင်း ရွှေရင်တော်ကြီးအား မွန်းလွဲ (၁)နာရီခန့် တွင် ပြောခဲ့သည်။ ရှေ့ဆက် ခရီးဆက်ရန် တောင်စောင်းဘက်သို့ တစ်မိုင်ခန့် တက်ပြီးမှ ချောင်းဆီသို့ ပြန်ဆင်းရ မည်ဖြစ်သည်။ ထိုင်းရဟတ်ယာဉ်မှူးသည်လည်း မတတ်နိုင်တော့ပြီဖြစ်၍ ရွှေရင်တော်ကြီးက တနည်း စဉ်းစားရပြန်သည်။ ချောင်းတစ်ဘက်ကိုကူး၍ ခရီးဆက်ရန် အကြံပေါ်သဖြင့် ရွှေရင်တော်ကြီးက သစ်ကိုင်းခြောက်များသုံး၍ ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ကူးကြည့်ခဲ့သည်။ ထို့နောက် ချောင်းတစ်ဘက်ကမ်းသည် မြေပြန့်ဖြစ်နေပြီး ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို တွဲကာ နှစ်ယောက်အတူ ချောင်းကိုကူးခဲ့သည်။
ထို့နောက် ချောင်း၏ မြေပြန့်ရှိသည့် ဘက်မှ ချောင်းရိုးတစ်လျောက် သူတို့နှစ်ဦး ဆက်လျောက်ခဲ့ကြသည်။ ထိုနောက် မြေပြန့်အဆုံးတွင် ချောက်ကမ်းပါးများ ခံနေပြန်သဖြင့် ချောင်းတစ်ဘက်သို့ နှစ်ယောက်သား ခက်ခက်ခဲခဲ ပြန်ကူးကြရလေသည်။ ထို့နောက် ထိုင်း ရဟတ်ယာဉ်မှူးက နားချင်သည်ဆို၍ ခေတ္တနားချိန်တွင် ရွှေရင်တော်ကြီးသည် အိပ်ရန်အတွက် သစ်ပင်ကြီးကြီးရှာပြီး ထိုင်းရဟတ်ယာဉ်မှူးအား ပြန်လာခေါ်ခဲ့သည်။
အောက်တိုဘာလ(၃)ရက်နေ့
နံနက် (၆)နာရီတွင် ရွှေရင်တော်ကြီးသည် ထိုင်းရဟတ်ယာဉ်မှူးအား တွဲခေါ်၍ ခရီးဆက်ခဲ့ကြသည်။ သုံးနာရီခန့် လမ်းလျောက်ခဲ့ကြပြီး ထိုင်းရဟတ်ယာဉ်မှူးမှာ ပင်ပန်းလွန်းသဖြင့် နားမည်ဟုဆိုသည်။ ရွှေရင်တော်ကြီးက လမ်းဆက်ရှာရာ တောင်စောင်းမှ ပြုတ်ကျခဲ့ပြန်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာကြီးကြီး မားမားမရဘဲ ထိုနေ့အတွက် နားရန် သင့်တော်သည့် နေရာတွေချိန်တွင် ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လာခေါ်နိုင်ခဲ့ သည်။ ထိုနောက် တောင်စောင်းအတိုင်း ပြန်ဆင်းခဲ့ကြပြီး မြေပြန့်ရှိ ၀ါရုံတော တစ်တောတွင် အိပ်ခဲ့ကြသည်။ ယင်းညတွင် ၀ါးရုံတောဖြစ်၍ အချမ်းသက်သာစေရန် မီးဖိုရာတွင် အဆင်ပြေခဲ့သည်။
အောက်တိုဘာလ(၄)ရက်နေ့
ဒဏ်ရာရရှိထားသည့် အပြင် တောင်ဆင်း၊တောင်တက်ခရီးများကြောင့် ထိုင်းရဟတ်ယာဉ်မှူးမှာအလွန်ပင်ပန်းနေပြီဖြစ်သည်။ထို့ကြောင့် ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို ကူညီဖေးမ၍ နံနက် (၆)နာရီတွင် ခရီးဆက်ထွက်ခဲ့သည်။ လမ်းခရီးတွင် ထိုင်းရဟတ်ယာဉ်မှူး ဆက်မလျှောက်နိုင်တော့သဖြင့် ခေတ္တအမောဖြေစေပြီး ရွှေရင်တော်ကြီးက လမ်းကြောင်းရှာထွက်ခဲ့သည်။ အဆင်ပြေမည့် လမ်းကြောင်းတွေ့၍ ထိုင်းရဟတ်မှူးကို ပြန်လာခေါ်ရာ လူချင်းကွဲနေသဖြင့် (၂)နာရီခန့် ရှာခဲ့ရသည်။ ချောင်းအတိုင်းသွားကြရာတွင် အချို့နေရာများ၌ ချောက်ကမ်းပါး၊ ရေတံခွန် စသည့် အတားအဆီးများကြောင့် လမ်းအခက်အခဲရှိသဖြင့် တောင်စောင်းများ အတိုင်း နှစ်ဦးသား အတက်အဆင်းလုပ်ကြရသည်။ ထို့နေ့ ညနေခင်းတွင် ထိုင်းရဟတ်ယာဉ်မှူးသည် တောင်အတက်အဆင်းလုပ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထိုကြောင့် ချောင်းအနီးတွင် အိပ်ခဲ့ကြသည်။
အောက်တိုဘာလ( ၅)ရက်နေ့
တောင်ဆင်းတောင်တက်လုပ်ရန် အခက်အခဲရှိနေပြီဖြစ် ၍ ချောင်းရိုးအတိုင်းဆက်လက်သွားခဲ့ကြပြီး ချောက်ကမ်းပါး စသည့် အတားအဆီးများကြုံချိန်တွင် ချောင်းတစ်ဖက်ကမ်းသို့ ကူး၍ ခရီးဆက်ခဲ့ကြသည်။ ယင်းနေ့ တစ်ရက်တည်းအတွင်း ရွှေရင်တော်ကြီးနှင့် ထိုင်းရဟတ်ယာဉ်မှူးတို့ သည် ချောင်းကို (၇) ကြိမ် ဖြတ်ကူးခဲ့ရသည်။ ယင်းညပိုင်းတွင်လည်း ချောင်း၏ ၀ါးတောအနီးတွင်ပင် အိပ်ခဲ့ကြသည်။
အောက်တိုဘာလ (၆)ရက်နေ့
ယင်းနံနက်ပိုင်း၊ (၆)နာရီခန့်တွင် ချောင်း၏ ၀ါးတောရှိသည့် ဘက်အခြမ်းမှ တစ်ဖက်ကမ်းသို့ ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို တွဲ၍ကူးခဲ့ကြရာ ထိုင်းရဟတ်ယာဉ်မှူးက ရှေ့ဆက်၍ သူမလိုက်နိုင်တော့ကြောင်း ရွှေရင်တော်ကြီးအား ပြောခဲ့သည်။ ရွှေရင်တော်ကြီးက ဆက်လိုက်ရန် ကြိုးစားပြီးအား ပေးစကားပြောသော် လည်း ရဟတ်ယာဉ်မှူး၏ အခြေအနေမှာ လုံးဝ မလှုပ်ရှားနိုင်တော့သည့် အနေအထားဖြစ်နေသည်။ ထို့ကြောင့် ရွှေရင်တော်ကြီးက သင့်လျော့်မည့်နေရာကို တတ်နိုင်သမျှရှာပြီး နောက်ဆုံးလက်ကျန်ရိက္ခာဖြစ်သည့် ၀ီစကီလက်ကျန်၊ ရေနှင့် အားဆေး နှစ်တောင့်တို့ကို ပေးခဲ့သည်။ ထို့ပြင် ရွှေရင်တော်ကြီးသည် ဌက်ပျော်ဖက်များကို ပါးစပ်ဖြင့် ကိုက်ဖြတ်ပြီး ထိုင်းရဟတ်ယာဉ်မှူးအတွက် အမိုးနှင့် အခင်းများပြုလုပ်ပေးခဲ့သည်။
ထိုနောက်ရွှေရင်တော်ကြီးသည် ချောင်းရိုးအတိုင်း ဟိုဘက်၊ဒီဘက် ကူး၍ ဆက်လက်ထွက်ခွာခဲ့သည်။ ချောက်ကမ်းပါးကဲ့သို့ အတားအဆီးများတွေလျင် ချောင်း၏ တစ်ဘက်ကမ်းမှ ထိုကဲ့သို့ ရှောင်၍ ကူးရခြင်းဖြစ်ရာ ရွှေရင်တော်ကြီးသည် စုစုပေါင်း အကြိမ်(၄၀)ခန့် အပြန်အလှန်ကူးခဲ့ရပြီး တစ်ကြိမ်လျင် (၂)မိနစ်မှ (၃)မိနစ်အထိ ရေကူးခဲ့ရသည်။
ချောင်းရိုးအတိုင်းဆင်းလာခဲ့သည့် ရွှေရင်တော်ကြီးသည် နေ့လည် (၁၁)နာရီခန့်တွင် တံတားတစ်ခုကို တွေ့သည်။ထိုတံတားမှ လွန်သောအခါ ရွှေရင်တော်ကြီးသည် တောင်ယာအခင်းဟောင်းတစ်ခုဟု ယူဆရသော နေရာသို့ ရောက်ခဲ့သည်။ လူသူရှိမည်လားဆိုသော မျှော်လင့်ချက်ဖြင့် ရွှေရင်တော်ကြီးက အော်ဟစ်အသံပြု သော်လည်း မည်သည့်အသံဗလံမှ မကြားရသဖြင့် ခရီးဆက်ခဲ့ရပြန်သည်။
ထိုမှ ရွှေရင်တော်ကြီးသည် ဆက်သွားရာ မွန်းတည့် (၁၂)နာရီခန့်တွင် တဲတစ်ခုကိုတွေ့သည်။ ယင်းတဲသည် တံခါးများဖွင့်ထားသည်ကို တွေ့ရသဖြင့် ရွှေရင်တော်ကြီးက ၀မ်းသာအားရဖြင့် အော်မိခဲ့သည်။ သို့သော် တဲအတွင်းလူမရှိကြောင်းတွေ့ရပြန်သည်။ အဆိုပါ တဲအတွင်းတွင် အိုးခွက်များ၊ နိုဆီဘူး ငါးလုံးခန့်ပါသည့် ဆန်အိတ်တစ်အိတ်နှင့် မီးဖိုတို့သာ ရွှေရင်တော်ကြီး တွေ့ရှိခဲ့သည်။ ရွှေရင်တော်ကြီးသည် အလွန်ပင်ပန်းဆင်းရဲသော တောတွင်းခရီးကြမ်းကို ဖြတ်သန်းခဲ့ရသဖြင့် အလွန်ဆာလောင်နေသည်။
ထို့ကြောင့် ဆန်တစ်ခွက်ယူချက်စားရန်အတွေးပေါ်ခဲ့သည်။ သို့သော် အခုပင် ဒုက္ခများနှင့် ရင်ဆိုင်နေရပြီး သူတစ်ပါး ပစ္စည်းကို ပိုင်ရှင်မသိဘဲယူရန် မသင့်ဟု တွေးမိကာ ရွှေရင်တော်ကြီးသည် အလွန်ဆာလောင်နေသည့် ကြားမှ ဘာမှမယူဘဲ တဲထဲမှ ပြန်ထွက်ခဲ့လေသည်။
အဆိုပါ တဲကိုကျော်၍ ရွှေရင်တော်ကြီးသည် နာရီဝက်ခန့်ဆက်သွားရာ အလွန်မတ်စောက်သော ချောက်ကမ်းပါးများသာတွေ့ရသည်။ ရွှေရင်တော်ကြီးသည် လုံးဝမရောက်ဖူးသောဒေသသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ လူကြီးသူမများပြောစကားအရ တရုတ်နိုင်ငံဘက်သွားသော လမ်းဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့သည်။
ထို့ကြောင့် ရွှေရင်တော်ကြီးသည် နောက်ကြောင်းပြန်လှည့်ခဲ့လေသည်။
ထိုသို့နောက်ကြောင်းပြန်လှည့်ရာတွင် အလာလမ်းတွင် တွေ့ခဲ့သည် တဲသို့ ရွှေရင်တော်ကြီး ပြန်ရောက်ခဲ့သည်။ ပင်ပန်းလွန်းပြီး အင်မတန်လည်း ဆာလောင်နေပြီဖြစ်သည့် ရွှေရင်တော်ကြီးသည် ယင်းတဲတွင် ခေတ္တနားပြီး ဆန်တစ်ခွက်ယူချက်ကာ စားကြည့်သည်။ သို့သော် အစာမစားသည်မှ ရက်အတန်ကြာပြီဖြစ်၍ ရွှေရင်တော်ကြီး တစ်ဇွန်းထက်ပိုမစားနိုင်ခဲ့ပါ။
သို့သော် သူတစ်ပါးပစ္စည်းယူမိသည်ဆိုသော စိတ်ခံစားချက်ဖြင့် မိမိဘာပြန်ပေးရမည်လဲကို စဉ်းစားရာ ရွှေရင်တော်ကြီးသည် မိမိနှင့်အတူပါလာသော ကျောပိုးအိတ်အတွင်းမှ ငွေ ငါးထောင်ကိုတွေ့ခဲ့သည်။ ယင်းငွေ ငါးထောင်ကို ဆန်အိတ်ထဲသို့ ပြန်ထည့်ပေးခဲ့လေသည်။
ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ အလာလမ်းတွင် ဖြတ်ခဲ့သည့် တံတားသို့ ရွှေရင်တော်ကြီး ပြန်ရောက် ခဲ့သည်။ ယင်းတံတား၏ အနောက်ဘက်ကို ဆက်သွားရန် ရွှေရင်တော်ကြီးက ဆုံးဖြတ်ခဲ့သည်။ အနောက်ဘက်သည်လည်း တောင်တက်လမ်းပင်ဖြစ်ပြီး မိုးချုပ်ချိန် ရွာတစ်ရွာတွေ့နိုင်သည်ဆိုသော မျှော်လင့်ချက်ဖြင့် ရွှေရင်တော်ကြီး ဆက်လျောက်ခဲ့သည်။ ညနေ (၃:၃၀) နာရီတွင် ရွှေရင်တော်ကြီး သည်တောင်ထိပ် တစ်ခုသို့ ရောက်ခဲ့သည်။ဤတောင်ကိုကျော်လျှင် ရွာတွေ့ကောင်းပါရဲ့ဟု တွေးပြီး ရွှေရင်တော်ကြီး နာရီဝက်ခန့် အမောဖြေရသည်။ ယင်းတောင်အကျော်တွင် မီးခိုးငွေ့များတွေ့၍ ရွှေရင်တော်ကြီး ဆက်လက်ဆင်းလာခဲ့သည်။ယင်းတောင်အဆင်းလမ်းတွင် နောက်ထပ် တစ်နာရီခန့် သွားခဲ့ပြီးနောက် လူ(ရ၀မ်လူမျိုး) တစ်ဦးကို ရွှေရင်တော်ကြီးတွေ့ခဲ့သည်။ ယင်းရ၀မ်လူမျိုးအား ရွှေရင်တော်ကြီးက အကျိုးအကြောင်းပြောခဲ့သည်။ ယင်းရ၀မ်လူမျိုးကို မေးမြန်းပြီး တစ်မိုင်ခန့်အဝေးတွင် ရှိသော လန်ဆာထုရွာသို့ ရွှေရင်တော်ကြီး ဆက်လက်ထွက်ခွာခဲ့သည်။
အောက်တိုဘာလ (၇) ရက်နေ့
ရွှေရင်တော်ကြီးသည် မရပ်မနားခရီးနှင်ခဲ့ရာ လန်ဆာထုရွှာသို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။လန်ဆာထုရွာဥက္ကဌမှ ထူးဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့ထံ ဆက်သွယ်ရေးစက်ဖြင့် ရွှေရင်တော်ကြီး လန်ဆာထုရွာသို့ရောက်ရှိနေကြောင်း ဆက်သွယ်သတင်းပို့ခဲ့သည်။
ထိုညနေပိုင်းတွင်ပင် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇနှင့် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ လန်ဆာထုရွာသို့ရောက်ရှိလာခဲ့သည်။
ရွှေရင်တော်ကြီးသည် ဦးတေဇနှင့် တွေ့ဆုံပြီး ဖြစ်ပျက်ပုံများကို အကျဉ်းပြောကြားကာ ကျန်လူနှစ်ဦးကို ကယ်ဆယ်နိုင်ရန် အကြောင်းကြားနိုင်ခဲ့သည်။ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ ရွာသားများ ညတွင်းချင်း တောအုပ်အတွင်း ၀င်ရောက်ပြီး ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူးကို ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သည်။
ရွှေရင်တော်ကြီးသည် ကြမ်းတမ်းခက်ခဲသည့် တောတွင်းခရီးကို
ဖြတ်သန်းခဲ့ရသော်လည်း အနားမယူဘဲ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံရွာသား များနှင့်အတူ ရဟတ်ယာဉ်မှူးနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဆက်လက်လိုက်ပါခဲ့သည်။
အောက်တိုဘာလ (၈)ရက်နေ့
နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးအား တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး ကပ္ပတိန် အောင်မြတ်တိုးအား ကယ်ဆယ်နိုင်ရန် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ ရွာသားများ တရကြမ်း ခရီးနှင်ခဲ့သည်။
အောက်တိုဘာလ (၉)ရက်နေ့
ကယ်ဆယ်ရေးအဖွဲ့များသည် ဦးရွှေရင်တော်ကြီး ခရီးနှင်ခဲ့သည့် (၈)ရက်ခရီးကို (၂)ရက်နှင့်ရောက်အောင် တရကြမ်း မရပ်မနား ခရီးနှင်ခဲ့ပြီး အောက်တိုဘာ (၉)ရက်နေ့ ညနေ (၄း၀၀)နာရီခန့်တွင် ဦးအောင်မြတ်တိုး ရှိနေသည့် ဂူသို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် ဂူအတွင်း ဦးအောင်မြတ်တိုးအား မတွေ့ရှိဘဲ ချောက်တစ်ခုထဲတွင် ကွယ်လွန်အနိစ္စ ရောက်ပြီး ဖြစ်နေသည့် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ရုပ်ခန္ဓာအား ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ရသည်။
ရွှေရင်တော်ကြီးသည် ခရီးကြမ်းနှင်ခဲ့သည့်အပြင် အင်အားနည်းနေသည့်ကြားမှ ဦးအောင်မြတ်တိုးအား အချိန်မီ ကယ်ဆယ်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့နှင့် ချက်ချင်းပြန်လိုက်ခဲ့သည်။ ၄င်းသည် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်လမ်းပြပြီး ဦးအောင်မြတ်တိုးအား ကယ်ဆယ်နိုင်ရန် ခွန်အားမှန်သမျှ အသုံးပြုခဲ့သည်။ ရွှေရင်တော်ကြီးသည် မောရမှန်းမသိခဲ့ပေ။ သို့ရာတွင် ကွယ်လွန်နေပြီဖြစ်သည့် ဦးအောင်မြတ်တိုး၏ ရုပ်အလောင်းအား တွေ့ရှိချိန်တွင် အလွန်စိတ်ထိခိုက် ကြေကွဲခဲ့သည်။
ပူတာအိုတွင် ရောက်ရှိနေသည့် ကပ္ပတိန် အောင်မြတ်တိုး၏ ဇနီးနှင့် မိသားစုထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး ကွယ်လွန်သူမိသားစု၏ ဆန္ဒအရ ကွယ်လွန်သူအား တွေ့ရှိသည့် နေရာတွင်ပင် အောက်တိုဘာ (၁၀)ရက်နေ့တွင် သဂြိုလ်ခဲ့ပါသည်။
အောက်တိုဘာ(၁၁)ရက်
ရွှေရင်တော်ကြီးသည် ရန်ကုန်မြို့သို့ အောက်တိုဘာ (၁၁)ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိပြီး ၀ိတိုရိယဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပါသည်။ ရွှေရင်တော်ကြီးသည် ဦးခေါင်း၌ ပြင်ပဒါဏ်ရာတစ်ခုနှင့် ကြွက်သားနာကျင်မှုအနည်းငယ်ရှိသော်လည်း နှလုံး၊ကျောက်ကပ်နှင့် အသည်း စသည့်အတွင်းအင်္ဂါများအားလုံး စိုးရိမ်စရာမရှိကြောင်း သိရှိရပါသည်။
လူသားချင်းစာနာမှုဖြင့် ပျောက်ဆုံးတောက်တက်သမားနှစ်ဦးကို ရှာဖွေသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သလို ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ရဟတ်ယာဉ်မှူး (၂)ဦး၏ အသက်ကို ကယ်ဆယ်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည့် ဦးရွှေရင်တော်ကြီးအား ထူးဖောင်ဒေးရှင်းမှ လေးစားဂုဏ်ပြုအပ်ပါသည်။
From: Htoo Foundation

www.mmdailystar.com

1 comments:

  1. စိတ်မကောင်းပါ သေဆုံးသူ အတွက် ၊ အကြံပေးလိုသည် မှာ ရဟတ်ယာဉ်မှူး လည်း တောင်တက် နားလည်၇န် လိုပါသည်။ မတော်တဆမှု ဖြစ်ခဲ့ ရင် အတွေး ရှိရင် ၊ ။ ၊ ။ ထူး boss လည်း အရင် က ဖြစ်ခဲ့ တာဘဲ ။ တန်ဖိုးရှိ တဲ့ လူတွေရဲ. အသက် ဘယ်လောက် ပေးဆပ် ရမှာ လည်း ။ ငွေကြေး တွေ ရာသက်ပန်ထောက်ပံ ပေမဲ့ လည်း မိသားစု အတွက် ပြည့် စုံ တယ်မရှိ ပါ။ ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူးတို ကို ကယ်ဆယ်နိုင်ရန် အသုံးပြုခဲ့သည့် ဦးရွှေရင်တော်ကြီး ကို လေးစားဂုဏ်ပြုပါသည် ။ မှတ်ချက်- မည်သူ.ကိုမှ မသိပါ ။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...