Monday, 6 October 2014

အကြမ်းဖက် ခေါင်းဆောင်တစ်ဦးကို ဇီဝိန်ခြွေခြင်း



မတ်အက်ဘ်ဒီဂိုဒါနဲ သေဆုံးသွားပြီ ဖြစ်ကြောင်း အိမ်ဖြူက စက်တင်ဘာလ အစောပိုင်းတွင် ထုတ်ပြန် ခဲ့သည်။ ဂိုဒါနဲသည် ကဗျာ အရေး ကောင်းသူတစ်ဦး ဖြစ်သည်။ အဟောအပြော ကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူအထူးအချွန် ဆုံးမှာ လူသတ်ခြင်း ဖြစ်သည်။ ဂိုဒါနဲမှာ နှယ်နှယ်ရရ လူတစ်ဦး မဟုတ်။ အယ်လ်ခိုင်ဒါနှင့် ပတ်သက်မှုရှိသော အစ္စလာမ် အစွန်းရောက် အယ်လ်-ရှာဘတ် သူပုန် အဖွဲ့ကို ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

ဆိုမာလီယာနိုင်ငံ မြို့တော် တောင်ဘက်ရှိ သူပုန်စခန်း တစ်ခုကို အမေရိကန်က လေကြောင်းမှ ထိုးစစ်ဆင်မှုကြောင့် ဂိုဒါနဲ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဂိုဒါနဲမှာ တန်ကြေး ကြီးမားသူတစ်ဦး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒေါ်လာ (၇) သန်း ဆုကြေး ထုတ်ခံထားရသူ တစ်ဦး ဖြစ်သည်။ ဂိုဒါနဲ၏ ထူးချွန်မှု မှတ်တမ်းကို ကြည့်ပါလေ။ အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၂၀၀၈ ခုနှစ်တွင် သူ့ရှေ့က ခေါင်းဆောင် အာဒန်ဟာရှီ အိုင်ရို သေဆုံးခဲ့ ပြီးနောက် အယ်လ်-ရှာဘတ် သူပုန်အဖွဲ့၏ တပ်မှူးကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။ ဆိုမာလီယာ နိုင်ငံတွင်း အကြမ်းဖက်မှုမျိုးစုံ ပြုလုပ်ခဲ့ သောကြောင့် တရားရုံးတစ်ရုံ၏ ၂၀၀၈ ခုနှစ်တွင် မျက်ကွယ်၌ သေဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ပညာလည်း စုံလှသူ ဖြစ်သည်။ ဆူဒန်နှင့် ပါကစ္စတန် တို့တွင် တိုက်ခိုက်ရေး ပညာများ သင်ယူခဲ့သည်။ အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ အမည်လွှဲ တစ်ခုမှာ မူခ်တာ အဘူ ဇူဘေယာ ဖြစ်သည်။

ဂိုဒါနဲ သေဆုံးခြင်းသည် အယ်လ်-ရှာဘတ် အတွက် စိတ်ပိုင်းနှင့် တိုက်ခိုက်ရေးပိုင်းအရ ဆုံးရှုံးမှုကြီးသာ ဖြစ်ကြောင်း ပင်တဂွန်၏ ပြောခွင့်ရှိ သူ ဗိုလ်ချုပ် ဂျွန်ကာရ်ဘီက ပြောဆိုခဲ့သည်။ အယ်လ်-ရှာဘတ် အတွက် စိတ်ဓာတ်ပိုင်း ဆုံးရှုံးမှုက တိုက်ခိုက်ရေးပိုင်း ဆုံးရှုံးမှုထက် ပိုမည် ထင်သည်။ အကြမ်းဖက် အဖွဲ့အစည်းများ ခေါင်းဆောင် များအား လေကြောင်းမှ ထိုးစစ်ဆင်ခြင်းနှင့် အထူး တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး သတ်ဖြတ်စေခြင်းသည် အိုဘားမား အစိုးရ အဖွဲ့၏ ခြေပေါ့သော၊ ကြည်းတပ် အင်အား အနည်းဆုံး အသုံးပြုရသော အကြမ်းဖက် နှိမ်နင်းရေး မဟာဗျူဟာ၏ ဗဟိုချက်တွင်ရှိ နေသည်။ ဒေသဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းခြင်း၊ ခိုင်မာသော ထောက်လှမ်းရေး စနစ်ထား ရှိခြင်းနှင့် မြေပြင် စစ်ဆင်ရေး လုံးဝ မပါဝင်ခြင်းသည် အိုဘားမား အစိုးရ အဖွဲ့၏ အဓိက ကျသော မဟာဗျူဟာ ဖြစ်ကြောင်း လုံခြုံရေး လေ့လာသူ စတီဖနီဂက် စကဲလ်က ပြောဆိုခဲ့သည်။ အကြမ်းဖက်အဖွဲ့ တစ်ခုခု၏ ခေါင်းဆောင်ပိုင်းကို ရှင်းလင်းပစ်ခြင်းကြောင့် အဖွဲ့၏ တိုက်ခိုက်နိုင် စွမ်းရည် ကျဆင်းသွားမည်နှင့် နောက်ဆုံးတွင် အဖွဲ့ ပြိုကွဲ သွားမည်ဟု ယူဆ သောကြောင့် လုပ်ကြံ သတ်ဖြတ်မှု များကို ပြုလုပ်နေခြင်း ဖြစ်သည်။ ယင်းအယူအဆ မှန်သည် မှားသည်ကို မသိနိုင်သေး သော်လည်း ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသည့် အကြမ်းဖက် အဖွဲ့များ၏ သမိုင်းကို ပြန်ကြည့်လျင်တော့ ယင်းအယူအဆနှင့် ပတ်သက်ပြီး သံသယ ၀င်စရာများရှိ လာခဲ့သည်။

စစ်သွေးကြွ အဖွဲ့တစ်ခုခု၏ ခေါင်းဆောင်ကို ဖမ်းမိခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခြင်း တို့ကြောင့် ယင်းအဖွဲ့ အားနည်းသွား စေခဲ့ကြောင်း ဥပမာ ပေးစရာများ ရှိနေပါသည်။ ၁၉၉၉ ခုနှစ်တွင် ခေါင်းဆောင် အဗ္ဗဒူလာ အိုကာလန် သေဆုံးခဲ့ ပြီးနောက် ကာဒစ္စတန် အလုပ်သမားများ ပါတီအမည်ရှိ အကြမ်းဖက် အဖွဲ့၏ တူရကီ နိုင်ငံတွင်း အကြမ်းဖက်မှုများ အရှိန်လျော့ကျ သွားခဲ့သည်။ ဂျပန်ရှိ ရှင်ရီကျို ဂိုဏ်းနှင့် ပီရူးရှိ ရှိုင်းနင်းပါ့သ် သူပုန် အဖွဲ့များ ကိုကြည့်လျင်လည်း ခေါင်းဆောင် သေဆုံး ပြီးနောက် အင်အားလျော့ကျ သွားကြောင်း တွေ့ရမည် ဖြစ်သည်။ အခြားတစ်ဖက်က ကြည့်လျင်လည်း အစ္စရေးသည် ဟာ့မာ့စ် ခေါင်းဆောင်များကို နှစ်ပေါင်းများစွာ ကြာအောင် လုပ်ကြံ သတ်ဖြတ်ခဲ့ သော်လည်း ပါလက်စတိုင်းရှိ စစ်သွေးကြွ အဖွဲ့မှာ ပြိုကွဲ သွားမည့် အစား အင်အားပင် ပိုကောင်းလာခဲ့ သည်။ မက္ကစီကိုရှိ မူးယစ်ခေါင်းဆောင် တစ်ဦး သေဆုံး ပြီးနောက် ခေါင်းဆောင် အဖြစ် ဆက်ခံခွင့် ရရှိရေး ယှဉ်ပြိုင်မှု များကြောင့် အကြမ်းဖက်မှုများပင် ပိုမိုများပြားလာခဲ့သည်။

အကြမ်းဖက် အဖွဲ့ခေါင်းဆောင် တစ်ဦးကို ရှင်းလင်းနိုင် ပြီးနောက် ယင်း အကြမ်းဖက် အဖွဲ့ပြိုကွဲ သွားသည် မသွားသည်နှင့် ပတ်သက်သော အချက်များမှာ ထွေပြား လှသည်။ ဥပမာပေး ရလျင် ၁၉၄၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ကြား ပစ်မှတ်ထားခံခဲ့ ရသည့် အကြမ်းဖက် ခေါင်းဆောင် (၂၉၈) ဦးနှင့် ပတ်သက်ပြီး ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ဂျန်နာ ဂျော်ဒန်က လေ့လာသမှု ပြုလုပ်ခဲ့သည်။ ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသော အကြမ်းဖက် အဖွဲ့ များသည် အခြား အကြောင်းကြောင့် ပြိုကွဲသွားသည့် အကြမ်းဖက် အဖွဲ့များထက် သက်တမ်းပိုရှည်လေ့ ရှိကြောင်း မစ္စဂျော်ဒန်က လေ့လာတွေ့ရှိ ခဲ့သည်။

လေ့လာမှု ကွဲပြားခြင်းကြောင့် ရလဒ်များလည်း ကွဲပြားတတ် ပါသည်။ အမေရိကန်ရှိ RAND ကော်ပိုရေးရှင်းမှ ပညာရှင် ပက်ထရစ် ဂျွန်ဆင် သည် ၁၉၇၅ ခုနှစ် မှ ၂၀၀၃ ခုနှစ် အတွင်း ပုန်ကန်မှု (၉၀) ကျော်ကို လေ့လာခဲ့ ရာ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ကို ရှင်းလင်းပစ်နိုင် ခြင်းကြောင့် အစိုးရများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အောင်မြင်နိုင်ခြေ ပိုများလာပြီး အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်နိုင်စွမ်း ကိုလည်း လျော့ကျ သွားစေကြောင်း တွေ့ရှိခဲ့သည်။ အရှေ့မြောက်ပိုင်း တက္ကသိုလ်မှ မာ့စ်အဘရာဟမ်နှင့် မစ်ရှီဂန် တက္ကသိုလ်မှ ဖိလစ် ပေါ်တာတို့၏ လေ့လာချက်တွင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ကို ရှင်းလင်းပစ် မှုကြောင့် အရပ်သား သေဆုံးမှု ပိုများ လာကြောင်း ဖော်ပြထားသည်။ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် သေဆုံး ပြီးနောက် တွင် အကြမ်းဖက် အဖွဲ့ဝင် များသည် မဟာဗျူဟာ ကျကျ တိုက်ခိုက်မှုများကို မပြုလုပ်တော့ဘဲ အရပ်သား၊ စစ်သားမရွေး တိုက်ခိုက်မှုများ ပြုလုပ် လာလေ့ ရှိကြောင်း အဘရာဟမ်နှင့် ပေါ်တာတို့က ပြောဆိုခဲ့သည်။

ခေါင်းဆောင်ကို ရှင်းလင်းပစ်သည့် နည်းလမ်း ထိရောက်မှု ရှိသည် မရှိသည်မှာ အဖွဲ့၏ အနေအထား ပေါ်တွင်လည်း မူတည် သေးသည်။ အကြောင်းအရင်း တစ်ခုတည်းကြောင့် အကြမ်းဖက် အဖွဲ့တစ်ခု ပြိုကွဲသွားခြင်း မဟုတ်ဘဲ ခေါင်းဆောင် သေဆုံးခြင်း၊ အစိုးရများနှင့် စေ့စပ်ဆွေးနွေးခြင်း၊ အများ ပြည်သူ၏ ထောက်ခံမှု လျော့ကျ သွားခြင်းနှင့် အဖွဲ့ဝင်များကြား ဖိနှိပ်မှု ရှိလာခြင်း တို့ကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်ကြောင်း ဂျော့ဂ်ျ မေဆင် တက္ကသိုလ်မှ သြော်ဒရေကာ့သ် ခရိုနင်၏ ၂၀၀၈ ခုနှစ်ထုတ် အကြမ်း ဖက်ဝါဒ ဘယ်လို အဆုံးသတ်လဲ ဆိုသည့် စာအုပ်တွင် ဖော်ပြ ထားသည်။ ခေါင်းဆောင် သေဆုံးမှုကြောင့် ပြိုကွဲ သွားသည့် အဖွဲ့မျိုး ဆိုသည်မှာ အဆင့်ဆင့် ဖွဲ့စည်းပုံ ရှိပြီး သက်တမ်းလည်းနု၊ ပုဂ်္ဂိုလ်ရေး ကိုးကွယ်မှုလည်း ရှိကာ ခေါင်းဆောင် နေရာကို ဆက်ခံမည့်သူ ထင်ထင်ရှားရှား မရှိသည့် အဖွဲ့မျိုးသာ ဖြစ်ကြောင်း သူက ရေးသားခဲ့သည်။

ဒါဖြင့်လျင် အယ်လ်-ရှာဘတ် ဆိုသည်မှာ ဘယ်လို အဖွဲ့မျိုး ဖြစ်သည်ကို သိဖို့ လိုလာပါပြီ။ ဒေးဗစ်ဆင် ကောလိပ်မှ အယ်လ်-ရှာဘတ်ကို နှစ်ပေါင်း များစွာ ကြာအောင် လေ့လာခဲ့သည့် နိုင်ငံရေး သိပ္ပံ ပါမောက္ခ ကန်နက်မန် ခေါက်စ်က ဂိုဒါနဲသည် အယ်လ်-ရှာဘတ်၏ မူဝါဒများနှင့် မဟာ ဗျူဟာများကို အဓိက ဖော်ဆောင်သူ တစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂိုဒါနဲ၏ သဘောတူညီမှု မရရှိဘဲ အခြား အဖွဲ့ဝင်များနှင့် ခေါင်းဆောင်ငယ် များသည် တိုက်ခိုက်မှုများကို မပြုလုပ်ရဲ ကြကြောင်း၊ အမိန့် မနာခံသည့် ခေါင်းဆောင်ငယ် များကို ဂိုဒါနဲ က ရှင်းလင်းပစ်လေ့ ရှိကြောင်း ပါမောက္ခ မန်ခေါက်စ်က ပြောသည်။ သို့သော် ၂၀၁၁ ခုနှစ်မှ စပြီး အာဖရိကသမဂ္ဂ ဦးဆောင်သော အဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် အယ်လ်-ရှာဘတ် အစည်းပြေ ခဲ့ပြီး ဆိုမာလီယာရှိ အဓိကကျသော မြို့များ ထွက်ခွာခဲ့ရသည်။ ဆိုမာလီယာ ကျေးလက်ရှိ အကြမ်းဖက် အဖွဲ့ဝင်များ သည် ဗဟိုဌာနချုပ်နှင့် ဝေးရာတွင် ထင်ရာဆိုင်း လုပ်ဆောင်နေခဲ့ရာ ဂိုဒါနဲ သေဆုံးမှုကြောင့် အဖွဲ့၏ အောက်ခြေအဆင့်တွင် အပြောင်းအလဲ ကြီးကြီးမားမားရှိ လာမည် မဟုတ်ချေ။

ပြောရလျင် အယ်လ်-ရှာဘတ်သည် ယခင်ကလည်း ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်မှုများနှင့် ကြုံခဲ့ရပြီး ပြန်လည် ဦးမော့နိုင်ခဲ့သည် ချည်းသာ ဖြစ်ကြောင်း မန်ခေါက်စ်က ပြောသည်။ ၂၀၀၈ ခုနှစ်တွင် ခေါင်းဆောင် အာဒန်ဟာရှီ အိုင်ရို သေဆုံးခဲ့ ပြီးနောက် ဂိုဒါနဲက သူ့နေရာတွင် အစားထိုး ၀င်ရောက်ခဲ့ပြီး ဆိုမာလီယာတွင် တိုက်ခိုက်မှု ကြီးများကို ဆက်လက်ပြုလုပ် ခဲ့သည်။ ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့ရှိ လူ (၇၀) ဦးနီးပါး သေဆုံးခဲ့သည့် ၀က်စ် ဂိတ်ဈေးဝယ် စင်တာ တိုက်ခိုက်မှုကို ဥပမာ အဖြစ် ကြည့်နိုင်သည်။ အယ်လ်-ရှာဘတ်သည် ယခုအချိန်တွင် ဂိုနာဒဲ နေရာကို ဆက်ခံမည့် သူအား ရွေးချယ် ထားပြီး ဖြစ်ကာ ပညာရေး နှင့် ကျန်းမာရေး အဆောက်အအုံ များကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေး ဌာနများက သတိပေး ထားသည်။

ယင်းအချက် များကြောင့် အယ်လ်-ရှာဘတ်သည် ခေါင်းဆောင် သေဆုံးမှုကြောင့် ပြိုလဲ သွားမည့် အဖွဲ့မဟုတ်ကြောင်း ထင်ရှားလာပြီ ဖြစ်သည်။ သို့သော် ဆိုမာလီယာ အစိုးရ၏ အယ်လ်-ရှာဘတ် အဖွဲ့ဝင်များ အဖွဲ့မှ နုတ်ထွက်ပြီး လက်နက်ချ ခဲ့လျင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သောကြောင့် ယင်းလွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံမည် မခံမည်က အဖွဲ့ သက်ဆိုးရှည်မည် မရှည်ကို ဆုံးဖြတ်ပေးနိုင်ခြေ ရှိနေသည်။ မကြာသေးမီရက်များ အတွင်းမှာပင် အဖွဲ့ဝင် အတော်များများ အဖွဲ့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ အယ်လ်-ရှာဘတ် ခေါင်းဆောင် ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံပြီး ဆိုမာလီယာ အစိုးရနှင့် အာဏာခွဲဝေ အုပ်ချုပ်မည်ဆိုပါက အမေရိကန်သည် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဟောင်းများနှင့် ဆက်ဆံသမှုပြု ရဦးမည် ဖြစ်သည်။

ယခု အချိန်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံ များသည် IS အဖွဲ့ခေါင်းဆောင် အဘူ ဘေကာ အယ်လ်-ဘဂါဒါဟီကို ရှင်းလင်း နိုင်ရန်နှင့် အီရတ်ရှိ သူ့ အဖွဲ့ဝင်များကို သတ်ဖြတ်နိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်များ အား ပစ်မှတ်ထား ရှင်းလင်းခြင်း သည် အပြစ်မဲ့ သူများ သေဆုံးခဲ့ရမှု အတွက် မြန်ဆန်မှုရှိပြီး မြေပြင် စစ်ဆင်ရေး မလိုအပ်သော လက်စားချေမှု တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ယင်း နည်းလမ်း တစ်ခုတည်းကြောင့် IS နှင့် အခြား အကြမ်းဖက် အဖွဲ့များ အမြစ်ပြတ် ပျောက်ကွယ် သွားမည် မဟုတ်သည် ကိုတော့ သတိချပ်ရ ပါမည်။

Ref: To Kill a Terrorist:NR
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...