Thursday, 16 October 2014

စစ်သားဟောင်းကြီး ခြေတုဖြင့် ဆိုက်ကားနင်းနေသည်


နေရောင်ရှိနေသော နေ့လယ်ခင်းတစ်ခုတွင် တာမွေဈေးဗလီအနီးရှိ မီးပွိုင့်၌ မီးနီနေစဉ် မော်တော်ယာဉ်ကြီးငယ်ပေါင်းစုံနှင့်အတူ အနှေးယာဉ်ဆိုက်ကားတစ်စီးလည်း ပိတ်မိနေသည်။


မီးပွိုင့်မှ ရုတ်တရုက် မီးစိမ်းပြလိုက်သည့်အချိန်တွင် အရပ်အမောင်းပိန်ပိန်ရှည်ရှည်နှင့် ဆိုက်ကားဆရာက ဆိုက်ကားကို ခပ်သုတ်သုတ်နင်းကာ မီးပွိုင့်ကို ဖြတ်ကူးသွားသည်။ နည်းနည်းလောက် အာရုံစိုက်ကာ ကြည့်လိုက်မည်ဆိုလျှင် ထိုဆိုက်ကားဆရာ၏ ဘယ်ဘက်ခြေထောက်တွင် ခြေတုတပ်ဆင်ထားသည်ကို ဂရုပြုမိပေလိမ့်မည်။

ဆိုက်ကားပေါ်တွင် ခရီးသည်တစ်ဦးတင်ဆောင်လာပြီး ပို၍ခရီးတွင်စေရန် မတ်တတ်ရပ်ကာ အားစိုက်နင်းရင်း တာမွေအဝိုင်းဘက်ခြမ်းသို့သွားသည့် ကားလမ်းမဘက်သို့ အရှိန်ဖြင့် ချိုးကွေ့လိုက်သည်။

ဆိုက်ကားဆရာက ဆိုက်ကားနင်းရ၍ ပြိုက်ပြိုက်ကျလာလေ့ရှိသော ချွေးစက်ချွေးပေါက်များကို သုတ်ဖယ်ရန် ခပ်နွမ်းနွမ်း မျက်နှာသုတ်ပဝါတစ်ထည်ကိုလည်း ဆိုက်ကားဘယ်ဘက်လက်ကိုင်တွင် စည်းနှောင်ထားသည်။

မိုးအကုန် ဆောင်းအကူး နေ့လယ်ခင်း၏ အပူဒဏ်ကို ကာကွယ်ရန် လျှာထိုးဦးထုပ်ကို ဦးခေါင်းထက်တွင် ဆောင်းထားသော ခြေတုတပ်ဆိုက်ကားဆရာမှာ တပ်မတော်သားအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးဝင်းလှိုင်ပင်ဖြစ်သည်။ ၎င်းသည်တစ်ချိန်က အမှတ်(၁) ဆောက်လုပ်ရေးအင်ဂျင်နီယာ
တပ်တွင် ဒုတပ်ကြပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ဦးဝင်းလှိုင်ကို တာမွေဈေးကားဂိတ်အနီး ဆိုက်ကားဂိတ်တွင် တွေ့ရလေ့ရှိသည်။ လွန်ခဲ့သောခုနစ်နှစ်က ကရင်ပြည်နယ်တွင် စစ်မှုထမ်းဆောင်ရင်း သူ၏ဘယ်ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။

ကရင်ပြည်နယ်၊ ဖာပွန်၊ ထိုင်းနယ်အစပ်အနီးတွင် တပ်မတော်မှ KNU နယ်မြေ စစ်ဆင်ရေးအတွက် ရိက္ခာတင်ယာဉ်တန်းများ စစ်စခန်းသို့သွားရန် လမ်းဖောက်နေစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက်ပြတ်သွားပြီးနောက် ဘဝတစ်ဆစ်ချိုးကာ ဆိုက်ကားဆရာဖြစ်လာခြင်း ဖြစ်သည်။

စစ်သားကြီးမှာ မိုင်းထိ၍ ခြေပြတ်သွားပြီးနောက် ရည်းစားဟောင်းနှင့် အိမ်ထောင်ကျခဲ့သည်။ ခြေပြတ်ခဲ့သော်လည်း အချစ်မပြတ်ခဲ့ပေ။ ၎င်း၏ဇနီး ပထမဆုံးကိုယ်ဝန်ရချိန် ကလေးမွေးဖွားရန် ငွေကြေးလိုအပ်လာ၍ ဆိုက်ကားဆရာဖြစ်လာခြင်းဖြစ်သည်။ နံနက် ၅ နာရီ အိပ်ရာထရသည်။ စီးပွားရှာရန်အတွက် ရွှေပြည်သာရှိ နေအိမ်မှ လိုင်းကားနှစ်ဆင့်စီး၍ တာမွေဈေးရှေ့တွင် ဆိုက်ကားလာနင်းရခြင်းဖြစ်သည်။

သူ့ဆိုက်ကားနင်းသက်မှာ ခြောက်နှစ်ကျော်ရှိပြီဖြစ်ပြီး စီးသူနှင့်ကုန်ပစ္စည်းများကိုတင်၍ လိုရာခရီးကိုနင်းပို့ရသည်။

မိသားစုငါးဦးစာ စားဝတ်နေရေးဖြေရှင်းရန် နေ့စဉ်ဆိုက်ကားနင်းကာ ဝင်ငွေရှာဖွေသည်။ ခြေတုတပ်ပြီး အားစိုက်နင်းရသဖြင့် ခရီးသည်တင်ကာ နင်းရသည့်အချိန်တိုင်း သူ့မျက်နှာတွင် အစဉ်အမြဲ ချွေးများရွှဲနစ်နေတတ်သည်။

တစ်နေ့လျှင် အနည်းဆုံး ဆယ်မိုင်နှုန်းအထက် နင်းရပြီး သူ၏ပုံမှန်အလုပ်သိမ်းချိန်မှာ ညနေ ၆ နာရီဝန်းကျင်ဖြစ်သည်။ ဆိုက်ကားနင်းရာမှရလာသည့် ပျှမ်းမျှဝင်ငွေမှာ တစ်နေ့လျှင် ခုနစ်ထောင်ဝန်းကျင်ရှိပြီး ထိုငွေပမာဏဖြင့်ပင် မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသည်။

မိဘများသေဆုံးခြင်း၊ ပညာရေးကို ဆက်လက်သင်ကြားလို စိတ်မရှိခြင်း၊ အလုပ်မလုပ်လိုခြင်း စသည့်စိတ်တို့က သူ့ကို တပ်မတော်တွင်းဝင်ကာ စစ်မှုထမ်းရန် တွန်းပို့ပေးခဲ့သည်။ မိုင်းထိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီးနောက် တပ်မတော်၏ ထောက်ပံ့ကြေးအချို့ရရှိသော်လည်း ထိုငွေဖြင့် မိသားစုဝမ်းမဝသဖြင့် ဆိုက်ကားနင်းကာ ဝင်ငွေရှာရန် ဦးဝင်းလှိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများအနေဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ် ဒဏ်ရာရရှိပါက အရာရှိတစ်ဦးလျှင် ကျပ်တစ်သိန်း၊ အခြားအဆင့်တစ်ဦးလျှင် ကျပ်ငါးသောင်းရသည်။ ၂၀၁၀ မှ ၂၀၁၄ ဇန်နဝါရီထိ ထောက်ပံ့ကြေးကျပ်သိန်းပေါင်း ၂၃,၀၀၀ ကျော် ထောက်ပံ့ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဦးဝင်းလှိုင်ကတော့ ထောက်ပံ့ကြေးကိုသာ စောင့်မျှော်နေရင်း အချိန်ကုန်လွန်နေမည့်အစား ကိုယ့်ချွေးနည်းစာဖြင့် သားသမီးများ၏အနာဂတ်ကို ဖန်တီးလိုသူဖြစ်သည်။

နေ့စဉ်အလုပ်ပြီး၍ ညနေ ၆ နာရီကျော်တွင် အုံနာကြေး ၁၅၀၀ သွင်းပြီး ရွှေပြည်သာနေအိမ်သို့ ပြန်သည်။ ယာဉ်ကြောပိတ်၍ ၂ နာရီကျော်ကြာ ကားစီးရပြီးနောက် အိမ်ပြန်ရောက်သည်။ အိမ်မှာ မိဘအမွေဖြစ်သော ဆယ်ပေပတ်လည် ထရံကာအိမ်ဖြစ်သည်။ ချစ်ဇနီးနှင့်အတူ သားသမီးသုံးယောက်ထွန်းကားပြီး အကြီးဆုံးကငါးနှစ်၊ အလတ်ကသုံးနှစ်၊ အငယ်ဆုံးကတစ်နှစ်ကျော်ပြီဟု စစ်သားဟောင်းကြီးကဆိုသည်။

အကြီးဆုံးသားတော်မောင်ကို လာမည့်နှစ်တွင် မူလတန်းစထားရမည်ဖြစ်ပြီး ကျန်သားသမီးများနောင်ရေးအတွက် ငွေစုနေကြောင်း ၎င်းကဆိုသည်။ ကလေးများအနာဂတ်ကိုလည်း အမြင့်ကိုသာမှန်းထားပြီး ပခုံးထမ်းတင်ရမည်မှာ မိဘတို့ဝတ္တရားဖြစ်သည်ဟု ၎င်း၏စိတ်ဓာတ်ကိုပြောသည်။ ‘‘ကလေးသုံးယောက်လုံး ပညာတတ်စေရမယ်’’ဟု ပညာရေးနှင့်အလှမ်းဝေးခဲ့သော စစ်သားဟောင်းကြီးကပြောသည်။

စစ်သားဟောင်းကြီးသည် သားသမီးနောင်ရေးအတွက် ချွေတာရေးလုပ်ငန်းများ စတင်နေလေပြီ။ ၎င်းကြိုက်နှစ်သက်သောကွမ်းယာကို ဖြတ်သည်။ ဆေးလိပ်ကိုလည်း ဈေးပေါသောဖက်ကြမ်းကို ငွေ ၁၀၀ ဖိုးသာ ဝယ်သောက်သည်။ မိသားစုရေးအတွက် ဈေးဖိုးကို မနက်၊ ညအတွက် ငွေကျပ် ၁၅၀၀ သာ အသုံးပြုသည်။

သို့သော် သားသမီးများ အာဟာရဖြစ်ရန်အတွက် အသားဟင်းတစ်ခွက်၊ အသီးအနှံပါသော အရည်သောက်တို့ဖြင့် အိမ်သူသက်ထားကို လောက်ငအောင် ချက်ပြုတ်စေကြောင်း ၎င်းကဆိုသည်။

အိမ်ရောက်လျှင် မိသားစုနှင့် ညပိုင်းအချိန်များတွင် စနောက်ကျီစယ်ရင်း ဇိမ်ခံအနားယူကြပါသေးသည်။ မြန်မာ့အသံ၊ MRTV 4၊ မြဝတီရုပ်မြင်သံကြားများမှ ကြိုက်နှစ်သက်ရာများကို မိသားစုလိုက်ထိုင်ကြည့်ကြသည်။ ဇိမ်ခံပစ္စည်းအဖြစ် တရုတ်နိုင်ငံထုတ် ၂၁ လက်မတီဗီကို ဝယ်ယူထားသည်မှာ မကြာသေးဟုဆိုသည်။

လူဆင်းရဲသော်လည်း စိတ်ချမ်းသာသည်ဟု ဆိုသည်။ သူ၏အပျော်ဆုံးအချိန်မှာ အလုပ်ပြန်ချိန်ဖြစ်ပြီး အလုပ်ပြန်လျှင် အိမ်ပေါက်ဝမှစောင့်နေသော သမီးငယ်က ရယ်မောကာ အဖေလို့လှမ်းခေါ်ချိန်ဖြစ်သည်ဟု ဆိုသေးသည်။ မိဘတိုင်းအတွက် သားသမီးများသည် အမောပြေဆေးဖြစ်ပါသည်။ ထိုအမောပြေဆေးများနှင့်ပင် မသန်သော်လည်း ရှိသည့်စွမ်းအားဖြင့် ဘဝအမောများ ဖြေဖျောက်ကာ ရှေ့သို့ဆက်လျှောက်သွားမည့် ဦးဝင်းလှိုင်ကို တာမွေဈေးအနီးတစ်ဝိုက် နေပူပူမိုးရွာရွာ တွေ့နိုင်ပါသည်။ ဦးဝင်းလှိုင် ဆိုက်ကားနင်းနေပါသည်။


Issue No.
အတွဲ (၁၃)၊ အမှတ် (၃၂)
From: 7 day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...