Sunday, 12 October 2014

ပြည့်တန်ဆာ ဝန်ဆောင်မှုပါဝင်သော စားသောက်ဆိုင်များဖွင့်သည့် လင်မယား တရားစွဲခံထားရ



စင်ကာပူလူမျိုး အရက်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် ၎င်း၏ ဖိလစ်ပိုင်အမျိုးသမီးတို့ စုံတွဲသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လေးနှစ်အတွင်း ပြည့်တန်ဆာ ဝန်ဆောင်မှုပါသော အရက်ဆိုင် ကိုးဆိုင်မှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၀၅,၃၀၀ (စင်ကာပူဒေါ်လာ ၁ ဒဿမ ၀၈ သန်း) ထိ ရရှိခဲ့သည်ဟု သည်စထရိတ်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။



စင်ကာပူမြို့တော် Orchard လမ်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

အဆိုပါ ဆိုင်များသို့ လာရောက်သူများသည် ဆိုင်အတွင်းဝန်ဆောင်မှုများထဲမှ ပါးစပ်ဖြင့် လိင်ဆက်ဆံသည့် ၀န်ဆောင်မှုတစ်ခုကို ရရှိနိုင်ပြီး ယင်းတွင် တစ်ဦးလျင် စင်ကာပူ ၂၂ ဒေါ်လာ မှ ၅၅ ဒေါ်လာအထိ အကုန်အကျခံကာ မိန်းကလေးများကို ခေါ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် ဖောက်သည်များသည် ဘားကောင်တာတွင်
အနိမ့်ဆုံး စင်ကာပူ ဒေါ်လာ ၂၀၀ ပေး၍ မိန်းကလေးများကိုလည်း လိင်ဆက်ဆံရန် ခေါ်နိုင်သည်ဟု The New Paper သတင်းတွင် ဖော်ပြသည်။

အသက် ၄၀ အရွယ်ရှိ အန်းနှင့် ဇနီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ယလာဒီ အန် အေဆွန်စီယွန်တို့သည် လုပ်ဖော်ကိုင်ဖက် ၁၇ ဦးတို့နှင့်အတူ ၎င်းတို့၏ ဆိုင်များတွင် ပြည့်တန်ဆာဝန်ဆောင်မှုပေးရန် ဖိလစ်ပိုင်မှ မိန်းကလေးများကို ခေါ်ယူထားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ အေဆွန်စီယွန်က ဖိလစ်ပိုင်သို့ ပြန်သည့်အခါတိုင်း ခင်ပွန်း၏ လုပ်ငန်းတွင် အသုံးချရန် ဖိလစ်ပိုင် မိန်းမပျိုလေးများကို စည်းရုံးခေါ်ယူ ခဲ့သည်။

ယင်းအမျိုးသမီးလေးများကို အေဆွန်စီယွန်က ငွေများ ထုတ်ချေးခဲ့ပြီး ယင်းအကြွေးများကို ပြန်လည်၍ ဆပ်ရန်အတွက် အမျိုးသမီးလေးများက ခန္ဓာကိုယ်ကို အရင်းအနှီးပြုကာ ပြန်ဆပ်ခဲ့ရသည်။

အန်းက ၎င်း၏ဆိုင်များတွင် စုစုပေါင်း အမျိုးသမီး ၅၅ ဦးထိ ခန့်အပ်ထားပြီး ၎င်း၏ အမြတ်ရရှိမှုပမာဏမှာ အလုပ်ကောင်းသည့် လများတွင် တစ်လလျင် စင်ကာပူဒေါ်လာ ၆၀,၀၀၀ ထိရရှိသည်ဟု ပြောကြားခဲ့သည်။

အန်းသည် ၎င်း၏ပထမဆုံးသော ဆိုင်ကို ၂၀၀၉ ခုနှစ် ဇွန်လက Orchard ပလာဇာတွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၎င်း၏နာမည်ဖြင့် အခြား ဆိုင်ရှစ်ဆိုင်ကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ယခုအခါ အန်းသည် စွဲချက်စုစုပေါင်း ၂၃၂ ခုနှင့်ရင်ဆိုင်နေရပြီး ဇနီးဖြစ်သူမှာလည်း ခင်ပွန်းဖြစ်သူ၏ လုပ်ငန်းအတွက် အမျိုးသမီးလေးများကို ခေါ်ဆောင်ပေးခဲ့ခြင်း အပါအဝင် အမှုခြောက်ခုဖြင့် စစ်ဆေးခံရမည်ဖြစ်သည် အဆိုပါ လင်မယားအား အောက်တိုဘာ ၁၃ ရက်တွင် စီရင်ချက်ချဖွယ်ရှိကြောင်း သိရသည်။

From: မဇ္ဈိမ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...