Thursday, 9 October 2014

ဦးသန်းလှိုင်ပြသခဲ့သည့် ဆရာ့ဂုဏ်

ဝမ်းပန်းတနည်းငိုကြွေးနေသည့် ဒေသခံအမျိုးသမီးကြီးများနှင့် ဆရာဦးသန်းလှိုင် (ဓာတ်ပုံ - အောင်ဇော်မြင့်)
ရှစ်နှစ်တာတိုင်အောင် နာသုံးနာဖြင့် သင်ကြားပြသခဲ့သူ ဆရာနှင့် သူ၏ကျောင်းသားများ ခွဲခွာမှုက ၀မ်းနည်းကြေကွဲစရာ ကောင်းလှသည်။ သနပ်ခါးဘဲ ကျားလိမ်းကျံထားသော ပါးပြင်များတွင် မျက်ရည်စီးကြောင်းများက အထင်းသား။ ဆရာဖြစ်သူကလည်း တပည့်များ ၀မ်းနည်းနေသလိုပင် စီးကျလာသော မျက်ရည်များကို လက်ကိုင်ပ၀ါတို့ဖြင့် သုတ်ရင်းက တပည့်များကို နှစ်သိမ့်နေသည်။

 ငိုကြွေးလျက် နှုတ်ဆက်ဦးချနေသည့် တပည့်များ (ဓာတ်ပုံ - အောင်ဇော်မြင့်)
ထိုရင်နင့်ဖွယ် အခိုက်အတန့်ကို မှတ်တမ်းတင်ထားခဲ့သည့် ဓာတ်ပုံများက နေ့တွင်းချင်းပင် ချောင်းဦးမြို့နယ် ဆူးလေကုန်းရွာမှတစ်ဆင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ဆရာကြီး ဦးသန်းလှိုင်နှင့် သူ၏တပည့်များကြား ကြီးမားလှသော ဆရာတပည့်သံယောဇဉ်များကို ရက်ပိုင်းအတွင်း လူသိများလာခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်းမှ ဆူးလေကုန်းဆိုသည့်ရွာတွင် တာဝန်ထမ်းဆောင်ရန် ၂၀၀၆ ခုနှစ်က ဆရာဦးသန်းလှိုင် စတင်ရောက်ရှိခဲ့သည်။ ရှစ်နှစ်တာအတွင်း စေတနာအပြည့်ဖြင့် သင်ကြားပြသပေးခဲ့ရုံသာမက ကျောင်းပြင်ပရွာကိစ္စများတွင်လည်း အားတက်သရောရှိခဲ့သည်။ ထို့ကြောင့် တစ်ရွာလုံး၏ ကြည်ညိုလေးစားမှုကို ဖန်တီးမယူဘဲရရှိခဲ့သည်။
ဆူးလေကုန်းကျေးရွာမှာ ကျောင်းအတွက်ရော၊ ရပ်ရွာအတွက်ပါ ရှစ်နှစ်ကြာ အားကိုးအားထားပြုရသည့် ဆရာဦးသန်းလှိုင်တစ်ယောက် ဒေသပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ စက်တင်ဘာလလယ်တွင် ခွင့်ပြုမိန့်ကျလာသည်။ ဆရာဦးသန်းလှိုင် ကိုယ်တိုင်ကပင် လွန်ခဲ့သော တစ်နှစ်ခန့်က ဒေသပြောင်းရွှေ့ထမ်းဆောင်ရန် တင်ပြခဲ့ခြင်းဖြစ်ပါသည်။ မိဘနှစ်ပါးအနက် တစ်ဦးတည်းသာ ကျန်ရှိတော့သည့် မိခင်အိုကြီးမှာ အသက် (၈၆)နှစ်ရှိပြီ ဖြစ်၍ မိခင်ကြီးနှင့်နီးရာ တာဝန်ထမ်းဆောင်ခွင့်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယခုတော့ မိခင်အိုကြီးနှင့်နီးရာ မြောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးရှိ အုတ်နှဲဘုတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီ။
သို့သော်လည်း ဆရာဦးသန်းလှိုင်တစ်ယောက် မပျော်နိုင်ခဲ့ပါ။ ရှစ်နှစ်တိုင် ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းကလေး၊ လူပျိုကြီးတစ်ယောက်ပေမယ့် ကိုယ်မွေးထားတဲ့ သားသမီးနှင့်မခြား ပြုစုပျိုးထောင်ခဲ့ရသော ကလေးများ၊ ဆွေမျိုးရင်းချာသဖွယ် စောင့်ရှောက်ကူညီခဲ့ကြသည့် ရပ်မိရပ်ဖများအား ဆရာဦးသန်းလှိုင်တစ်ယောက် ထားခဲ့ရတော့မည်ဖြစ်လေသည်။
ဦးသန်းလှိုင် ဆူးလေကုန်းမူလတန်းကျောင်းသို့ လက်ထောက်ကျောင်းအုပ်အဖြစ် ရောက်လာသည့်အချိန်က ရွာမူလတန်းကျောင်းများ၏ ထုံးစံအတိုင်း ကျောင်းဝင်းထရံ ခနော်နီခနော်နဲ့၊ ကျောင်းရှေ့ မြေသားလမ်းမှာ လမ်းမညီမညာ ချိုင့်ကျင်းအပြည့်ဖြင့်။ ကျောင်းသားများ ဆော့ကစားရင်း မောပမ်းလျှင် သောက်ရန်ရေပင်မရှိ။ ရေအိုးများမှာလည်း အမြဲတစေ ခြောက်သွေ့နေခဲ့သည်။
ထိုသို့သော အခြေအနေကို ပြောင်းလဲပစ်ရန် ဆရာဦးသန်းလှိုင်က ကျောင်း၏ ကိုယ်ပိုင်ဝင်ငွေရလမ်းများကို ရှာဖွေခဲ့သည်။ ကျောင်း၏အခြေအနေကို ပြောင်းလဲသွားစေလိုသည့် စိတ်ဆန္ဒဖြင့် ကျောင်းဝင်းအတွင်း ကိုယ်ပိုင်စိုက်ခင်းတစ်ခု ဖန်တီးကာ ချဉ်ပေါင်၊ ကျောက်ဖရုံသီးများ စိုက်ပျိုးကာ ၀င်ငွေရှာသည်။ စိုက်ပျိုးရာမှရလာသော အသီးအနှံများကို ရွာတွင်းမှာပင် ပြန်လည်ရောင်းချကာ ၀င်ငွေတိုးအောင်လုပ်ရင်းဖြင့် ရန်ပုံငွေရအောင် ရှာကြံကာ ကျောင်းကို တဖြည်းဖြည်းချင်း ပြုပြင်ပေးခဲ့သည်။ တစ်ခါတစ်ရံ လိုအပ်လျှင် ရသည့်လစာငွေထဲမှပင် ကျောင်းအတွက် ဖဲ့လှူတတ်သေးသည်။
ယခု ဆရာဦးသန်းလှိုင် ကျောင်းကို စွန့်ခွာချိန်တွင်တော့ ခနော်နီခနော်နဲ့ ကာရံထားသည်မှ တောင့်တင်းခိုင်မာသည့် အုတ်တံတိုင်းအဖြစ် ကျန်ခဲ့သလို ကျောင်းအ၀င်မုခ်ဦးမှာလည်း ဆရာ့၏စွမ်းအားဖြင့် သံပန်းတံခါးအဖြစ် ခန့်ထည်ကာ ကျန်နေရစ်ခဲ့သည်။ ဆရာဦးသန်းလှိုင်၏ လက်စလက်နအဖြစ် ကျောင်းဆောင်အသစ်တစ်ဆောင်ကိုလည်း အုတ်မြစ်ချ တိုင်ထူပြီးလေပြီ။
ဆူးလေကုန်းရွာ မူလတန်းကျောင်းလေးကို အနီးအနား ကျေးရွာများဖြစ်သော ရှားပင်ကျွန်းကျေးရွာ၊ ကြောင်ဝပ်ကလေးကျေးရွာ၊ ပုဏ္ဏားမော်ကျေးရွာတို့မှာ ကလေးငယ်ပေါင်း တစ်ရာကျော် လာရောက်ပညာသင်ကြားကြသည်။ ကျောင်းချိန်မှာ နံနက်ခင်းကိုးနာရီမှ ညနေလေးနာရီအထိသာ ဖြစ်သော်လည်း ဆရာဦးသန်းလှိုင်အဖို့ မနက်ခင်းကျောင်းချိန်မတိုင်မီရော ကျောင်းချိန်အပြီးမှာပါ အနားမနေရပါ။
ကျောင်းမတက်မီ နံနက် ၆ နာရီမှ ၈ နာရီအထိ တစ်ကြိမ်၊ ကျောင်းဆင်းအပြီး ညနေ ၄ နာရီ မှ ၈ နာရီအထိတစ်ကြိမ် တပည့်များကို ပညာပိုမိုထူးချွန်စေလိုသော စိတ်စေတနာဖြင့် အခမဲ့ အချိန်ပိုသင်တန်း သင်ကြားပေးသည်။
‘‘ဆရာကြီးက ပညာရေးအားနည်းတဲ့ကလေးတွေကို အချိန်ပေးပြီး သင်ပေးတယ်။ မြို့ကြီးပြကြီးတွေလို ကျူရှင်ဆိုတာမရှိဘူး။ ဆရာကြီးရဲ့ အချိန်ပိုသင်တန်းကိုပဲ အားထားနေရတယ်’’ဟု ဆူးလေကုန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အံ့ကြည်က ပြောပြသည်။
ဆရာဦးသန်းလှိုင်၏ အချိန်ပိုသင်တန်းကို လက်ရှိကျောင်းမှ မူလတန်းကလေးများသာမက ကျောင်းသားဟောင်းများဖြစ်သော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကပါ လာတက်လေ့ရှိကြသည်။ ကလေးများကို ကျောင်းချိန်အတွင်းရော ကျောင်းချိန်ပြင်ပတွင်ပါ သင်ပေးရုံတင်အားမရ၊ စိုက်ရေး၊ ပျိုးရေး လက်တွေ့လုပ်ပြတာတွေပင် မတင်းတိမ်နိုင်သေးဘဲ ကလေးငယ်များအား ပြင်ပဗဟုသုတများ ရစေဖို့အတွက်လည်း တစ်နှစ်တစ်ကြိမ် လေ့လာရေးခရီးစဉ်များပါ လိုက်ပို့ပေးလေ့ရှိသည်ဟု ကျေးရွာဒေသခံများက ပြောသည်။
ဆရာဦးသန်းလှိုင်သည် ပညာရေးလောကသို့ ၁၉၉၂ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် တောင်တွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် မူလတန်းပြဆရာအဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဆရာဦးသန်းလှိုင် စာသင်ကြားရာ ကျောင်းဆောင်နံရံတိုင်းတွင် ပညာရှင်များ၏ အဆိုအမိန့်များ၊ ရသကဗျာများကို မြေဖြူဖြင့် ရေးသားလေ့ရှိသည်။
‘‘အရည်အသွေးကောင်းသော ပညာရေးဆိုသည်မှာ ဘ၀ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိရမည်။ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားတတ်ရမည်။ ပတ်ဝန်းကျင်လောကအကြောင်းကို ကောင်းစွာသင်ယူမှုရှိရမည်’’ဆိုသည့် စာသားကို စာသင်ခန်းကျောက်သင်ပုန်း၏ အထက်ဘက် မြင်သာသည့်နေရာတွင် မြေဖြူဖြင့် ထင်ထင်ရှားရှား ရေးသားခဲ့သည်။
ဆရာဦးသန်းလှိုင်၏ မွေးရပ်မြေ မြောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာသည် မိုင် ၂၀ ခန့် ဝေးကွာခဲ့သော်လည်း တပည့်များ၏ သံယောဇဉ်ဖြင့် စက်ဘီးခရီးတစ်ဖုံ ဆိုင်ကယ်ခရီးတစ်လှည့် ပညာရေးအတွက် ခရီးဆက်ခဲ့ရသူဖြစ်သည်။
နွေကျောင်းပိတ်၍ ဆရာဦးသန်းလှိုင် နေရပ်ပြန်ချိန်ရောက်လေတိုင်း အထုပ်အပိုးတွေ ကူညီသူကကူညီ၊ ကျောင်းပေါက်ဝမှ စောင့်ဆိုင်း၍ နှုတ်ဆက်ဖို့ စောင့်သူကစောင့်နှင့် ဆရာနှင့်တပည့် သံယောဇဉ်များက တစ်စတစ်စ ကြီးမားခဲ့ကြသည်ဟု ဆူးလေကုန်းကျေးရွာ ကျောင်းသားမိဘများက ပြောသည်။
ဆရာက ကျောင်းဖွံ့ဖြိုးရေးတင်မကပါ။ ရပ်ရွာဖွံ့ဖြိုးရေးအတွက်ပါ စိတ်ဝင်စားသူမို့ ရပ်ရွာလူထုအား စည်းရုံးပြီး လူမှုကူညီရေးအသင်းလေးတစ်ခု တည်ထောင်ပေးခဲ့ပြန်ပါသည်။
‘‘ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရပ်မိရပ်ဖတွေ၊ ရွာသူရွာသားတွေ၊ ကလေးတွေကို စည်းစည်းလုံးလုံးနဲ့ ပါဝင်လာအောင် ဆရာက ကြိုးစားတယ်။ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ငွေကြေးကိစ္စကအစ တစ်စက်ကလေးမှ သံသယ၀င်စရာမလိုအောင်ကို ဆရာက လုပ်ပေးသွားခဲ့သူပါ’’ ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုအောင်ဇော်မြင့်ကပြောပြသည်။
ဆရာဦးသန်းလှိုင်သည် ကျောင်းအတွင်းမှာပင် နေထိုင်သည်။ ဆရာ့အတွက် စားသောက်ရေးကို နံနက်စာအတွက် ရွာဘုန်းတော်ကြီးကျောင်းမှ တာဝန်ယူသည်။ ညနေစာအတွက်ကိုမူ ရွာက ကျောင်းသားမိဘများက အားတက်သရောပင် အလှည့်ကျတာဝန်ယူပေးသည်။ တစ်ခါတစ်ရံ ညစာအတွက် ကျောင်းသားမိဘတွေ နှစ်ဦး၊ သုံးဦးတိုက်ပြီး လာပို့သည့်အခါ ဆရာတင်မက တခြားမိတ်ဆွေတွေပါ ခေါ်ကျွေးရသည်အထိ ဆရာ့အပေါ် စေတနာထားကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ကဆိုသည်။
တပည့်များကို သားသမီးနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့သည့် ဆရာ့မေတ္တာကြောင့် တပည့်တပန်းများသာမက ရွာမှ မိဘများနှင့်ပါ ဆွေမျိုးရင်းချာခင်မင်မှုကြောင့် နှုတ်ဆက်သည့်အခါ ၀မ်းပန်းတနည်း ငိုကြွေးခဲ့ကြသည်။ ထိုပုံရိပ်များကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လူသိများလာကာ အသီးအပွင့်အဖြစ် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်းခံရသူ ဆရာသုံးဦး ပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများမှာ စက်တင်ဘာ ၂၉ ရက်က ဆူးလေကုန်းရွာတွင် ပြုလုပ်ခဲ့သည့် ဆရာဦးသန်းလှိုင်ကို နှုတ်ဆက်ကန်တော့ပွဲက ပုံရိပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုနေ့က ဆရာ့ကို ကန်တော့ကြသည့်အခါတွင်တော့ ကလေးငယ်များ စိတ်မထိန်းနိုင်ကြတော့။ လိမ်းထားသည့် ပါးပြင်ပေါ်က သနပ်ခါးပေါ် မျက်ရည်စီးကြောင်းတွေ တဝေါဝေါ ဖြတ်သန်းရတော့သည်။ မကြာခင် သူတို့ရွာလေးနှင့် ကျောင်းလေးကို ထားသွားခဲ့ရတော့မည့် ဆရာ့အား နှမြောတသစိတ်ဖြင့် ငိုကြွေးနှုတ်ဆက်ခဲ့ကြသည်။
ဆရာနှင့် သူ့တပည့်များ တပျော်တပါး စိုက်ပျိုးခဲ့ကြသည့် ကျောင်းတွင်းက ပန်းပင်တွေက ရောင်စုံဖူးပွင့်နေလေပြီ။ အခမ်းအနားထဲက ထွက်တော့လည်း တပည့်တွေက ဆရာ့နောက်က ကပ်လိုက်ကာ ဖက်ငိုသူကငို။ စာသင်ခန်းထဲ ပြေးဝင်ကျိတ်ငိုသူကငိုဖြင့် ကျောင်းလေးထဲ မျက်ရည်တွေ ချောင်းစီးရတော့သည်။ နှုတ်ဆက်ပွဲအခမ်းအနားပြီး နောက်တစ်ရက်မှာတော့ ဆရာဦးသန်းလှိုင်တစ်ယောက် အထုပ်အပိုးတွေပြင်ဆင်ကာ ဆူးလေကုန်းကျေးရွာနှင့် မူလတန်းကျောင်းလေးကို အပြီးတိုင်နှုတ်ဆက်ခဲ့ပါလေတော့သည်။
ဆရာဦးသန်းလှိုင်တစ်ယောက် ဆူးလေကုန်း မူလတန်းကျောင်းလေးကနေ ထွက်ခွာသွားပေသိ သူ့တပည့်တွေနှင့် ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ရင်ထဲတွင်တော့ ဆရာအမြဲရှိနေဦးမှာ သေချာလှသည်။
ဆူးလေကုန်းရွာ စာသင်ဆောင်တစ်ခုထဲတွင်တော့ ဆရာဦးသန်းလှိုင် မြေဖြူခဲဖြင့် ရေးသားထားခဲ့သည့် ကဗျာလေးတစ်ပုဒ်လည်း ကျန်ရှိခဲ့ပါသည်။
‘‘ကျင့်ဝတ်ငါးဖြာ
နာသုံးနာနှင့်
လေးဖြာ ဗြဟ္မစိုရ်
ဝမ်းဝယ်သို၍
ကျိုးလိုဆောင်ကြဉ်း
လေးရည်ချင်းတို့
ဖြည့်တင်းအနန္တ
လူပီသသည်
ဆရာ့ဘ၀ ဖြစ်သတည်း။
ဆရာ့ဂုဏ်ရောင်
ဉာဏ်တန်ဆောင်သည်
မိုက်မှောင်ပယ်ခွင်း
သိမြင်ရှင်းဖို့
အလင်းတာဝန်
လမ်းကောင်းညွှန်၍
လူမွန်လူမြတ်
ကြည်ညိုအပ်သည်
ဆည်းကပ်ရိုသေ
ထိုက်သတည်း’’


From:7day 

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...