Thursday, 9 October 2014

နာမည်ကျော်ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံပေါ်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် (ကြေကွဲစရာ အဖြစ်အပျက်)



အောက်တိုဘာ ၇ရက်နေ့ အွန်လိုင်းစာမျက်နှာထက်တွင် ရက်သားအရွယ် ကလေးငယ်လေးတစ်ဦး သေဆုံးခဲ့သည့် သတင်းမှာ အင်တာနက်သုံးစွဲသူများ အကြား ကြေကွဲဝမ်းနည်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အခြားမဟုတ်ပေ။ ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ်ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကလေးမွေးဖွားခဲ့ပြီး ယင်းကလေးမှာ အသက်ဆုံးရှုံး ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့်ကလေးငယ်၏ မိဘများဖြစ်သည့် ကိုစိုးသီဟ၊ မနွေးဝါဝါလတ်တို့၏ ဖြစ်ရပ်မှန်ဇာတ် လမ်းတစ်ပုဒ်ကိုသိရှိနိုင်ရန်အတွက် ဒီမိုကရေစီတူဒေးမှ သွားရောက်မေးမြန်းခဲ့ရာ ...

မေး-အဲဒီပုဂ္ဂလိက ဆေးရုံကို ဘယ်နေ့ကစပြီးတက် တာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံစပြီးတက်တာက ၃ရက်နေ့က စတက်တယ်။ မွေးဖို့ရက်ပေးထားတာက နိုဝင်ဘာ ၆ရက်နေ့ ပေးထားတယ်။ ၃.၁ဝ.၁၄ နေ့မနက် သုံးနာရီက ဆေးရုံစတက်တာ။ ၅.၁ဝ.၁၄ နေ့ကဆေးရုံ က ဆင်းတယ်။

မေး-အခုဖြစ်ပွားခဲ့တဲ့ အစ်မတို့ရဲ့ ဖြစ်စဉ်လေးကိုသိချင် ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-မမွေးခင်တစ်ရက်က တည်းက ကျွန်မနဲ့မွေးမယ့် ဆရာဝန်ကြီးနဲ့ သွားပြထား တယ်။ အားဆေး ဆက်သောက်ခိုင်းတယ်။ သေချာ တော့မစမ်းသပ်ဘူး။ ဆရာဝန်ကြီးနဲ့ပြပြီး ပြန်လာတဲ့ ညမှာပဲ ဗိုက်နာလာလို့ ဆေးရုံကို ချက်ချင်း ပြန်သွား တယ်။ ကလေးလေးကို အသက်မရမှာစိုးတဲ့အတွက် အမြန်ဆုံးနည်းနဲ့သွားတယ်။ သုံးနာရီမှာရောက်တယ်။ ဆေးစစ်ထားတာတွေကြည့်တယ်။ မေးမြန်းတာတွေလုပ် တယ်။ ခြောက်နာရီခွဲမှာ အခန်းရမယ်လို့ ပြောတယ်။အခန်းကို ပို့တယ်။ အခန်းနံပါတ်က ၂၁၆။ အဲဒီအချိန်မှာ ကျွန်မနဲ့ပြတဲ့ OG က အဲဒီဆေးရုံမှာရှိနေတယ်။ လူနာတစ်ယောက်ကိုခွဲနေတယ်။ လာမကြည့်နိုင်သေး ဘူးလို့ပြောတယ်။

အဲဒါနဲ့စောင့်တယ်။ OG ကခုနစ်နာရီ လောက်မှာလာကြည့်တယ်။ လာကြည့်တော့ ''နင်က မွေးမယ့်ရက်ထက် စောနေတယ်။ ကျွန်မကခွဲမွေးမယ် လို့ပြောထားတယ်။ ခွဲမွေးမယ်ဆိုရင် နင့်ကလေးက လ မစေ့တဲ့အတွက် အသက်မရှင်နိုင်ဘူးလို့ ပြောတယ်။ နင်ရိုးရိုး မွေးရမယ်လို့ ပြောတယ်။ ရိုးရိုးမွေးမှ အသက် ရှင်မယ်လို့ ပြောတယ်။ ကျွန်မရဲ့ ကလေးလေးက ယော က်ျားလေး။ ယောက်ျားလေးဆိုတဲ့အတွက် ကျွန်မ အရမ်း လိုချင်တယ်။ ပထမကလေးတုန်းက သမီးလေး ဖြစ်နေ တဲ့အတွက် အခုကလေးလေးက ယောက်ျားလေးဆိုတဲ့ အတွက် အရမ်းလိုချင်တယ်။ အဲဒါကြောင့် သူတို့ပြောတဲ့ အတိုင်း ရိုးရိုးမွေးမယ်လို့ ပြောလိုက်တယ်။ အဲဒါဆိုလဲ ညှစ်မွေးတဲ့'' ငါလဲ အခြား ဟိုဘက်မှာသွားစရာရှိသေး တယ်လို့ ပြောတယ်။ ၁၂နာရီမှ ပြန်ရောက်မယ်လို့ပြောပြီး မျက်လုံးနဲ့ပဲ ကြည့်သွားတယ်။ ပြန်သွားတယ်။လူကို တောင် မစမ်းသပ်သွားဘူး။

သူရဲ့ Assistant နဲ့ Nurse တွေကလဲ အခန်းထဲမှာမရှိဘူး။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ ဆေးရုံရောက်နေတာနဲ့မတူဘူး။ အခန်းထဲမှာ ကျွန်မ အမေ၊ အဖေနဲ့ သမီးလေးပဲရှိတယ်။ အမျိုးသား က ဘဏ်မှာ ပိုက်ဆံထုတ်နေတဲ့အတွက် မရှိဘူး။ ပုဂ္ဂလိက ဆေးရုံဆိုတာကလဲ သိတဲ့အတိုင်းပဲ ငွေမရရင် ဘာမှလုပ်မပေးတဲ့အတွက် ပိုက်ဆံကိုအရင်ထုတ်ရ တယ်။ လက်ထဲမှာလဲ ပိုက်ဆံကနည်းနည်းပဲရှိတဲ့အတွက် ဘဏ်ထဲကနေ ပြန်ထုတ်နေရတဲ့အတွက် ယောက်ျား ကလဲ မရှိဘူးဖြစ်နေတယ်။

OG က ဒီအတိုင်းထားသွား တယ်။ လက်လွတ်စပယ်နဲ့ကို ထားသွားတာ။ ဗိုက်ကနာနေ တာ။ မွေးချင်တဲ့အတွက် ဗိုက်ကတော်တော်လေးကိုနာ လာတယ်။ အခန်းထဲမှာ Nurse တွေကလဲတစ်ယောက် မှမရှိဘူး။ ခေါ်လို့လဲမရဘူး။ Nurse တစ်ယောက် လောက် ခေါ်ချင်တယ်။ ပိုက်ဆံပေးမယ်ဆိုတာတောင် ခေါ်လို့မရဘူး။ လူမရှိဘူး။ ပိုက်ဆံပေးမယ်ဆိုရင်တောင် ပုဂ္ဂလိကဆေးရုံက လူမရှိဘူးလို့ပြောတယ်။တဖြည်း ဖြည်းနဲ့ ဗိုက်က အရမ်းနာလာတယ်။ အဲဒီလိုနဲ့ ၉နာရီခွဲ လောက်ကျတော့ ကျွန်မရေမွှာပေါက်လာတယ်။ ရေမွှာ ပေါက်တော့ အရမ်းလန့်သွားတယ်။

Nurseေ တွကို ဘဲနှိပ်ပြီး ခေါ်ခိုင်းတော့ ရောက်လာတယ်။ အဲဒီ အချိန်မှာ Assistant ဆရာဝန်ပါ ရောက်လာတယ်။ရောက်လာပြီးမှ မွေးခန်းထဲပို့မယ်ဆိုပြီး တွန်းလှည်း သွားယူတယ်။ အဲဒီအချိန်မှာ Assistant ဆရာဝန်မ က ရောက်လာပြီး မွေးခန်းထဲကို ဝင်ချင်တိုင်း ဝင်လို့မရဘူး လို့ ပြောတယ်။ ဒီလောက်လေးနာနေရုံနဲ့ကလေးမမွေး နိုင်ဘူးလို့ပြောတယ်။ အဲဒီဆရာဝန်မက ကျွန်မရဲ့အမေ ကိုပါ လှမ်းပြောသေးတယ်။ ရှင်ကော ကလေးမမွေးဖူးဘူး လားဆိုပြီး မေးတယ်။ ကျွန်မ အရမ်းနာနေပါပြီ။ ညှစ်ရင်း ညှစ်ရင်းနဲ့ ကလေးကလဲ ခေါင်းက တစ်ဝက်လောက်ထွက် နေပြီ။ ကျွန်မကိုပို့ပါလို့ ပြောတဲ့အတွက် Nurse တွေက ချီပြီး တွန်းလှည်းပေါ် တင်တယ်။ အဲဒီ Assistant ဆရာဝန်က မမွေးသေးဘူးဆိုပြီး ခုတင်ပေါ်ပြန်ချ တယ်။

OG က ၁၂နာရီမှလာမှာ OG မလာရင် မွေးလို့ မရသေးဘူးဆိုပြီး ပြောတယ်။ ကလေးထွက်လာမှာစိုးတဲ့ အတွက် မညှစ်နဲ့ဦး ဘေးစောင်းပြီးနေလို့ ပြောတယ်။ဘေးစောင်းပြီးနေရင် ကလေးဘယ်လိုထွက်မလဲ။ စဉ်း စားကြည့်တော့။ မွေးမှာစိုးတဲ့သဘောပဲ။ ကျွန်မဗိုက် ကအရမ်းနာနေတဲ့အတွက် အမေ သမီးပေါင်ကားပြီး ညှစ်နေလို့ပြောတယ်။ တကယ်လို့ အဲဒီအချိန်မှာကလေး တစ်ခုခုဖြစ်ရင် မိခင်လည်း တစ်ခုခုဖြစ်မှာပဲ။ နောက် ဆုံးကျတော့ ဘယ်လိုမှ မခံနိုင်တာနဲ့ Nurse တွေ ထပ်ခေါ်ခိုင်းရတယ်။

အဲဒီအချိန်မှာ ဘဲကလဲနှိပ်လို့မရ ဘူး။ ခေါ်လို့လဲမရဘူး။ အမေကလဲ ဆေးရုံရဲ့ကော်ရစ် တာကို ထွက်ပြီးသွားကြည့်တော့ တစ်ယောက်မှမရှိဘူး။ အခုလိုနာမည်ကျော်ဆေးရုံမှာ အဲဒီလိုမျိုးကတော့ မဖြစ် သင့်ဘူး။ ပထမတစ်ခါခေါ်တုန်းကလာတယ်။ ကြည့်ပြီး တော့ မမွေးသေးနဲ့ဦးဆိုပြီး ပြန်သွားတယ်။ Nurse တွေ က လာရင်လဲ အဖွဲ့လိုက်။ ပြန်ရင်လဲ အဖွဲ့လိုက်။တစ် ယောက်မှ မချန်ထားခဲ့ဘူး။ အရေးပေါ် ဖြစ်နေတာ တောင် ကိုယ်ချင်းမစာနာဘူး။ နောက်တစ်ခါ ထပ်ခေါ်မှ ရောက်လာတယ်။ ကျွန်မက ပြောလိုက်တယ်။ အရမ်း နာနေပါပြီ။ ကလေးက ခေါင်းလဲထွက်နေပါပြီ။ မရတော့ ပါဘူးလို့ အော်ပြောရတယ်။ မွေးခန်းထဲကို ပို့ပါတော့လို့ ပြောရတယ်။ မွေးစင်ပေါ်ကို တင်ပေးပါတော့လို့ ပြောရ တယ်။ Nurse တွေက တွန်းလှည်းယူလာတယ်။ မွေး ခန်းကိုသွားဖို့ ကျွန်မကိုတွန်းလှည်းပေါ် တင်တော့လဲ Assistant ဆရာဝန်က အချိန်မတန်သေးဘူး။ OG မလာ သေးဘူးလို့ပြောတယ်။

တော်တော်ဆိုးတာက Nurse မလေးတွေက မွေးခန်းပို့ဖို့ တွန်းလှည်းပေါ် တင်တာကို Assistant ဆရာဝန်က ခုတင်ပေါ် ပြန်ပြန်ချတယ်။ ကျွန်မက ဗိုက်ကလဲ အရမ်းနာတဲ့ အချိန်ဆိုတော့ စဉ်း စားသာကြည့်ပေတော့။ ကျွန်မလဲသည်းမခံနိုင်တော့ဘူး။ မွေးခန်းကိုပို့ပါတော့လို့ အော်ပြောရတယ်။ အဲဒါကကျွန်မ နေတဲ့ အခန်း ၂၁၆ထဲမှာ။ အဲဒီမတိုင်ခင် ကလေးမွေး မှာစိုးတဲ့အတွက် ကျွန်မခြေထောက်တွေကိုချုပ်ထားသေး တယ်။ ပေါင်တွေကို ဖိထားတယ်။ ကလေးက ခေါင်းထွက် နေပြီလို့ ပြောတာတောင် စောင်းခိုင်းထားတာ။ ကျွန်မ က ပထမ ကလေးလေးကို ဗိုက်ခွဲပြီးမွေးထားတဲ့အတွက် လဲ အခုလိုရိုးရိုးမွေးတာကို မသိဘူး။ ခြေထောက်တွေကို ချုပ်ပြီး စောင်းခိုင်းထားတယ်။

အဲဒီအချိန်ကတည်းက ကလေးက ဗိုက်ထဲမှာသာ တစ်စုံတစ်ခုဖြစ်ရင် မိခင်ပါ အန္တရာယ် ဖြစ်စေနိုင်တယ်။ ဘယ်လိုမှ သည်းမခံနိုင်တော့ တွန်းလှည်းနဲ့ ပို့တယ်။ ဓာတ်လှေကားကို တွန်းသွားပြီး တော့လည်း လမ်းမှာမွေးမှာ စိုးတဲ့အတွက် ခြေထောက် တွေကိုချုပ်ထား သေးတယ်။ သူတို့ဆေးရုံ နာမည်ပျက်မှာ စိုးလို့ ချုပ်ထားတယ်။ မွေးလူနာ တစ်ယောက်ကိုမမွေးနဲ့ဦး။ မမွေးနဲ့ဦးလို့ ဝိုင်းအော်နေကြတယ်။ ကလေးမွေးဖို့ ဗိုက်နာတယ်ဆိုတာက အောင့်ထားလို့ရတဲ့အရာမဟုတ် ဘူးလေ။ မွေးခန်းထဲကို ရောက်တဲ့အခါမှ တွန်းလှည်းကို ရပ်ပြီးတော့ မွေးခန်းက အဆင်သင့်မဖြစ်သေးဘူး။

ခဏစောင့်ဦးလို့ ပြောတယ်။ မွေးဖို့လူနာကဆေးရုံကို မနက်သုံးနာရီက တည်းကရောက်တယ်။ မွေးခန်းနားကို ရောက်တာက နံနက် ၁ဝ နာရီခွဲကျော်ပြီ။ မွေးခန်းနားကို ရောက်တာတောင် မွေးခန်း အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လက်တွေကာပြီး မဝင်နဲ့ဦးပြောတယ်။ မွေးခန်းဆိုတာ ကလည်း ခွဲစိတ်ခန်းမှ မဟုတ်တာ။ မွေးစင်လေးပဲ ရှိတာကို။ ကျွန်မ မရတော့ဘူး ကလေးလေး ထွက် တော့မယ် ဝင်မှရတော့မယ်လို့ ပြောပြီးဝင်ရတယ်။

မွေးစင်ပေါ်ရောက်တာနဲ့ ကလေးက ထွက်သွားတယ်။ ကလေးဆုံးသွားတော့လဲ ဝမ်းနည်းပါတယ်ဆိုပြီး တစ်စုံ တစ်ခု မပြောဘူး။ လာတောင်မကြည့်ဘူး။ ကလေးဆုံး သွားပြီဆိုတာနဲ့ ဆေးလဲ လာမထည့်ဘူး။ ဘယ်သူမှလဲ မလာကြည့်ဘူး။ သူတို့ မွေးပေးတာလဲ မဟုတ်ဘူး။ ကလေးမွေးပြီးတော့လဲ ချက်ကြိုးဖြတ်ဖို့အတွက် ကတ် ကြေးကို လိုက်ရှာနေရသေးတယ်။ လူက ခြောက် ယောက်လောက်ရှိတယ်။ မွေးခန်းမှာ ကတ်ကြေး မရှိဘူး။

၁၁နာရီ ၁၅မိနစ်မှာ ကလေးလေးကို မွေးသွားတယ်။မွေးပြီး သွားတော့လဲ ကျွန်မကို မွေးစင်ပေါ်မှာ ဒီအတိုင်းပဲထား တယ်။ OG လာမှ ပြန်ပြီး ချုပ်ပေးတာတွေ လုပ်တယ်။ ဒဏ်ရာ တွေကိုလဲ ဒီအတိုင်းပဲ ထားတယ်။ ဆရာဝန်မကြီး လာတဲ့ အချိန်အထိ ဒီအတိုင်းထားတယ်။ ဆရာဝန်မကြီး က တစ်နာရီထိုးမှ လာတယ်။ အဲဒီကျမှ ချုပ်ပေးတယ်။

၁၁နာရီ ၁၅ကနေ ၁နာရီအထိ မွေးစင်ပေါ်မှာ ဒီ အတိုင်းထားတယ်။ စဉ်းစားသာကြည့်ပေတော့။ အဲကွန်း ခန်းထဲမှာဟောင်းလောင်းကြီးထားတယ်။ ကလေး ကိုလဲ မျက်နှာပဲ မြင်ရတယ်။ ပြီးတော့ကလေးကို ကျွန်မ ခေါင်းရင်းမှာထားတယ်။ ကလေးက မွေးတော့ အသံကျယ်ကြီးအော်တယ်။ အသက်ရှိတယ်။ မွေးတာနဲ့ အော်တယ်။ ကလေးကို မွေးပြီးတော့လဲ ကလေးကို သန့်ရှင်းရေးမလုပ်ပေးဘူး။ အအေးမိမှာစိုးလို့ ပြော တယ်။

ကလေးဆရာဝန်မလဲ ကလေးမွေးမွေးချင်း မလာဘူး။ တစ်နာရီခွဲလောက်မှရောက်တယ်။ ကလေး ဆရာဝန်ရောက်လာတော့ ကလေးက မူမမှန်ဘူး။ ရန် ကင်းကလေး ဆေးရုံကိုပို့ရမယ်လို့ပြောတယ်။ ကလေး ဆရာဝန်က ကလေးလေးက အချိန်မရွေး အသက်ရှူ ကျပ်ပြီး ဆုံးသွားနိုင်တယ်လို့ ပြောတယ်။

ရန်ကင်း ကလေးဆေးရုံကို ချက်ချင်းပို့ထားလိုက်မှ အဆင်ပြေ မယ်လို့ ပြောတယ်။ ကလေးကို ရန်ကင်းဆေးရုံပို့ဖို့ တစ်နာရီလောက်ကြာတယ်။ Report မလုပ်ရသေးလို့ဆို ပြီး အကြာကြီးစောင့်နေရတယ်။

လူနာတင်ယာဉ်ပေါ် ရောက်တော့လဲ ချက်ချင်းမထွက်ဘူး။ Report မရလို့ အကြာကြီး စောင့်နေရတယ်။ ရန်ကင်းဆေးရုံရောက်တဲ့ အထိ ကလေးလေးက ညည်းနေတုန်းပဲ။ လူနာတင်ကား ပေါ်ပါလာတဲ့ ဆရာဝန်ကို မေးတော့ ကလေးတိုင်းက ညည်း နေတတ်တယ်လို့ ပြောတယ်။

မေး-ကလေးက ဘယ်လိုဆုံးသွားတာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- ကလေးလေးက ရန် ကင်းဆေးရုံကြီးကတော့ ကောင်းတယ်။ ပိုက်ဆံပေး စရာမလိုဘူး။ စက်ပစ္စည်းတွေကလဲ ကောင်းတယ်။ ဒါ ပေမဲ့ ကလေးလေးက ဆုံးသွားတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။

မေး-အခုဖြစ်စဉ်ပတ်သက်ပြီး အစ်မတို့ရဲ့ သဘော ထားကို သိချင်ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- အမှန်ဆိုရင် ပုဂ္ဂလိက အထူးကုဆေးရုံတွေဆိုရင် မွေးလူနာလာပြီဆိုရင် သူရဲ့ OG နဲ့ ကလေးဆရာဝန်နဲ့ အကုန်လုံး ဝန်ဆောင်မှုပေးရ မှာလေ။ အခုတော့ ဒီအတိုင်းပစ်ထားတယ်။ OG ကလည်း မွေးလူနာကို တွေ့လိုက်ရတာနဲ့ မွေးမယ် မမွေးဘူး ဆိုတာကို သေချာ မသိဘူးလား။ သူတို့ကို စိတ်ချယုံကြည့်လို့သွားတဲ့ လူနာတွေကို ဒီအတိုင်း ပစ်ထားတယ်။ မွေးလူနာက ဆေးရုံကိုရောက်ပြီး ဆရာ ဝန်မကြီးက မရှိ လို့ဆိုရင် တော်သေးတယ်။ မွေးလူနာနဲ့ ဆရာဝန်မကြီးက တွေ့ပြီး ဒီလိုဖြစ်သွားတယ်ဆိုတော့ မကောင်းဘူး။

ပုဂ္ဂလိက ဆေးရုံမှာ မွေးတယ်ဆိုတာက လူနာရှင်က ကိုယ့်လူနာကို ဆရာဝန်ကြီးတွေက ဂရုစိုက်စေချင်တာ။ အဲဒီ ဆေးရုံမှာ သုံးညနဲ့လေးရက်ကို ကျပ်ကိုးသိန်းလောက်ပေးရတယ်။ ဒီလောက် ပိုက်ဆံ ကိုပေးရပြီးတော့ ကလေးက အဖတ်မတင်ဘူး။

မေး-အဲဒီအတွက် ဘာဆက်လုပ်ဖို့ရှိလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံကိုသွားပြီးမေးမြန်း ကြည့်မယ်။ ဘယ်လိုဖြစ်တာလဲ။ မေးကြည့်ပြီးပဲ ဘာ ဆက်လုပ်ဖြစ်မယ်ဆိုတာကို သိမယ်။ အဓိကတော့ ကိုယ့် လိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် ပုဂ္ဂလိကဆေးရုံ တွေမှာ ပိုက်ဆံတွေကို အလုံးလိုက် အခဲလိုက်ပေးရပြီး တော့ ဒီလိုအဖြစ်မျိုးတွေရှိတယ်။ ကျန်တဲ့ မိခင်တွေလဲ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင်လို့ ပြောပြချင်တယ်။

Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
From:YMG

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...