Thursday, 16 October 2014

" ကေတီဗီ၊ မာဆတ်" "၀င်နေကြ ကောင်မလေး ရှိလား" ““ဘယ်နှဆက်ရှင်နေမှာလဲ””

အထက်ပါ ခေါင်းစဉ်မှာ သင်နေရာ တစ်ခုသို့ (သို့မဟုတ်) အခန်း တစ်ခုထဲသို့ ရောက်သွားချိန်မှာ ပထမဦးဆုံး အမေးခံရမယ့် မေးခွန်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် သင်အမေး ခံရနိုင်တဲ့ မေးခွန်း ကတော့ ““ဘယ်နှဆက်ရှင်နေမှာလဲ”” ဖြစ်ပါတယ်။

ကျွန်မ နာမည်လား . .

အမေ ပေးခဲ့တာတောင် မေ့တေ့ တေ့ရယ်၊

ကျွန်မနာမည် ကြယ်စင်၊

ကျွန်မနာမည် နံနက်ခင်း၊

ကျွန်မနာမည် တာရာ၊

ကျွန်မနာမည် အလင်္ကာ၊

ဟုတ်တယ်လေ . .

ကျွန်မတို့ မတည်မြဲကြဘူး။

““ကဗျာရေ “ဘိုင်” ရောက်နေတယ်”” လို့ အော်ဟစ် နှိုးသံကြောင့် အိပ်ချင်မူးတူးနဲ့ ထလိုက် ရပါတယ်။ နာရီပိုင်းမျှသာ အိပ်ရသေးတာမို့ ခေါင်းထောင်ချင်စိတ် မရှိပေမယ့်လည်း “ဘိုင်”ဆိုတဲ့ အသံကြောင့် သူမရဲ့တစ်နေ့တာ လုပ်ငန်းခွင် အတွက် ပျော်ရွှင်မှုနဲ့ ရေချိုးခန်းကို မပြေးရုံတမယ် သွားခဲ့ရပါတယ်။

“ဘိုင်” ဆိုတာက ယနေ့ခေတ် ကေတီဗီ၊ အနှိပ်ခန်းတွေကို လာရောက် အပန်းဖြေကြတဲ့ အမျိုးသားတွေက သဘောကြတဲ့ ကောင်မလေး တွေကို အခန်းဝင်ဖို့ By Name နဲ့ ခေါ်ယူတာကို “ဘိုင်”လို့ အစွဲပြုခြင်း ဖြစ်ပါတယ်။

ကဗျာ တစ်ယောက် အခန်းထဲ ရောက်သွားတဲ့ အခါ လာနေကျ ဧည့်သည်က မွေ့ယာထက်မှ လဲလျောင်း နေပါတယ်။ ဧည့်သည်ရဲ့ ခြေရင်း မှာ နေရာ ၀င်ယူလိုက်ပြီး နောက်မှာတော့ သူမရဲ့ လုပ်ငန်းကို စတင် လိုက်ပါတယ်။

အချစ်တဲ့ ...

ရှင်လေချဉ် တက်လိုက်သလား ...

ဘီယာစော် နံလိုက်တာ။

““တစ်လကို လစာ တစ်သောင်း ရတယ်။ One Section ၀င်ရင် (၅၀၀) ရတယ်။ တစ်လလုံး ပေါင်းရင်တော့ တစ်သိန်းကျော်တော့ ရတယ်။ လုပ်ရတာ မတန်မှန်း သိပေမယ့် ရွာမှာနေရင် ဒီလောက် မရဘူးလေ။ အဲဒါကြောင့် လုပ်နေရတာ”” လို့ ကဗျာက ဆိုပါတယ်။

အတန်း ပညာကို ရှစ်တန်း အထိသာ သင်ကြားခဲ့ဖူးတဲ့ သူမရဲ့ မိသားစုမှာ ယောက်ျားသား မရှိတာကြောင့် အကြီးဆုံး ဖြစ်တဲ့ သူမဟာ အားကိုးရှာတဲ့ အနေနဲ့ အသက် (၂၀) အရွယ်မှာ ပန်ရံ လုပ်သား တစ်ဦးနဲ့ အိမ်ထောင် ပြုခဲ့ပါတယ်။ အိမ်ထောင် သက်တမ်း တစ်နှစ်အကြာမှာ ခင်ပွန်း ဖြစ်သူ သေဆုံး သွားတာကြောင့် ထပ်မံပြီး အားကိုးရာမဲ့ ဘ၀ ရောက်ခဲ့ရပါတယ်။ ဒါကြောင့် လည်း တောမှာရှိတဲ့ ကောက်စိုက် အလုပ်ကိုပဲ လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်း ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာလို့ အညာ ဒေသဟာ မိုးခေါင် ရေရှားပြီး တဖြည်းဖြည်း အလုပ်လက်မဲ့ ဖြစ်လာ ရပါတယ်။ ဒါကြောင့်လည်း မြို့ပေါ်တက်ပြီး အထည်ဆိုင် တစ်ခုမှာ တစ်လ ငါးသောင်းနဲ့ အလုပ် လုပ်ခဲ့ပေမယ့် နေ၊ စားစရိတ်တွေ ရှိနေတာကြောင့် အမေ့အိမ်ကို ပိုက်ဆံ ပြန်မပို့နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်း တစ်ယောက် အဆက်အသွယ်နဲ့ ရန်ကုန်ကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

““ဒီအလုပ် လုပ်တာ အမေကို ပေးမသိဘူး။ အထည်ဆိုင်မှာ လုပ်တယ်လို့ပဲ ပြောထားတယ်”” လို့ သူမက ဆိုပါတယ်။

ကျေးလက် ဒေသတွေမှာ အလုပ်အကိုင် ရှားပါး လာမှုတွေကြောင့် မိသားစု စားဝတ် နေရေးအတွက် အနှိပ်ခန်းတွေ ကို ရောက်သွားတဲ့ အနှိပ် သမလေးတွေ များစွာ ရှိပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးက အမျိုးသမီး တချို့ဟာ KTV ၊ အနှိပ်ခန်းတွေကို ရောက်ရှိ သွားသူတွေလည်း ရှိနေကြပါတယ်။ အဲဒီ လုပ်ငန်းတွေမှာ လုပ်ကိုင် နေကြသူတွေ ထဲမှာ အဝေးသင် တက်နေသူတွေ၊ ဘွဲ့ရထားတဲ့ သူတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့မှာ အနှိပ်ခန်းပေါင်း များစွာရှိပြီး၊ ဈေး အမျိုးမျိုး သတ်မှတ် ထားလေ့ ရှိကြပေမယ့် အနှိပ်သမတွေ ရရှိတဲ့ နှုန်းထား ကတော့ ကွာခြားမှု သိပ်မရှိပါဘူး။ ဒါ့အပြင် အလုပ်ချိန်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိပါဘူး။ ဒီလို လုပ်ကိုင် နေရပေမယ့် ရရှိတဲ့ လုပ်ခ လစာဟာ ပေးရတဲ့ အလုပ်ချိန်၊ ၀တ်စားစရိတ် တွေနဲ့ တွက်ကြည့်ရင် အိမ်ပြန် ပို့ဖို့ ကြိုးကြိုး စားစား ပိုက်ဆံ စုရတယ်လို့ သိရပါတယ်။

““ဧည့်သည်ရှိတဲ့ အချိန်က အလုပ်ချိန်၊ ဧည့်သည် မရှိတဲ့ အချိန်က နားချိန်ပဲ””လို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ မြို့နယ် တစ်ခုမှာ ဖွင့်လှစ် ထားတဲ့ အနှိပ်ခန်းက အနှိပ်သမ ပပက ဆိုပါတယ်။ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ ပပ ဟာ မိသားစု စားဝတ်နေရေး ကျပ်တည်းမှုကြောင့် သူမ (၁၆) နှစ် အရွယ် ကတည်းက အနှိပ်ခန်းတွေမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လျှော်ဖွတ်ပြီး မီးပူ တိုက်ထားတဲ့ ဘေထုပ်ထည် ကို ကြည့်သလို

ရှင် ကျွန်မကို မကြည့်ပါနဲ့။

ငယ်ရွယ်တဲ့ အပြင် ရုပ်ရည် အသင့် အတင့် ရှိတဲ့ သူမမှာ ပုံမှန် ဧည့်သည်တွေ ရှိတာကြောင့် သာမန် အနှိပ်သမတွေ ထက်တော့ ၀င်ငွေ အနည်းငယ် ပိုရတယ်လို့ ဆိုပါတယ်။ သာမန်အား ဖြင့်တော့ (၁၉) နှစ် ဆိုတဲ့ ပပရဲ့ အသက်ရွယ်ဟာ တက္ကသိုလ် စာသင်ခန်းထဲမှာ ရှိနေသင့်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လက်ရှိမှာတော့ ပပဟာ အမျိုးသား အချို့ကို ၀န်ဆောင်မှု ပေးနေရတဲ့ ဘ၀ကို ရောက်ရှိ နေရတာ ဖြစ်ပါတယ်။ သူမလို ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေဟာ အနှိပ်ခန်း အပြင် အခြား ဖျော်ဖြေရေး လုပ်ငန်းတွေမှာလည်း များစွာ တည်ရှိ နေကြပါတယ်။

တကယ်တော့

ကမ္ဘာကြီး ပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး

အိုစမာဘင်လာဒင် သေဆုံး သွားတာလည်း ကျွန်မတို့နဲ့ တခြားစီ။

ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင် ကျွန်မတို့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး

ကျွန်မတို့ကို ရေးကြီး ခွင်ကျယ် ကဗျာစပ် မနေပါနဲ့ ရှင်ရယ်။

သို့သော်လည်း ဒီလို လုပ်ငန်းတွေကို အစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိတာကြောင့် အမျိုးသမီး ငယ်တွေဟာ ပုန်းလျှိုး ကွယ်လျှိုး လုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမတို့ဟာ မည်မျှပင် လုပ်အား ခေါင်းပုံ ဖြတ်ခံရသည် ဖြစ်စေ၊ မည်မျှပင် အဓမ္မ စေခိုင်းခံရ သည်ဖြစ်စေ မည်သူ့ကိုမှ မတိုင်ကြားရဲဘဲ ဘ၀ကို ကြုံသလို ဖြေရှင်း နေကြရပါတယ်။

““ကိုယ်တိုင်က တရားမ၀င်တဲ့ အလုပ်ကို လုပ်နေရတော့ သူတို့ ပြောတဲ့ အတိုင်းပဲ လုပ်ပေး ရတာပေါ့။ နေမကောင်းလို့ မ၀င်ချင်ဘူးပြော လည်း မန်နေဂျာက ခွင့်မပေးဘူး။ မ၀င်ရင် တစ်လလုံး လုပ်ထားတဲ့ ပါမစ်နစ်ထဲက ဖြတ်မယ် ဆိုတော့ မလုပ်ချင်လည်း လုပ်ရတာ၊ မကျေနပ် လို့လည်း တိုင်လို့ မရဘူးလေ။ ဘ၀ပေး ကုသိုလ်ပေါ့”” လို့ ပပက ပြောပါတယ်။ ငွေကြေး ရယူကာ ၀န်ဆောင်မှု ပေးနေရသူတွေ ဖြစ်လို့ ကျွန်မတို့က သွေးဆာနေတဲ့ ကျားဆိုးတွေကို ကြောက်ရတယ်။ ကျွန်မတို့ ဘာဖြစ်ဖြစ် ငွေတစ်ခုတည်း သာမြင်တဲ့ အလုပ်ရှင်ကို ကြောက်ရတယ်လို့ အနှိပ်သမ တစ်ဦးက ပြောပါတယ်။ လူ့ အခွင့်အရေးလို့ တွင်တွင် သုံးလာတဲ့ အခြေအနေမှာ သူတို့ ဘ၀တွေကို ကာကွယ် ပေးနိုင်ဖို့ သူတို့ခေါင်းပုံ မဖြတ်ခံရဖို့၊ အဖိနှိပ်မခံရဖို့ ဘယ်အမျိုးသမီး အဖွဲ့အစည်းတွေက တောင်းဆို ပေးသလဲ၊ ဘယ်မျိုးချစ် ပုဂ္ဂိုလ်တွေက စဉ်းစား ပေးဖူးသလဲ။

အနှိပ်ခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ အတွက် တရားဝင် လိုင်စင် မပေးသင့်ဘူးလို့ ရွံ့ရှာတဲ့ လေသံနဲ့ ပြောကြားနေတဲ့ အမျိုးသားတွေ ကရော အနှိပ်ခန်းတွေကို တကယ်ပဲ မသွားကြဘူးလား။

လိုအပ်ချက် အရ ရှိတာတော့ ရှိပလေ့စေ၊ တရားဝင်တော့ မဖြစ်စေနဲ့ ဆိုတဲ့ အခြေအနေမှာ အနိုင်ကျင့် ခံရမှုတွေ၊ အမှောင် ကျသွားတဲ့ ဘ၀တွေ အများကြီး ရှိနိုင်ပါတယ်။

ဒါ့အပြင် ပပ တို့လို အနှိပ်ခန်းမှာ လုပ်ကိုင် နေကြရတဲ့ အနှိပ်သမ တွေဟာ သာမန် လုပ်သားတွေလို လွတ်လွတ် လပ်လပ် သွားလာခွင့် မရှိကြပါဘူး။ တစ်ရက်ကို မိနစ်ပိုင်းမျှသာ အပြင် ထွက်ခွင့် ပေးထားပြီး သတ်မှတ်ချိန်ထက် နောက်ကျမှ ၀င်ရောက် မိရင်တော့ ငွေဒဏ်ပေး ဆောင် ကြရပါတယ်။ ဒါကြောင့်လည်း သူမတို့ဟာ အချိန်တိုင်း လိုလို အနှိပ်ခန်းမှာ ရှိနေကြပြီး လာရောက်တဲ့ ဧည့်သည်တွေကို ၀န်ဆောင်မှု ပေးနေကြတာ ဖြစ်ပါတယ်။

KTV ၊ အနှိပ်ခန်းတွေမှာ လုပ်ကိုင် နေသူတွေဟာ တရားဝင် လုပ်ငန်းတွေ မဟုတ်တဲ့ အတွက် သူတို့ကို အကာအကွယ် ပေးမယ့် အဖွဲ့အစည်းတွေ မရှိပါဘူး။ တခြား လုပ်ငန်းခွင် တွေမှာတော့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိကြပေမယ့် ဒီလုပ်ငန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ နိုင်ငံတော် အစိုးရက သတ်မှတ် ထားတာကြောင့် ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ ဆုံးရှုံး နေရဆဲ ဖြစ် နေပါတယ်။

““တစ်နေကုန် လက်တွေနာ နေအောင် နှိပ်နိုင် နင်းနိုင်မှ တစ်နေ့ကို ငါးထောင် မရဘူး။ ဒါကို နှမချင်း မစာမနာ သားပြော မယားပြော ပြောတဲ့ သူတွေက ရှိသေးတယ်တဲ့။ အပြော မခံနိုင်လို့ ပြန်ပြော ပြန်ရင်လည်း မန်နေဂျာက ဖောက်သည် ပျက်တယ်ဆိုပြီး ဆူတာ၊ ဆဲတာ ခံရတယ်။ အဲဒီတော့ ဧည့်သည်တွေနဲ့ လိုက်လျော ညီထွေအောင် နေပေး လိုက်ရတာပေါ့”” လို့ ကဗျာက ပြောပါတယ်။

အခုလို လူအများရဲ့ စိတ်မှာ အနှိပ်ခန်း ဆိုတာဟာ မကောင်းတာ လုပ်စားတဲ့ အခန်းလို့ အမြင်လွဲမှား နေတာကြောင့်လည်း ကဗျာ တို့လို ကောင်းရောင်း ကောင်းဝယ် လုပ်ငန်းကို တရားမ၀င် လုပ်နေကြရတဲ့ အမျိုးသမီးငယ်တွေဟာ လူမှု ပတ်ဝန်းကျင်မှာ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ သူတို့က ပြောပါတယ်။ အထူးသဖြင့် သူမတို့ လုပ်ငန်း ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ ခွဲခြား ဆက်ဆံမှုတွေက သူမတို့ကို ပိုပြီး သိမ်ငယ် စေတယ်လို့ ပြောပါ တယ်။

ဟုတ်ပါတယ် ...

ဟုတ်ပါတယ်၊

ကျွန်မတို့ အလုပ်က သဒ္ဒါ စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီပါဘူး။

ကျွန်မတို့ ဘ၀တွေကလည်း ၀ါကျ တည်ဆောက်ပုံ မမှန်ကန်ပါဘူး။

ဒါပေမဲ့ ...

ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်။

““ကျွန်မတို့က ဒီဆိုင်မှာ နေတာ ကိုသိတော့ မကောင်းတာ လုပ်စားတဲ့ မိန်းမလို့ ထင်ပြီး ရောဂါရှိတဲ့ ရောဂါသည် တစ်ယောက်လို ဆက်ဆံပြီး ဈေးမရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီအခါ ကျရင်တော့ ကိုယ့်ဘ၀ကိုယ် သနားမိတယ်””လို့ ပပ က ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ သူမရဲ့ အတွေ့ကြုံ တစ်ခုကို အခြေခံပြီး ပြောပါတယ်။

တကယ်တော့ အနှိပ်ခန်းမှာ လုပ်ကိုင် နေကြတဲ့ အမျိုးသမီးတိုင်း ဟာ ပြည့်တန်ဆာတွေ မဟုတ်သလို၊ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ အမျိုးသမီးတွေ လည်း မဟုတ်ကြပါဘူး။ စားဝတ်နေရေး ခက်ခဲလွန်းတဲ့ အခြေအနေ ကြောင့်သာ အဆင်ပြေသလို ရုန်းကန် လှုပ်ရှား နေကြရတာ ဖြစ်ပါတယ်။

KTV ၊ အနှိပ်ခန်းတွမှာ လုပ်နေသူတွေက ဧည့်သည် စိတ် ကျေနပ်အောင် ဖျော်ဖြေနိုင်မှ ဘောက်ဆူး ကောင်းကောင်း ရကြတာပါ။

ဧည့်သည်က စိတ်မကျေနပ်လို့ တခြား သူတစ်ယောက်နဲ့ လူစားလဲ ခံလိုက်ရင် အခန်းဝင်တဲ့ Section ကြေး ဆုံးရှုံးမှာကို ကဗျာက စိုးရိမ်ပါတယ်။ အနှိပ်သမ လုပ်လာတာဟာ လပိုင်းသာ ရှိနေတာမို့လို့ “ဘိုင်” များများ ရရေးကို သူမက မျှော်လင့်တာပါ။

“ဘိုင်”များများ ရှိတဲ့ အနှိပ်သမဟာ ဆိုင်ရှင်ရဲ့ အားပေး အားမြှောက်မှုကို ခံရလေ့ရှိပြီး သူများတွေ ထက်လည်း အခွင့်အရေး ပိုမို ရရှိကြပါ တယ်။ ဒါပေမဲ့ “ဘိုင်”တွေ အများကြီး ရဖို့ဆိုတာ ရုပ်ရည် ပြေပြစ်ရုံ၊ စွဲဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ ဧည့်သည်တွေ ကို နွေးနွေး ထွေးထွေး ဆက်ဆံ တတ်ပြီး၊ ဧည့်သည် အလိုကျ မငြိုမငြင် ပြုစု ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။

အနှိပ်ခန်းတွ၊ KTV တွေမှာ လုပ်ကိုင်နေတဲ့ အများစု ကတော့ စီပွားရေး အခြေ အနေကြောင့် တစ်နယ် တစ်ကျေး ကနေလာပြီး လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုဝင် အများစုက သူတို့ ဘယ်လုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင် နေတာလဲ ဆိုတာ အမှန်အတိုင်း မသိရှိကြပါဘူး။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေး စောင့်ရှောက်ရေး အဖွဲ့အစည်းများစွာ ပေါ်ပေါက် လာပါတယ်။ နောက်ဆုံး အဆင့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် သူတွေရဲ့ အခွင့်အရေး ကို စောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်း အနည်းငယ် ပေါ်ပေါက် လာတာကို တွေ့ရပေမယ့် KTV နဲ့ အနှိပ်ခန်းက အမျိုးသမီးတွေ အတွက် ကာကွယ် စောင့်ရှောက်မယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ ဝေးနေဆဲပါပဲ။

ပြည်တွင်းမှာ လှုပ်ရှားမှုတွေ ပြုလုပ် နေကြတဲ့ အမျိုးသမီး အဖွဲ့အစည်း တချို့ဟာ ဟန်ပြ သက်သက်၊ စားကောင်းရုံ သက်သက် အမျိုးသမီး အခွင့်အရေး အတွက် ဆောင်ရွက် နေကြတာ မဟုတ်ပေမယ့် လည်း တကယ် ဖိနှိပ်ခံရတဲ့ အမျိုးသမီးတွေ၊ စားဝတ်နေရေး အခြေအနေကြောင့် ဥပဒေ ပြင်ပကို ရိုးရိုး သားသား ရောက်ရှိသွားတဲ့ အမျိုးသမီးငယ်တွေကို အကာအကွယ် ပေးနိုင်ဖို့ ထိထိ ရောက်ရောက် ဆောင်ရွက်တာမျိုး၊ အားသွန် ခွန်စိုက် ဆောင်ရွက်တာ မျိုးလည်း မတွေ့ရပါဘူး။ အစိုးရ အနေနဲ့ကလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေ မှန်ကို လက်ခံပြီး ဒီလို လုပ်ငန်းခွင်ထဲက အမျိုးသမီးငယ်တွေ အခွင့်အရေး အတွက် စဉ်းစား ဆောင်ရွက်ပေးဖို့ အထူး လိုအပ်လှပါတယ်။

(The Messenger ဂျာနယ်တွင် ဖော်ပြ ခဲ့ဖူးသော ဆရာ မောင်ရှင်စော ၏ KTV ကဗျာမှ ကဗျာ စာသား အချို့အား ယခု ဆောင်းပါးတွင် အသုံးပြု ထားပါသည်။)
From: Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...