Thursday, 23 October 2014

မွေးကင်းစကလေး သေဆုံးမှုနှင့် ပတ်သတ်၍ ကာယကံရှင် မိသားစုနှင့် ၀ိတိုရိယဆေးရုံတို့ အပြန်အလှန် ရှင်းလင်းမှုများ ဖြစ်ပေါ်

ဝိတိုရိယ ဆေးရုံတွင် မီးဖွားရာမှ ကလေးငယ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ အထင်ကရ ဆေးရုံးကြီးများတွင် မွေးဖွားရသကဲ့သို့ မဟုတ်ဘဲ တောကြိုအုံကြားရှိ ကျေးရွာများမှ လက်သည်ဖြင့် မီးဖွားရသကဲ့သို့ ဖြစ်နေသည်ဟု သေဆုံးသူ ကလေးငယ်၏ မိသားစုမှ တုန့်ပြန်ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ကာယကံရှင်များမှ အောက်တိုဘာလ (၁၈)ရက်နေ့တွင် စင်ထရယ် ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းနစ်နာမှုများ အတွက် ငွေကျပ်သိန်း (၅၀၀)ခန့် တောင်းဆိုထားကြောင်းနှင့် ယင်းငွေများအား ရန်ကင်း ကလေးဆေးရုံကြီးနှင့် သေဆုံးကလေးငယ် အတွက် ရည်စူး၍ လှူဒါန်းရန် ရည်ရွယ်ထားကြောင်းလည်း ကာယကံရှင် မိသားစုထံမှ သိရသည်။

ယင်းနှင့်ပတ်သတ်၍ သေဆုံးကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်နွေးဝါ၀ါလတ်က “ဒါကျွန်မရဲ့ သားဦးလေးပါ။ ပထမ တစ်ယောက်က သမီးလေးဖြစ်လို့ သားယောက်ျားလေး မွေးဖွားချင်ခဲ့တာပါ။ ကျွန်မကလေးရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှု လုံးဝမရှိပါဘူး။ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်၍ ၀ိတိုရိယ ဆေးရုံမှလည်း ထုတ်ပြန်ချက် တစ်စောင်အား အောက်တိုဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ေ ကြငြာခဲ့ပြီးဖြစ်ကာ ယင်းကြေငြာချက်တွင် အချက်(၉) ချက်ခန့် ပါဝင်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်တွင် ယခုဖြစ်စဉ်အတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြောင်း၊ ကလေးငယ်အား အထူးကု ဆရာဝန်ကြီး၏ လမ်းညွန်ချက်အတိုင်း ၀ိတိုရိယ ဆေးရုံတွင် အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း ယခု ဖြစ်စဉ်အား ကာယကံရှင် ဒေါ်နွေးဝါ၀ါလတ် မိသားစုသို့ ဆရာဝန်ကျင့်ဝတ်၊ ဆေးရုံ ကျင့်ဝတ်များဖြင့် ရှင်းလင်းပြီး ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်နေသည်။

“၀ိတိုရိယဆေးရုံက ထုတ်ပြန်ချက်ကို လက်မခံနိုင်ပါဘူး၊ ပေါ့ဆတဲ့ အချက်တွေကို ကာကွယ်တဲ့ စကားတွေ ဖြစ်တယ်လို့ ယူဆပါတယ်၊ ပြီးတော့ အဲ့ဒီ ၀ိတိုရိယ ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သလို အောင်မြင်စွာ မီးဖွားပြီးစီးဟုဆိုသည့် စာသားမှာလည်း မမှန်ကန်ဘဲ ဆေးရုံ၏ စွမ်းဆောင်မှု တစ်ခုမှ မပါဝင်ကာ မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်၊ ကလေးငယ်အား ၀ိတိုရိယ ဆေးရုံမှ ရန်ကင်း ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ကြာချိန်မှာလည်း ၃နာရီနီးပါးရှိခဲ့၍ စနစ်တကျ ပို့ဆောင်ခဲ့သည်ဆိုသော စာသားကိုလည်း လက်မခံနိုင်ပါဘူး”ဟု အဆိုပါ ကလေးငယ်၏ ဖွားလေး ဖြစ်သူ ဒေါ်စံပယ်လတ်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ဖြစ်ပွားခဲ့ခြင်းကြောင့် ပုဂ္ဂလိက ဆေးရုံကဏ္ဍတွင် ၀န်ဆောင်မှု ပေးသည့်အခါ၌ ပြည်သူ့ ဆေးရုံကြီးကို အထူးကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း ပြည်သူ့ဆေးရုံနှင့် ထပ်တူထပ်မျှ ဖြစ်သော ၀န်ဆောင်မှုများ ပေးသင့်ပြီး၊ အစိုးရ အနေနှင့်လည်း ပြည်သူများ၏ လိုအပ်ချက်များအရ စည်းကမ်းစနစ် တစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ကျန်းမာရေး ၀န်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒေါက်တာခင်မောင်လွင်က အဆိုပါပွဲတွင် ပြောကြားသည်။

ဖြစ်ပွားခဲ့သည့် ကိစ္စရပ်မှာ မွေးရက်ထက် ၅ရက်စော၍ မွေးဖွားခဲ့သော ကလေးငယ်မှာ အောက်တိုဘာလ ၃ ရက်နေ့တွင် မွေးဖွားခဲ့သော်လည်း အောက်တိုဘာလ ၅ရက်နေ့တွင် သေဆုံးခဲ့ရကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုမှ ၀ိတိုရိယ ဆေးရုံကြီးနှင့် သားဖွားမီးယက် အထူးကု ဆရာဝန်ကြီးတို့အား ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ လည်းကောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်းကောင်း တိုင်ကြားထားကြောင်း သိရသည်။

- လျှမ်းလူ

From: Tomorrow

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...