Thursday, 23 October 2014

ကျွန်တော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ



Facebook မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုံတွေရဲ့ အောက်မှာ comment ပေးကြတဲ့အခါ ဘာသာခြားတွေ(အထူးသဖြင့် မွတ်စလင်တွေ)က ဗုဒ္ဓဘာသာကို ဒီလိုစော်ကားပြောဆိုတာတွေ တွေ့ရတာများလို့ ရေးချင် ပြောပြချင်စိတ်ပေါက်လို့ ရေးလိုက်တာပါ။

၁။ လူလူချင်း ကိုးကွယ်တဲ့ဘာသာ (ရိုင်းတဲ့သူတွေက အိန္ဒိယတိုင်းသား ကုလားကို ကိုးကွယ်တဲ့ ဘာသာတဲ့၊ ဒီထက်ရိုင်းတဲ့သူတွေက မိန်းမရုပ်ပေါက်နေတဲ့ မိန်းမလျာအခြောက်ကို ကိုးကွယ်တဲ့ဘာသာတဲ့)
၂။ လူလုပ်ထားတဲ့ ရုပ်ထုတွေ ရုပ်ပုံတွေကိုးကွယ်တဲ့ဘာသာ
၃။ ဘုရားစေတီလို့ခေါ်တဲ့ အုတ်ပုံတွေကို ကိုးကွယ်တဲ့ဘာသာ
၎။ တောင်းစားနေတဲ့ ကတုံးတွေကိုရှိခိုးတဲ့ ဘာသာ
၅။ ဘုန်းကြီးဝတ်လိုက်တာနဲ့ ကိုယ့်သားကိုယ် ပြန်ရှိခိုးတဲ့ဘာသာ (ရိုင်းတဲ့သူတွေက အိမ်က ကိုယ်နဲ့ဆက်ဆံဖက် မိန်းမ ကိုယ့်ကို အမြဲပြုစုနေရတဲ့ မိန်းမ သီလရှင်ဝတ်သွားရင်တောင် ကိုယ်ကပြန်ရှိခိုးတဲ့ ဘာသာတဲ့)
ဒီလိုစကားတွေကို ဆင်ခြင်တုံတရားနည်းပါးတဲ့သူတွေ အသိပညာဗဟုသုတနည်းပါးသူတွေကို သွားပြောရင်တော့ ဟုတ်တယ်နော် ငါတို့ ဘယ်လိုဘာသာကို သွားကိုးကွယ်မိနေပါလိမ့် ဆိုပြီး တစ်ခြားဘာသာ ပြောင်းသွားချင်ပြောင်းသွားမှာပါ။ အခုက facebook ပေါ်က ခေတ်ပညာတတ်လူတွေများတော့ တစ်ဖက်နဲ့တစ်ဖက် ရန်ပွဲက အတောမသတ်နိုင်တော့ဘူးပေါ့။ ဘယ်သူမှ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို အဲလိုနှိမ်ချပြောရင် မကြိုက်ကြဘူးလေ။ ကျွန်တော်သိထားမှတ်ထားသလောက် နည်းနည်းရေးပါ့မယ်။

ဗုဒ္ဓ = သစ္စာလေးပါး(အမှန်တရား လေးပါး)ကို သိသွားသောပုဂ္ဂိုလ်။ သစ္စာလေးပါးကို နားလည်အောင်ပြောရရင်
(၁)လောကမှာ ရှိတဲ့အရာတွေဟာ ဒုက္ခ(ဆင်းရဲခြင်း)တွေပါလားဟူသော အမှန်တရား
(၂)ထိုဒုက္ခတွေ ဖြစ်ပေါ်လာခြင်းဟာ အကြောင်းတွေ ရှိလို့ပါလားဟူသော အမှန်တရား
(၃)ထိုဒုက္ခတွေ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတာ ရှိပါလားဟူသော အမှန်တရား
(၄)ထိုနိဗ္ဗာန်ကို ရောက်ဖို့ရာ စောင့်ထိန်းကျင့်ကြံကြိုးစားရမယ့် လမ်းတွေရှိပါလားဟူသော အမှန်တရား ဒီလေးမျိုးပါပဲ။
နိဗ္ဗာန်ဆိုတာကတော့ ဘဝတွေ အသစ်တစ်ဖန်ဖြစ်ပေါ်လာမှု ချုပ်ငြိမ်းတာကိုခေါ်တဲ့ အမည်ပညတ်တစ်ခုပါပဲ။ ဘဝအသစ်မဖြစ်တော့ မအိုလည်းမအိုရ မနာလည်း မနာရတော့ဘူးပေါ့။ ဒီနေရာမှာ သိရမှာက နိဗ္ဗာန်ဆိုတာ အမည်တစ်ခုပါပဲ။ ပျော်စရာတွေရှိတဲ့ ဘုံဌာနလည်း မဟုတ်ပါဘူး။ ၃၁ ဘုံမှာလည်း နိဗ္ဗာန်ဘုံဆိုတာ မပါပါဘူး။ (ဥပမာ ပြောရရင် ဖယောင်းတိုင်မီးဟာ မီးစာကုန် ဖယောင်းလည်းကုန်ပြီး ဟုတ်ခနဲ ငြိမ်းသွားသလိုပါပဲ။ ဘယ်သောဘယ်ကာလမှ အဲဒီဖယောင်းတိုင်လေးကို ပြန်မရတော့ပါဘူး။ ဖယောင်းတိုင်လေးအတွက်ကတော့ နေပူလို့ ဖယောင်းတွေ ပျော့ပြဲကွေးကောက်သုံးမရတဲ့ဒဏ်၊ ကလေးတွေယူဆော့လို့ ထက်ပိုင်းကျိုးရတဲ့ဒဏ်၊ အလင်းရောင်လိုချင်လို့ လူတွေက ထိပ်ကိုမီးနဲ့ ရှို့တဲ့ဒဏ်တွေ မခံရတော့ဘူးပေါ့။ သူထာဝရ အေးချမ်းသွားပြီလေ။ ဖယောင်းတိုင်လေးက ဘဝနဲ့တူပါတယ်။ ဖယောင်းနဲ့ မီစားကုန်လို့ မီးငြိမ်းပြီး ဖယောင်းတိုင်လည်း ပျောက်သွားတာကတော့ ဖယောင်းတိုင်လေးရဲ့ နိဗ္ဗာန်ပေါ့။)

ကျွန်တော်တို့ဟာ မွေးလိုက် အိုလာလိုက် သေလိုက် ပြန်မွေးလာလိုက် ဒီသံသရာကြီးထဲမှာ ယောင်ချာချာနဲ့ လည်နေတာကြာပါပြီ။ (သံသရာလည်နေပြီး ရှေးဘဝ နောက်ဘဝရှိတယ်ဆိုတာ အခုအနောက်တိုင်းက သိပ္ပံပညာရှင်တွေတောင် လေ့လာလက်ခံလာတဲ့ လူဝင်စား အဖြစ်အပျက်တွေကို ကြည့်ရင် သိနိုင်ပါတယ်) ဘယ်ကလာလို့ ဘယ်မှာ ခရီးဆုံးမယ်မသိ တစ်ချို့သူတွေက ချမ်းသာ(ငွေချမ်းသာပေမယ့် စိတ်ဆင်းရဲနေရတာကလည်း အပုံအပင်ပါ) တစ်ချို့သူတွေက ဆင်းရဲ ဒီလိုနဲ့နေလာကြတာမှာ လွန်ခဲ့တဲ့ နှစ် ၂၆၀၀ လောက်ကတော့ ယခု အိန္ဒိယလို့ခေါ်တဲ့ ဒေသမှာရှိတဲ့ တိုင်းပြည်တွေထဲက အလှည့်ကျမင်းလုပ်ကြတဲ့ ကပိလဝတ်ပြည်လေးက သိဒ္ဓတ္ထဂေါတမ (နာမည်က သိဒ္ဓတ္ထ မျိုးနွယ်က ဂေါတမပါ။ David Beckham လိုပေါ့ဗျာ ဘောကန်ဂျာဆီမှာတော့ Beckham လို့ရေးပြီး ရင်းနှီးသူတွေကတော့ David လို့ခေါ်သလိုပေါ့) ဆိုတဲ့ ဘုရင့်သားတော်လေးဟာ လူတွေ အိုကြ နာကြ သေကြတာတွေကို တွေ့တော့ သူလည်း တစ်နေ့ဒီလို သေရမှာပါပဲလားဆိုပြီး အတွေးပေါက်လို့ သူ့ရဲ့ စည်းစိမ် မိန်းမ သားငယ်လေးနဲ့ အခြွေအရံတွေကို စွန့်ပြီး လူယုံတော်အမတ်လေး တစ်ယောက်ကိုသာ ခေါ်ပြီး မသေဆေးရှာဖို့ တိတ်တိတ်လေးထွက်သွားပါတယ်။လူယုံအမတ်လေးကိုလည်း တောအရပ်ရောက်တော့ သူထွက်သွားရခြင်းအကြောင်းကို ပြန်ပြောပြနိုင်အောင် နန်းတော်ကို ပြန်လွှတ်လိုက်ပါတယ်။ အရင်ဆုံး အဲဒီခေတ်က ငြိမ်းအေးတဲ့သူတွေ အလိုနည်းတဲ့သူတွေ သူတော်စင်ကြီးတွေလို့ နာမည်ကြီးနေတဲ့ ရသေ့ကြီးနှစ်ပါးဆီမှာ တပည့်ခံပြီး သူလိုချင်တဲ့ မသေဆေး(မသေမယ့်နည်းလမ်း) ရှိမလားလို့ ရှာဖွေပါသေးတယ်။ ကောင်းမြတ်တဲ့နည်းလမ်းတွေနဲ့ စိတ်အေးချမ်းမှု အတော်အတန်ရခဲ့ပေမယ့် သူလိုချင်တဲ့ မသေဆေးတော့မဟုတ်ပါဘူး။ အဲဒါနဲ့ပဲ ရသေ့ကြီးတွေဆီက ထွက်ခဲ့ပြီး တစ်ကိုယ်တည်း ပြင်းထန်တဲ့ အကျင့်တွေကို ၆ နှစ်ကြာအောင် ကျင့်ကြည့်ပေမယ့်လည်း မထူးခြားခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဲဒီအကျင့်တွေကို စွန့်လွှတ်ပြီး မပြင်းလွန်း မပျော့လွန်းတဲ့ အကျင့်တွေကို ကျင့်ပြီး မသေဆေးကို ကြိုးစားရှာဖွေလိုက်တဲ့အခါမှာတော့ အထက်မှာပြောခဲ့တဲ့ သစ္စာလေးပါးလို့ခေါ်တဲ့ အမှန်တရားကို သိလာပြီး မသေဆေးမဟုတ်ပေမယ့် ဒီတစ်ခါနောက်ဆုံးသေပြီးရင်တော့ နောက်ထပ်တစ်ခါ ဘဝသစ်ထပ်မရတော့တဲ့ နည်းလမ်းတွေကို တွေ့သွားတာပါပဲ။ ဘဝသစ်ထပ်မရတော့ သေစရာမလိုတော့ဘူးပေါ့။ အဲဒီနည်းလမ်းတွေကိုတော့ မဂ္ဂင် ၈ ပါး လို့ခေါ်ပါတယ်။ (မဂ္ဂ = လမ်း။ လမ်း ၈ မျိုးလို့ အဓိပ္ပာယ်ရပါတယ်။) သစ္စာလေးပါးကို သိလို့ သူ့ကို ဗုဒ္ဓလို့ခေါ်ပါတယ်။ ဗုဒ္ဓဟာ အဲဒီမှာကတည်းက သူလိုချင်တာတွေ့တော့ ကိစ္စပြတ်နေပါပြီ။ သူဟာသူ အေးအေးနေ နောက်သေရင် နိဗ္ဗာန်ရောက် ရှင်းရှင်းလေးပါပဲ။ သူကိုယ်တိုင်လည်း ဆုံးမပဲ့ပြင်ရမယ့် သတ္တဝါများလွန်းလို့ ကုန်အောင် မဆုံးမနိုင်တာကြောင့် တရားမဟောတော့ဘူးလို့ ကြံစည်လိုက်ပါသေးတယ်တဲ့။ ဒါပေမယ့် သတ္တဝါတွေရဲ့ အကျိုးကို မျှော်တွေးမိတာကြောင့်သူ့ဆရာဖြစ်ဖူးတဲ့ ရသေ့ကြီးနှစ်ပါးကို တရားစဟောဖို့ ကြံပါတယ်။ ကံဆိုးတဲ့ ရသေ့ကြီးနှစ်ပါးဟာ သေလွန်နေပြီး ဗြဟ္မာဘုံကို ရောက်နေတာကြောင့် မဟောရတော့ဘဲ သူ့ကို ဝတ်ကြီးဝတ်ငယ်ပြုစုဖူးတဲ့ တောထွက်ရသေ့ငါးပါးကိုပဲ တရားဦးစဟောပါတယ်။ တရားဟောအပြီးမှာတော့ အဲဒီရသေ့ ငါးပါးဟာ ဗုဒ္ဓရဲ့ တပည့်တွေအဖြစ် ခံယူကြပါတယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတွေကိုတော့ ဓမ္မလို့ခေါ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမကို အမြဲနာခံတဲ့ နောက်လိုက်တပည့်တွေကိုတော့ သံဃာလို့ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓရဲ့ အသက်က ၃၅ နှစ်ပါ။ အဲဒီအချိန်ကနေစပြီး ဗုဒ္ဓဟာ မဇ္ဈိမဒေသလို့ခေါ်တဲ့ ကမ္ဘာ့အလယ်ပိုင်းဒေသတွေကို ပြဲပြဲစင်အောင် လှည့်လည်ပြီး ဒုက္ခငြိမ်းချင်သူတွေအတွက် သံသရာကချုပ်ပျောက်ကြောင်းတရားတွေ၊ ပါရမီနည်းလို့ အရာရာတိုင်းဟာ ဒုက္ခလို့ မမြင်နိုင်သေးတဲ့သူတွေ အတွက်လည်း သံသရာမှာ သက်တောင့်သက်သာလည်စေနိုင်ဖို့ အကျင့်ကောင်းတွေကို အသက် ၈၀ သူ့ဘဝမချုပ်ငြိမ်းခင်ထိ ဟောကြားခဲ့ပါတယ်။ သူသွားခဲ့တဲ့နေရာတိုင်း သူဟောကြားတဲ့တရားတွေနာရသူတိုင်း သူ့ကိုမေးခွန်းတွေ မေးပြီး စမ်းသပ်တဲ့သူတိုင်းဟာ သူဟောတာ သူပြန်ဖြေရှင်းတာတွေကို ငြင်းစရာမရှိအောင် သဘောကျနှစ်ခြိုက်ကြပြီး သူ့တပည့်တွေချည်း ဖြစ်ကုန်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ခြိမ်းခြောက်ပြီး မကိုးကွယ်ခိုင်းခဲ့ပါဘူး။ သူပြောတာတောင် သေချာလေ့လာကျင့်ကြံကြည့်ပြီးမှ ယုံပါတဲ့။ အလွန်ကြည်ညိုလာသူတွေကတော့ ဗုဒ္ဓရဲ့ နောက်လိုက် သံဃာတွေ အဖြစ်ခံယူလာပြီး လောကီကို မစွန့်လွှတ်နိုင်သေးသူတွေကတော့ လူအတိုင်းပဲ တပည့်တွေဖြစ်လာပါတယ်။ ဗုဒ္ဓဆုံးမထားတဲ့ စကားတွေ လမ်းညွှန်ထားတဲ့ အကျင့်တွေ ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သူ့တပည့် သံဃာအသိုက်အဝန်းနဲ့ လူအသိုက်အဝန်း တွေကိုပေါင်းပြီး ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဆုံးမခဲ့တဲ့ အကျင့်တွေကို ကျင့်ကြံကြသူတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပေါ့။
အခုတော့ ဗုဒ္ဓက လောကမှာမရှိတော့ပါဘူး။ ဘဝသစ်လည်း ထပ်မဖြစ်တော့ဘဲ ချုပ်ပျောက်သွားပါပြီ။ သူက ကျွန်တော်တို့ကို လာလည်းကယ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို တစ်နေရာကနေလည်း စောင့်ကြည့်နေမှာမဟုတ်ပါဘူး။ သူ့ကိုယုံပဲယုံပြီး သူပြောသလို ကောင်းအောင်မနေခဲ့လို့ မဟုတ်တာတွေလုပ်ခဲ့လို့ ငရဲရောက်လည်း သူကတော့ကယ်မှာမဟုတ်ပါဘူး။ မကယ်ဘူးဆို သူကရှိမှမရှိတော့ပဲလေ။ သူလည်းလူထဲကလူ လူတွေအတိုင်းပဲ သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော်တို့လည်း တစ်ချိန်ချိန်သေဆုံးရဦးမှာပါ။ ဒါပေမယ့် ဗုဒ္ဓညွှန်ပြခဲ့သလို လမ်းဆုံးထိရောက်အောင် မကျင့်ကြံနိုင်ရင်တော့ ဘဝသစ်တွေ ထပ်ထပ်ဖြစ်ပြီး အိုနာသေ ဒုက္ခတွေ ထပ်ခံစားရဦးမှာပါ။ ဘဝသစ်တွေထပ်ဖြစ်ရာမှာတော့ မိမိတို့ ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေအလိုက် ဘဝသစ်မှာ ခံစား စံစားရမှာပါ။ ဒါ တရားမျှတပါတယ်။ သဘာဝလည်းကျပါတယ်။ တစ်စုံတစ်ဦးက ကျွန်တော်တို့ကို စီမံဖန်တီးထားတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်သာ မိမိကြမ္မာကို ဖန်တီးနေကြတာပါ။

ပိဋကတ်သုံးပုံဆိုတာက ဗုဒ္ဓလက်ထက်မှာ မရှိခဲ့သေးပါဘူး။ ဗုဒ္ဓကရေးသားပြီး ဖြန့်ဝေခဲ့တဲ့ ဝါဒစာအုပ်ကြီးလည်း မဟုတ်ပါဘူး။ ဗုဒ္ဓပရိနိဗ္ဗာန်ပြု(သေဆုံး)ပြီးတဲ့အခါမှာ ဗုဒ္ဓရဲ့ တပည့်တွေထဲက တတိယမြောက် အားအကိုးရဆုံး တပည့်ကြီးဖြစ်တဲ့ အရှင်မဟာကဿပက သာသနာဖျက်မယ့်(ဗုဒ္ဓမဟောခဲ့တာတွေကို ဟောကြားခဲ့တာပါဆိုပြီး လူတွေကို မိမိအကျိုး အတွက် လိမ်လည်ကြမယ့်) ရဟန်းဆိုး(တပည့်ဆိုး)တွေရန်က ကာကွယ်ဖို့ ဗုဒ္ဓရှိစဉ်အခါက ဗုဒ္ဓရဲ့ တရားတွေကို နားကြားခဲ့ရတဲ့ ရဟန်းသံဃာတွေကို စုပေါင်းပြီး ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကိုသာ တစ်လုံးတစ်ပါဒမှ မလွဲရအောင် ရွေးချယ်စီစစ်ကာ သာသနာသန့်ရှင်းရေးအတွက် ခွဲခြမ်းစိတ်ဖြာ(Analysis)လုပ်ပြီး ထားခဲ့ပါတယ်။ အဲဒီတုံးကတော့ ရဟန်းတော်တွေဟာ နှုတ်ကပဲအလွတ်ကျက်မှတ်ရွတ်ဆို ခဲ့ပါတယ်။ သူတို့ကနေ တပည့်သားမြေးတွေကိုလည်း နှုတ်တက်ရအောင်ရွတ်ဆို ကျက်မှတ်စေပြီး ထိန်းသိမ်းထားခဲ့ပါတယ်။ အဲလိုနှုတ်တက်ရတဲ့ ရဟန်းသံဃာပေါင်းက မရေမတွက်နိုင်လောက်အောင် များခဲ့ပါတယ်။ နှစ်တွေကြာလာလို့ ကွဲလွဲချက်နည်းနည်းပေါ်လာရင်လည်း အားလုံးစုပေါင်းပြီး အမှန်ကိုရှာဖွေကာ သာသနာသန့်ရှင်းအောင် ပြန်လည်ဆောင်ရွက်ကြပါတယ်။

အဲလိုဆောင်ရွက်ခဲ့တာ နောက်ဆုံးမြန်မာနိုင်ငံမှာ မင်းတုန်းမင်းကြီးလက်ထက်က ၅ ကြိမ်မြောက် နောက်ကိုလိုနီ အစိုးရလက်ထက်က ၆ ကြိမ်မြောက် သန့်ရှင်းပြီးပါပြီ။ အရင် ၄ ကြိမ်ကတော့ အခြားနိုင်ငံတွေမှာ လုပ်ခဲ့တာပါ။ မင်းတုန်းမင်းကြီး လက်ထက်က နှုတ်တက် ပေမူတွေတင် အားမရလို့ ပျောက်ပျက်သွားမှာစိုးလို့ ကျောက်ပြားမှာပါ ရေးထိုးထိန်းသိမ်းခဲ့ပါတယ်။ ဘာသာခြားများလည်း မန္တလေးကုသိုလ်တော်ဘုရားကို လမ်းကြုံရင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ အဲဒီမှာ ပိဋကတ်သုံးပုံကို ကျောက်ပြားမှာ ရေးထိုးထားတဲ့ ကျောက်ပြားတွေကိုတွေ့ရမှာပါ။ အခုတွေ့ရတဲ့ ပုံနှိပ်စာအုပ် ပိဋကတ်သုံးပုံကတော့ ၆ ကြိမ်မြောက် သာသနာသန့်ရှင်းရေးရောက်မှ ရိုက်နှိပ်ထုတ်ဝေထားတာပါ။ သာသနာသန့်ရှင်းခြင်း သမိုင်းကြောင်းလေးတွေ ပိုပါလာတာကလွဲလို့ ဗုဒ္ဓဟောခဲ့တဲ့ တရားတွေကတော့ တစ်လုံးတစ်ပါဒမှ မလွဲခဲ့ပါဘူး။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတွေ အများကြီးရှိခဲ့ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို ဖြုတ်ချင်တာဖြုတ် ဖြည့်ချင်တာဖြည့်ပြီး မိမိသဘောကျလုပ်ခဲ့တဲ့ ရဟန်းဆိုးတွေရဲ့ ဂိုဏ်းတွေပါပဲ။ အခု အင်အားအကြီးဆုံးကတော့ မဟာယနဗုဒ္ဓဘာသာပါပဲ။ တရုတ်၊ ဂျပန်၊ ကိုရီယား တို့က ဗုဒ္ဓဘာသာက မဟာယနပါ။ ဗုဒ္ဓဟောကြားတဲ့ အတိုင်း ပိဋကတ်သုံးပုံ အကူအညီနဲ့ တစ်သဝေမတိမ်းလိုက်နာတဲ့ ဗုဒ္ဓဘာသာကတော့ ယခုမြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာပါပဲ။ ထေရဝါဒထဲမှာတောင် မိရိုးဖလာသာဗုဒ္ဓဘာသာဖြစ်ခဲ့ပြီး ဘာသာရေးအားနည်းလို့ တရားအကြောင်း ဘာမှမသိတဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ဒုနဲ့ဒေးပါပဲ။

၁။ “ လူလူချင်း ကိုးကွယ်ရခြင်း "
ဟုတ်ပါတယ်။ ဗုဒ္ဓကလူပါပဲ။ ဒါပေမယ့် သူကကျွန်တော်တို့ ကျေးဇူးရှင်ဆရာပါ။ ဒုက္ခ ငြိမ်းရာကို ညွှန်ပြခဲ့ပါတယ်။ ဒုက္ခကို အပြီးငြိမ်းအောင် မကျင့်ကြံနိုင်သေးရင်တောင် ဒုက္ခသက်သာစေမယ့် နည်းလမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒါကနှိုင်းမရအောင် ကျေးဇူးကြီးပါတယ်။ အခုလောကမှာ ကျွန်တော်တို့ကို ပညာသင်ပေးတဲ့ ဆရာတွေကိုတောင် ကျေးဇူးရှိလို့ ကိုးကွယ်ဆည်းကပ်ရပါတယ်။ သူတို့က ဒီဘဝအတွက်ပဲ သုံးလို့ရမယ့် ပညာတွေသင်ပေးခဲ့တာပါ။ ဗုဒ္ဓကတော့ သံသရာမှာ အကျိုးများမယ့် အသိလိမ္မာတွေကို သင်ပေးခဲ့တာပါ။ သူ့ရဲ့တရားတွေက တကယ်လိုက်နာရင် လက်တွေ့မှာတင် တကယ်ငြိမ်းချမ်းတဲ့ အရသာခံစားရပါတယ်။ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာအဆုံးအမ အတိုင်းသာကျင့်ကြံကြရင် စစ်ပွဲတွေ သတ်ဖြတ်မှုတွေဆိုတာရှိတော့မှာမဟုတ်ဘဲ ကမ္ဘာကြီး ထာဝရငြိမ်းချမ်းပါလိမ့်မယ်။ တရားတော်တွေ ဝါဒအယူအဆတွေကလည်း အခုတိုးတက်နေတဲ့ သိပ္ပံပညာက လက်ခံနိုင်တဲ့ အကြောင်းတွေပါပဲ။ ဘာသာခြားများ လေ့လာကြည့်ကြပါ။ ယုတ္တိရှိတာတွေ့ရမှာပါ။ စိတ်တွေလည်း ငြိမ်းအေးလာပါလိမ့်မယ်။ Albert Eainstein ကလည်းပြောခဲ့ပါတယ်။ သိပ္ပံပညာသာကမ္ဘာမှာ တိုးတက်လာရင် တစ်ကမ္ဘာလုံးက ကိုးကွယ်မှာ ဗုဒ္ဓဘာသာပါပဲတဲ
အဲဒီလို ယဉ်ကျေးအောင်ဆုံးမပေးခဲ့လို့ လူဖြစ်တဲ့ ဗုဒ္ဓကို ကိုးကွယ်ပါတယ်။ တကယ်ရှိမှန်းမသိ မရှိမှန်းမသိ ရှိတယ်ဆိုတာလည်း သက်သေအထောက်အထား မပြနိုင်တဲ့၊ လူတွေကို ဒုက္ခခံရအောင် ဖန်ဆင်းနေတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်နေတာထက်တော့ ပိုအဓိပ္ပာယ်ရှိမှာပါ။
ဟုတ်ပါတယ် သူက အိန္ဒိယတိုင်းသား ကုလားပါ။ အဲဒီလို ပြောချင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က အိန္ဒိယနိုင်ငံဆိုတာလည်း မရှိသေးပါဘူး။ မြန်မာ၊ ထိုင်း၊ တရုတ်၊ စတဲ့ အခုခေါ်နေကြတဲ့ နိုင်ငံတွေရယ်လို့ တစ်ခုမှ မရှိသေးပါဘူး။ တိုင်းငယ်ပြည်ငယ်လေးတွေ ကိုယ့်မင်းနဲ့ကိုယ် တည်ထောင်နေထိုင်ကြတာပါ။ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ အနီးတဝိုက်မှာလည်း ကပိလဝတ်၊ ဒေဝဒဟ၊ ကောသလ၊ ရာဇဂြိုဟ် ဘဒ္ဒိယ၊ လိစ္ဆဝီ၊ ဝေသာလီ စတဲ့ ပြည်ငယ်ကလေးတွေ ပဲရှိပါတယ်။ မြန်မာပြည်ဖြစ်လာမယ့်နေရာမှာလည်း ကျွန်တော်မှတ်သားမိသလောက် ဥက္ကလာပပြည် (ရန်ကုန်)၊ သုဝဏ္ဏဘူမိပြည် (သထုံ) စတဲ့ပြည်ငယ်လေးတွေပဲရှိပါတယ်။ ဗုဒ္ဓပွင့်တော်မူပြီးလို့ နှစ်ပေါင်း ၈၀၀ လောက်ကြာမှ အရိမဒ္ဒနပူရပြည် (ပုဂံပြည်) ရဲ့ဘုရင် အနုရုဒ္ဓါ (အနော်ရထာ)က ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်ပါတယ်။ အဲဒီတုံးက ဗုဒ္ဓဘာသာဟာ မြန်မာပြည်ကို မရောက်ရှိသေးဘဲ သုဝဏ္ဏဘူမိပြည် (သထုံပြည်)မှာသာ အသောကမင်းကြီးရဲ့ ၉ တိုင်း ၉ ဌာန သာသနာပြုရဟန်း တွေရဲ့ကောင်းမှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ရှိနေပါတယ်။ အနော်ရထာကလည်း အဲဒီတုံးက အရည်းကြီးတွေကို ရွံရှာစပ်ဆုတ်နေတဲ့ ဘာသာမဲ့ တစ်ဦးပါပဲ။ ရှင်အရဟံကြောင့် အနော်ရထာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာပြီး သူတည်ထောင်ထားတဲ့ မြန်မာနိုင်ငံမှာ အုတ်မြစ်ချ ပြန့်ပွားစေခဲ့တာပါ။ အဲဒါကြောင့် မြန်မာနဲ့ ဗုဒ္ဓဘာသာဆိုတာ ခွဲခြားမရနိုင်ပါဘူး။ ကုလားဆိုတဲ့ စကားကလည်း မြန်မာလူမျိုးက ကိုယ့်လူမျိုးမဟုတ်ရင် အကုန်ကုလားခေါ်တာပါပဲ။ အင်္ဂလိပ်တွေကို ကုလားဖြူလို့ခေါ်ခဲ့တာကိုကြည့်ပါ။ အဲဒါကြောင့် ဗုဒ္ဓရှိတုံးက ကုလားဆိုတဲ့ ဝေါဟာရမရှိသေးသလို မြန်မာဆိုတာကလည်း မရှိသေး အိန္ဒိယနိုင်ငံဆိုတာလည်း မရှိသေးပါဘူး။ မြန်မာနိုင်ငံစတည်ကတည်းက မြန်မာလူမျိုးတွေဟာ ဗုဒ္ဓ အဆုံးအမနဲ့သာ နေခဲ့တာမို့ ကုလားတွေကိုကိုးကွယ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအခေါ်အဝေါ်တွေအရ ကုလားကို ကိုးကွယ်တယ်လို့ပြောလည်း နာစရာတော့မရှိပါဘူး။
နောက်တစ်ခုက ဗုဒ္ဓရဲ့ ပုံတော်တွေ ကမိန်းမဆန်နေတယ်လို့ ပြောကြတာပါ။ ဒါကလည်း သဒ္ဓါ(ကြည်ညိုမှု) လွန်ကဲလို့ ချောအောင်လှအောင် ရေးဆွဲရင်း လွန်သွားလို့ြုဖစ်ရတာပါ။ အဲဒီလိုပါပဲ ရခိုင်က ရုပ်တုတွေက ရခိုင်ရုပ်ပေါက်ပါတယ်။ ရှမ်းပြည်က ရုပ်တုတွေကလည်း ရှမ်းရုပ်ပေါက်ပါတယ်။ တရုတ်က ရုပ်တုတွေကလည်း တရုတ်ရုပ်ပေါက်ပါတယ်။ ရုပ်တုထုသူတွေက သူတို့ စိတ်ကူးထဲမှာ ချောမယ့်လှမယ့်ရုပ်ကို ထုလုပ်ကြတာမို့လို့ပါ။ ဗုဒ္ဓဟာ ငယ်စဉ်ကတည်းက ဘုရင့်သားဆိုတော့ ကောင်းကောင်းနေ ကောင်းကောင်းစား ကောင်းကောင်းဝတ် နေခဲ့ရတော့ သူ့ခေတ်သူ့အခါမှာ လူချောလူလှ လူရည်သန့်တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ ဗုဒ္ဓရှိစဉ်အခါက ဓာတ်ပုံပညာဆိုတာလည်း မရှိပါဘူး။ ပန်းချီပညာတော့ရှိပေမယ့် ဘယ်တရားတော် ဘယ်သုတ်မှာမှ ဗုဒ္ဓပန်းချီအဆွဲခံတယ်လို့ မတွေ့ဖူးပါဘူး။ တစ်စုံတစ်ဦးက ဆွဲခဲ့မယ်ဆိုရင်တောင် နှစ် ၂၆၀၀ မှာ အကောင်းပကတိ ကျန်ခဲ့ဖို့က မဖြစ်နိုင်လောက်ပါဘူး။ ဒီတော့ ဗုဒ္ဓဘယ်လိုပုံဆိုတာ ဘယ်လိုသိနိုင်တော့မလဲ။ ထားလိုက်ပါ။ ဒါတွေက ဗုဒ္ဓဘာသာဝင်တွေ အတွက်ကအရေးမကြီးပါဘူး။ ဗုဒ္ဓတကယ် ရှိခဲ့တယ်ဆိုတာက ဗုဒ္ဓဂယာမှာ အထင်အရှားပဲလေ။ အရေးကြီးတာက ဗုဒ္ဓရဲ့ ကျေးဇူးတွေကို သတိရပြီး သူ့ရဲ့ အဆုံးအမအတိုင်းနေဖို့ပဲ မဟုတ်လား။

၂။ “ရုပ်ပုံတွေ ရုပ်တုတွေကို ကိုးကွယ်ခြင်း"
ဒါကလည်း အပေါ်မှာ ပြောခဲ့သလိုပေါ့။ ဗုဒ္ဓကအခု မရှိတော့ပါဘူး။ သူ့အဆုံးအမတွေသာ ကျန်ခဲ့ပါတယ်။ သူ့ကို ဗုဒ္ဓဘာသာဝင်တွေက ကြည်ညိုကျေးဇူးတင်ကြလွန်းတော့ သူရဲ့ ဂုဏ်ကျေးဇူးတွေကို အောင့်မေ့ဆင်ခြင်ပြီး သူ့အဆုံးအမတွေကို လိုက်နာဖို့ကြိုးစားကြပါတယ်။ ဒီအတိုင်း စိတ်ထဲမှာ သတိရနေတာထက်စာရင် ဗုဒ္ဓလို့ သတ်မှတ်ဖို့ ရုပ်တုတွေ ရုပ်ပုံတွေ ပြုလုပ်ပြီး ကိုးကွယ်တဲ့အလေ့ပေါ်လာတာပါပဲ။ ဗုဒ္ဓက ရုပ်တုပြုလုပ်ကိုးကွယ်ရမယ်လို့လည်း မမိန့်ကြားခဲ့ပါဘူး။ ကိုယ့်အဖေ အမေတွေ ဆုံးသွားတဲ့အခါ သူတို့ ဓာတ်ပုံလေးတွေ ပြန်ကြည့်ပြီး ကျေးဇူးတွေ သတိရသလိုပေါ့။ ဒီတိုင်းနေရင် သတိရချင်မှ ရမယ်လေ ဓာတ်ပုံလေးမြင်တော့ သတိရတယ် မဟုတ်လား။ မိဘဓာတ်ပုံကိုလည်း တကယ်ကိုယ့်မိဘ အစစ်မဟုတ်ပေမယ့် သက်မဲ့ကြီး ဖြစ်နေပေမယ့် ရိုသေတယ် မဟုတ်လား။ အိမ်ဦးခန်းမှာ မှန်ဘောင်သွင်းထားတယ် မဟုတ်လား။ မိဘဓာတ်ပုံ ဒါမှမဟုတ် အုတ်ဂူကို ရှိခိုး အရိုအသေပေးတယ်မဟုတ်လား။ ဒီသဘောမျိုးပါပဲ။ ဗုဒ္ဓကိုလည်း မိမိတို့ရဲ့ အနန္တကျေးဇူးရှင်မို့ ရုပ်တုတွေ ရုပ်ပုံတွေကို ရိုသေကိုးကွယ်ကြတာပါ။ ဒါကြီးက လာကယ်မယ်ဆိုပြီး ကိုးကွယ်တာမဟုတ်ပါဘူး။ တကယ်ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စ် တွေဆိုရင် ရွှေတိဂုံ ကျိုက်ထီးရိုး မဟာမြတ်မုနိ စတဲ့ဘုရားတွေနဲ့ အိမ်ကဘုရား အတူတူပဲလို့ ခံယူပါတယ်။ ဘယ်ဘုရားရောက်ရောက် ဂေါတမ ဗုဒ္ဓကိုပဲ အာရုံပြုရှိခိုးရတာပဲမဟုတ်လား။

၃။ “ဘုရားစေတီလို့ ခေါ်တဲ့ အုတ်ပုံတွေကို ကိုးကွယ်ရခြင်း"
ဒါကလည်း အပေါ်ကလိုပါပဲ။ အခု မရှိတော့ပေမယ့် သက်တော်ထင်ရှား ရှိခဲ့တဲ့ ဗုဒ္ဓကို ကြည်ညိုလို့ ထုလုပ်ထားတဲ့ ရုပ်ပွားတော် ဆင်တုတော်တွေ ထားရှိကိုးကွယ်ဖို့ ဗုဒ္ဓကို မီးသင်္ဂြိုဟ်တုံးက ကြွင်းကျန်ခဲ့တဲ့ ရုပ်ဝတ္ထုတွေ (ဓာတ်တော်)ကို တည်ထားကိုးကွယ်ဖို့ ဗုဒ္ဓရှိစဉ်တုံးက အသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေကို အဖိုးတန်ပစ္စည်းတွေအဖြစ် သိမ်းဆည်းကိုးကွယ်ဖို့ အတွက် အုတ်ပုံတွေကို စေတီတော်အဖြစ် ဆောက်လုပ်ကိုးကွယ်ကြတာပါ။ ဗုဒ္ဓကို ကျေးဇူးတင် ကြည်ညိုရာကနေ ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေ့အထပဲဖြစ်ပါတယ်။ ဗုဒ္ဓရှိစဉ်အခါကတော့ ဗုဒ္ဓရှိရာကျောင်းတော်ကို သွားပြီး တရားနာ ဖူးမြော်ကြပါတယ်။ အဲဒီတုံးက စေတီဘုရား ရုပ်တုဆိုတာ ဗုဒ္ဓနဲ့ ဝေးကွာတဲ့ အရပ်တွေမှာသာ အနည်းအကျဉ်းရှိတာပါ။ ဗုဒ္ဓမရှိတော့တဲ့ အခါမှာတော့ ဗုဒ္ဓအမှတ်နဲ့ကိုးကွယ်ရအောင် ဗုဒ္ဓရှိနေတဲ့ ကျောင်းတော်အမှတ်နဲ့ သွားရအောင် စေတီဘုရားတွေ ဆောက်လုပ်ကိုးကွယ်လာကြတာပြဲဖစ်ပါတယ်။ ဒီအုတ်ပုံတွေက ပိုမြင့်မြတ်လို့ တန်ခိုးရှိလို့ ကယ်တင်မှာမို့လို့ ကောင်းကျိုးတွေပေးမှာမို့လို့ ကိုးကွယ်ရတာမဟုတ်ပါဘူး။ အဲလိုကိုးကွယ်တယ်ဆိုလည်း ကိုးကွယ်နည်းမှားနေပါပြီ။ သက်မဲ့တွေပဲ ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ ဒါပေမယ့် စေတီပုထိုးတွေသွားရတာနဲ့ အိမ်မှာနေရတာတော့ ငြိမ်းချမ်းမှုခြင်း ကွာပါတယ်။ စေတီပုထိုးတွေသွား ဘုရားတော့ရှိခိုးနေပြီး သီလလည်းမလုံ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်းလည်း မနေတဲ့သူထက် အိမ်မှာနေပေမယ့် မိမိနှလုံးသားထဲမှာ ဗုဒ္ဓကိုကိုးကွယ်ထားပြီး အဆုံးအမအတိုင်းနေတာက ပိုတောင် မြင့်မြတ်အေးချမ်းပါသေးတယ်။

၎။“တောင်းစားတဲ့ ကတုံးတွေကို ကိုးကွယ်ရခြင်း"
သူတို့ပြောချင်တဲ့သူတွေကတော့ ဘုန်းကြီး သံဃာတွေကိုပြောတာပါ။ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ သုံးမျိုးပဲရှိပါတယ်။ ဗုဒ္ဓရယ်၊ ဓမ္မဆိုတဲ့ တရားတော်တွေရယ်၊ သံဃဆိုတဲ့ သံဃာတော်တွေရယ် သုံးမျိုးပါ။ ရတနာသုံးပါးလို့လည်းခေါ်ပါတယ်။ အဲဒီသုံးပါးကိုပဲ ကိုးကွယ်ရင် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ပါပဲ။ ၃၇မင်းနတ် ဦးရှင်ကြီး စတာတွေက ကအလကားပါ။ ကိုးကွယ်ရမယ့် အထဲမပါပါဘူး။ ဗုဒ္ဓကို ဘာလို့ကိုးကွယ်ရသလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတွေကြောင့်ပါ။ ဓမ္မတရားတော်တွေကလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ အဆုံးအမတွေမို့ ကိုးကွယ်ရပါတယ်။ ကိုးကွယ်တယ်ဆိုတာ ထိုင်ရှိခိုးနေရတာ မဟုတ်ပါဘူး။ ရှိခိုးနေရုံနဲ့ကတော့ ဘာမှအကျိုးမရှိပါဘူး။ တရားတော်တွေအတိုင်း လိုက်နာကျင့်သုံးရမှာပါ။ သံဃာတော်တွေကိုတော့ ဒီတရားတွေကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ဗုဒ္ဓရဲ့ တပည့်တွေ ဗုဒ္ဓအဆုံးအမအတိုင်း ကျင့်ကြံပြီး နိဗ္ဗာန်ရောက်ဖို့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမို့ ရိုသေကိုးကွယ်ကြပါတယ်။ သံဃာတော်တွေသာမရှိခဲ့ရင် ဒီတရားတွေကို ခုလို မမှားမယွင်းတည်တံ့နေဖို့ ခဲယဉ်းပါတယ်။ သံဃာတော်တွေက ဗုဒ္ဓရဲ့ တရားတွေကို တည်တံ့ပြီး လူတွေ ယဉ်ကျေးလိမ္မာအောင် ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ဆုံးမဖို့တာဝန်ရှိပါတယ်။ နောက်သူတို့ကိုယ်တိုင်က လောကီဒုက္ခတွေကို ရွံရှာလို့ အကျင့်စင်ကြယ်စွာနေပြီး နိဗ္ဗာန်ရောက်အောင် ကျင့်ကြံကြမှာလည်း ဖြစ်ပါတယ်။ အဲဒီလို လူတွေအတွက် အကျိုးများအောင် ဗုဒ္ဓဟောကြားခဲ့သလို ဆုံးမပေးတဲ့ အတွက် သူတို့မှာလည်း ကျေးဇူးရှိပါတယ်။ အဲဒီကျေးဇူးရှင်တွေကို လောကီထဲကလူတွေက စားဝတ်နေရေး တာဝန်ယူပေးရတာပါပဲ။ ဗုဒ္ဓရဲ့ အလိုကတော့ လူတွေကို အတတ်နိုင်ဆုံး အပူမပေးစေချင်ပါဘူး။ စားတာကိုပဲ လူတွေကို တာဝန်ယူစေပါတယ်။ ဒါကလည်း တစ်ဦးတစ်ယောက်တည်း မဟုတ် တစ်အိမ် ဆွမ်းလေး တစ်ဇွန်းစာလောက်လှူရင်ပဲ သံဃာတော် အတွက်လုံလောက်ပါတယ်။ ဝတ်ဖို့အတွက်လည်း သူများလွှင့်ပစ်ထားတဲ့ ပိတ်စ အဝတ်စ အလောင်းကောင်တွေမှာ ပတ်ထားတဲ့ အဝတ်တွေကိုပဲ စပ်ချုပ် သစ်ခေါက်ရည်ဆိုးပြီး ဝတ်ဆင်စေပါတယ်။ ကျောင်းအတွက်လည်း ထွေထွေထူးထူးမဟုတ် သစ်ပင်ခြေရင်းမှာ အိပ် နေ လည်းဖြစ်ပါသတဲ့။ ဒါပေမယ့် လူတွေရဲ့ သဒ္ဓါတရားကြောင့် လှူဒါန်းမှုကိုလည်း မတားဆီးပါဘူး။ လှူရင်တော့လည်း စားလို့ ဝတ်လို့ နေလို့ရပါတယ်တဲ့။ လူလောကက မိမိအမျိုး မဟုတ်ရင် အလှူမခံရဘူးလို့လည်း သံဃာတွေကို ဆုံးမခဲ့ပါတယ်။ အခုခေတ် လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့ အမျှ သံဃာတော်တွေလည်း လူတွေရဲ့ ကြည်ညိုသဒ္ဓါကြောင့် ကောင်းကောင်းနေရခြင်းပဲဖြစ်ပါတယ်။ ထားရမယ်လေ။ သံဃာတော်တွေက သာသနာတော်ကို စောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေပဲ မဟုတ်လား။ လစာပေးစရာမလို စားဖို့ ဝတ်ဖို့ နေဖို့လောက်ပဲ ပေးရတဲ့ သာသနာ့ ဝန်ထမ်းတွေပေါ့။ ယဉ်ကျေးလိမ္မာ အကျိုးများအောင် ဆုံးမတဲ့ ကျေးဇူးရှင်ဆရာတွေလည်း ဖြစ်တော့ ကိုးကွယ်ရမှာပါပဲ။

၅။ “ဘုန်းကြီးဝတ်သွားသော မိမိသားကို ပြန်ရှိခိုးခြင်း"
ဘုန်းကြီးဝတ်သွားတယ်ဆိုတာနဲ့ သူကရိုးရိုးလူနဲ့ မတူတော့ပါဘူး။ လောကီဒုက္ခတွေကို ကြောက်လို့နိဗ္ဗာန်ကို ရည်မှန်းကျင့်ကြံတော့မှာပါ။ နောက်ဗုဒ္ဓရဲ့ တရားတွေကို လေ့လာမှတ်သားပြီး လောကလူတွေကို လိမ္မာယဉ်ကျေးအောင် ဟောကြားရတော့မှာပါ။ သူဟာ သံဃာတော်တွေ စောင့်ထိန်းကျင့်ကြံရမယ့် သီလ သိက္ခာပုဒ်တွေကိုလည်း စောင့်ထိန်းပြီးနေရတော့မှာပါ။ မည်သို့ပင်ဆိုစေ လောကမှာရှိနေတဲ့ အကုသိုလ်တွေကြားထဲက လူတွေထက်တော့ မြင့်မြတ်သွားတာအမှန်ပါပဲ။ သီလအားနည်းတဲ့ လူအချင်းချင်းတွေ့ရင် အရက်သောက်မယ် မိန်းမပွေမယ်စတဲ့ မကောင်းတဲ့အလုပ်တွေကို တစ်ယောက်ကိုတစ်ယောက် အဖော်ညှိပြီး လုပ်တတ်ကြပါတယ်။ သံဃာတော်ကိုတော့ အဲလိုဘယ်သူမှ မခေါ်ရဲပါ။ ဒီအလုပ်တွေ ညစ်ညမ်းတဲ့ အလုပ်တွေကလည်း သံဃာတော်နဲ့ လားလားမှ မဆိုင်တော့ပါဘူး။ (အခုခေတ် သာသနာ့အရေခြုံပြီး နေတဲ့ ဘုန်းကြီးဆိုးတွေကို မပြောပါ) အဲဒီတော့ မိမိတို့ထက်မြင့်မြတ်သွားတာကြောင့် ကိုယ်မွေးတဲ့သားဖြစ်လည်း ရှိခိုးဦးချ အရိုအသေပေးရတာပါပဲ။ လူဖြစ်အောင်မွေးပေးခဲ့တဲ့ လူ့တစ်သက်တာ ကောင်းစားအောင် ဆုံးမထိန်းကျောင်းခဲ့တဲ့ ကျေးဇူးထက် သံသရာမှာကောင်းစားအောင် သံသရာပြတ်အောင် ထိန်းကျောင်းပေးမယ့် ကျေးဇူးကပိုကြီးလိုပါပဲ။ မိမိမယား သီလရှင်ဝတ်သွားပြီး မိမိက ပြန်ရှိခိုးရတာလည်း ဒီသဘောပါပဲ။ လက်ရှိအချိန် ကိုယ်မလုပ်နိုင်သေးတာကို လုပ်နေတဲ့သူကို ရိုသေလေးစားတာပါပဲ။

ဒါတွေက ကျွန်တော်သိတဲ့ ထေရဝါဒဗုဒ္ဓဘာသာပါပဲ။ ဘာသာခြားများ ဗုဒ္ဓဘာသာအပေါ်အမြင်ရှင်းပါစေ။ ဗုဒ္ဓဘာသာကို နည်းနည်းလောက်အချိန်ပေးပြီး လေ့လာကြည့်ပေးပါ။ ကျွန်တော်က မိတ်ဆက်ရုံဆက်ပေးခြင်းဖြစ်ပါတယ်။့



From: ကောင်းမြတ်ဇော်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...